Sunday, November 12, 2017

Good Attitude.ရေးသူ ဒေါက်တာ ဖြိုးသီဟ Phio Thiha . . ရှယ်သူ မခင်ဆွေဦး 84Civil Engr, MOGE .


. ဒီစာစုလေး“မိန်းကလေးငယ်များနဲ့ Window seat”ကိုဖတ်လိုက်ရတော့
ကျမဘ၀ရဲ့ထက်ဝက်ကျော်ကျော် ၀န်ထမ်းဘ၀မှာဘယ်ဌာနမှမပြောင်းဘဲသစ္စာရှိစွာ၃၃နှစ်ကျော်အချိန်ပေးပြီးမျှော်လင့်ချက်ဖြင့်
ကြိုးစားခဲ့ပြီးမှရလာခဲ့တဲ့ Window seat လက်မှတ်လေးဟာ နောင်ခံအင်အားတောင့်တင်းတဲ့ယောကျာင်္း
တစ်ယောက်ထိုင်နေပြီမို့ စာထဲကsecret superstarလို
မိန်းကလေးမို့အနိုင်ကျင့်ခံရတာဆိုပြီးဘဲ သတ္တိရှိရှိရဲဝင့်စွာ မိမိအခွင့်အရေး ကိုတိုက်ယူရမလားxxxxxxx
ဒါမှမဟုတ် လို့ ဗုဒ္ဓဘာသာ အယူအဆအရ ကံအကျိုးပေးအတိုင်းစွန့်လွှတ်သည်းခံရင်းနဲ့
ဝန်ထမ်းဘ၀ဒါနဲ့ဘဲအရှုံး နဲ့ အဆုံးသတ်လိုက်တာဘဲကောင်းမလားဆိုတဲ့အတွေးxxxxxxxxxxx
======================
ဒီနေ့ မရည်ရွယ်ထားဘဲနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ်။ Secret superstar ဆိုတဲ့ ဘောလီးဝုဒ်ဇာတ်ကားလေးပါ။ အစကတော့ အဆိုတော် တအားဖြစ်ချင်တဲ့ ကောင်မလေးကို သူ့မိဘက ပိတ်ပင်တဲ့ မိဘနဲ့သားသမီးကြားက ဇာတ်လမ်းလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းက အိန္ဒိယလူနေမှုစနစ်ရဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံမှုအကြောင်း ရိုက်ထားတာဖြစ်နေတယ်။ ဇာတ်ကားက ကောင်းလိုက်တာ၊ ကောင်းလိုက်တာ ဆိုတာလေ ကြည့်နေရင်းနဲ့တောင် မျက်ရည်ဝဲမိတဲ့အထိပဲ။ လောလောလတ်လတ်မှ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ဆောင်းပါးရေးထားတာဆိုတော့ ပိုပြီး ရင်ထဲထိသွားတယ် ထင်ပါတယ်။
အဲဒီမင်းသမီးလေးက အဆိုပညာမှာ ပါရမီပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေအောက်က မိန်းကလေး ဖြစ်နေတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ခွင့်မရှိဘူး။ ပထမဆုံးအခန်းမှာ သူ လေ့လာရေးခရီးကနေ ပြန်လာတော့ သူ့အမေက လာကြိုတယ်။ မျက်လုံးတစ်ဖက်က ဖူးရောင်လို့။ သူ့အဖေ နှိပ်စက်ထားတာ။
အစားအသောက်မှာ ဆားပေါ့နေတာ၊ သူ ခရီးသွားဖို့ကို အထုပ်အပိုး ပြင်မထားတာလေးတွေကအစ သူ့အမေကို နှိပ်စက်တယ်။ အခိုင်းအစေတစ်ယောက်လို ဆက်ဆံတယ်။ ယောကျာ်းဆိုတာ မိန်းမကို ဆုံးမခွင့်ရှိတယ်ဆိုတဲ့ အယူအဆမျိုး ရှိထားတယ်။ တစ်အိမ်လုံးမှာ သူအလေးထားတာဆိုလို့ သူ့သားပဲရှိတယ်။ သမီးဖြစ်သူကိုလည်း တစ်ချိန်ကျ သူများလက်ထဲ ထည့်ပေးလိုက်ရမယ့်သူ ဆိုတာလောက်ပဲ သဘောထားတယ်။ အသက်ငယ်ငယ်နဲ့ ယောကျာ်းအတင်းပေးစားဖို့ လုပ်တယ်။ ကိုယ်ဝန်ရှိတုန်းကတောင် သမီးမိန်းကလေးမှန်း သိလို့ ဖျက်ချဖို့ပြောခဲ့တဲ့သူ၊ အမေက အတင်းအတိုက်အခံလုပ်လို့သာ သူ လူဖြစ်လာခဲ့တာ။ သူဝါသနာပါတဲ့ သီချင်းဆိုခွင့်ကိုလည်း မပေးဘူး။ စာမေးပွဲအမှတ်နည်းလို့ဆိုပြီး သူအင်မတန်မြတ်နိုးတဲ့ ဂစ်တာကိုတောင် မညှာမတာ ဖျက်ဆီးပစ်တဲ့ အဖေမျိုး။
သူ့အမေကတော့ တကယ့်ကို ပုံစံခွက်ထဲက အမျိုးသမီး။
ယောကျာ်းပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေတယ်။ နှိပ်စက်သမျှခံတယ်။ ဘာမှမလုပ်တတ်၊ မကိုင်တတ်၊ မပြောရဲ၊ မဆိုရဲ။ ဒီလိုနှိပ်စက်မှုတွေက သူ့အတွက် သမားရိုးကျလိုကို ဖြစ်နေတယ်။ ယောကျာ်းနဲ့လည်း မကွာရှင်းရဲဘူး။ ဘာလို့ဆိုတော့ သူ့ယောကျာ်းအပေါ်မှာ ငွေကြေးအရ မှီခိုနေရတာကိုး။ တခြားအလုပ်မပြောနဲ့၊ ကွာရှင်းစာချုပ်ကိုတောင် သူမဖတ်တတ်ဘူးလေ။ ဒီတော့ သူတစ်ယောက်တည်း သမီးနဲ့သားကို ဦးဆောင်ဖို့ရာ သတ္တိမရှိဘူး။ သူတင်မကဘူး၊ သူ့သမီးကိုလည်း ဒီဘောင်ထဲကနေ ထွက်ခွင့်မပြုဘူး။ သူပြောတဲ့စကားလေး ရင်ထဲထိတယ်၊ “သမီး အမေ့ဆီကနေတော့ ဘာမဆို တောင်းဆိုနိုင်တယ်၊ ဒါပေမယ့် လောကကြီးဆီကတော့ မရဘူး” တဲ့။ သတ်မှတ်ချက်တွေကို လွန်ဆန်ုလို့မရနိုင်ကြောင်း သမီးကို ဆုံးမတာ။
နောက်တော့ သူ့အဖေက ဒီနိုင်ငံကနေ ထွက်ပြီး ဆော်ဒီမှာ အခြေချဖို့ စီစဉ်တယ်။ ဒါဆို အဆိုတော်တစ်ယောက်ဖြစ်ရေး အိပ်မက်ကလည်း အပြီးအပိုင် ပြီးဆုံးသွားပြီ။ ဒီတော့ ဘယ်လိုမှလက်မခံနိုင်ဘူး။ အိမ်ကနေ ထွက်ပြေးဖို့လုပ်တယ်။ မွမ်ဘိုင်းမှာ ရှိနေတဲ့ အဆိုတော် Khan နဲ့ ဆက်သွယ်တယ်။ သူ့အရည်အချင်းကို သိထားတဲ့ Khan က သီချင်းကိစ္စအတွက် မွမ်ဘိုင်းကို လေယာဉ်နဲ့လာခဲ့ဖို့ခေါ်တယ်။
အဲဒီမှာ ပြသွားတာလေး တအားလှတယ်။ ဒီခရီးကို သွားရမယ်ဆိုတော့ သူက သူ့သူငယ်ချင်းကိုပြောတယ်၊ 'ငါ လေယာဉ်တစ်ခါမှ မစီးဖူးဘူး' ဆိုတော့ သူ့သူငယ်ချင်းက အသေးစိတ် မှာလိုက်တယ်။ အဲဒီထဲက တစ်ခုက လေယာဉ်လက်မှတ်ဖြတ်ရင် Window seat (ပြတင်းပေါက်ဖက်က ခုံ) ကို ယူဖို့။ အဲဒီကနေ အပြင်ကို ကြည့်လိုက်ရင် ခုကြုံနေရတာတွေဟာ ဘာမှမဟုတ်တော့ဘူး ဆိုတာ သဘောပေါက်သွားလိမ့်မယ် တဲ့။
ပိုလှတာက အဲဒီခုံမှာ ယောကျာ်းကြီးတစ်ယောက်က အရင်ထိုင်နှင့်နေတယ်။ သူက 'ဒါ သမီးခုံ၊ ဖယ်ပေးပါ’ ဆိုတော့ ‘ခရီးက ခဏလေးပဲ၊ အဆင်ပြေတဲ့နေရာ ထိုင်လိုက်ပါ’ ဆိုပြီး ပြန်ပြောတယ်။ ကောင်မလေးက မရမက ပြောတော့မှ ဖယ်ပေးတယ်။ ဒီတော့မှ ကောင်မလေးလည်း Window seat မှာ ထိုင်ခွင့်ရပြီး လောကကြီးကို ကြည့်ခွင့်ရသွားတယ်။
ဆိုလိုတာက မိန်းကလေးတွေ အမြင်ကျယ်ဖို့လိုတယ်။ ဒီလိုနေရာတွေကို ယောကျာ်းတွေကပဲ ယူထားကြတယ်။ အဲဒါကိုလည်း သူတို့က သာမန်လိုပဲ သဘောထားကြတယ်။ လာတောင်းဆိုရင် ကန့်ကွက်တယ်။ ငြင်းလွှတ်တယ်။ ဒါပေမယ့်လည်း တောင်းဆိုရမယ်၊ တိုက်ယူရမယ်၊ ငြိမ်မနေနဲ့။ ဒီတော့မှ ကိုယ့်အခွင့်အရေး ကိုယ်ရမယ် ဆိုတာကို Window seat လေးနဲ့ ပြသွားတာ သိပ်လှတယ်။
နောက်ဆုံး အဖေကို မလွန်ဆန်နိုင်တော့တဲ့အခါမှာ ဆော်ဒီကို သွားရတော့မယ်။ အိမ်က ထွက်လာကြတယ်။ သူတို့မြို့ကနေ မွမ်ဘိုင်းကို သွားဖို့ လေဆိပ်ရောက်တယ်။ Check in ၀င်ဖို့ တန်းစီနေတုန်း သူ့အဖေက အိမ်သာသွားတယ်။ အဲဒီအချိန်မှာ ကောင်တာက လှမ်းခေါ်တော့ သူ့အမေက ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ ဘာလို့ဆိုတော့ တစ်သက်လုံး ယောကျာ်းအပေါ် မှီခိုလာတာကိုး။ သူ့ယောကျာ်း အိမ်သာသွားနေလို့ ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ ဖြေတယ်။ အဲဒီအချိန်မှာ သမီးလေးက ရဲရဲတင်းတင်းနဲ့ ဘယ်နှခုံတွဲလျက် လိုချင်တယ်၊ Window seat လိုချင်တယ် စသဖြင့် ပြောသွားတယ်။ အဖေ အိမ်သာက ပြန်လာတော့ အကုန်ပြီးနေပြီ။ သူ့အဖေကိုယ်တိုင်လည်း အံ့သြသွားတယ်။
လေယာဉ်ပေါ်ရောက်တယ်။ သူတို့ခုံဖြစ်တဲ့ Window seat မှာ ယောကျာ်းတစ်ယောက်က ထိုင်နေပြန်ရော။ အဲဒါကို သမီးဖြစ်သူက ရဲရဲဝံ့ဝံ့ နေရာဖယ်ပေးဖို့ပြောတော့ အမေမှာ ပါးစပ်အဟောင်းသား။ သူ့သမီးလေးက သူ့ထက်အပုံကြီး ထက်မြက်နေတာကို တွေ့လိုက်ရတာကိုး။ ပြောရရင် အမြင်ကျယ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူကိုယ်တိုင် မြင်လိုက်ရပြီ။
ဒီကားကို ကြည့်ပြီး ရင်ထဲမှာလည်း နင့်နေအောင် ခံစားရသလို၊ ခေါင်းထဲမှာလည်း အတွေးပေါင်းစုံပေါ်လာတယ်။
အရင်ဆုံး ကျွန်တော်တို့ ယောကျာ်းတွေကနေ စရအောင်။
မင်းသမီးလေးက သူ့အမေရယ် သူရယ် ထွက်သွားကြမယ်၊ သူ့မောင်လေးကိုတော့ ထားခဲ့မယ်၊ သူ့ကို အဖေက ချစ်တာပဲ ဆိုပြီးပြောတော့ သူ့အမေက ပြန်ပြောတယ်။ ထားခဲ့လို့မရဘူး တဲ့၊ ထားခဲ့လိုက်ရင် သူ့သား ကြီးလာတဲ့အခါ သူ့အဖေလိုလူစားမျိုးပဲ ဖြစ်လာလိမ့်မယ် တဲ့။ ဆိုလိုတာက အဖေက အမေကို ဘယ်လိုဆက်ဆံသလဲဆိုတာ သားသမီးတွေအတွက် သိပ်အရေးကြီးတယ် ဆိုတာပဲ။ မိန်းမကို နှိပ်စက်ရတာ၊ ကိုယ့်ထက် အားနည်းသူကို အနိုင်ယူရတာကို ဂုဏ်တစ်ခုလို လုပ်နေတဲ့အဖေရဲ့ သားဟာ ကြီးလာတော့လည်း ဒီလိုအဖေမျိုးပဲ ဖြစ်လာဖို့ ရာခိုင်နှုန်းများတယ်။
ကျားမအခြေပြု အကြမ်းဖက်မှုတွေအကြောင်း ပြောရင် မိန်းကလေးကိုပဲ ပြောမိတတ်ကြတယ်။ ဆုံးမမိတတ်ကြတယ်။ တကယ်တာဝန်ရှိတဲ့ ယောကျာ်းလေးတွေကိုတော့ ဘာတွေများ ပြောမိကြလို့လဲ။ မပြောမိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ယောကျာ်းတွေအနေနဲ့ ကိုယ့်ထက်ခွန်အားနည်းတဲ့သူကို အနိုင်ယူရတာဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ ခံယူတတ်ဖို့ လိုပါတယ်။
နောက်တစ်ခုက မိန်းကလေးတွေ။
ကျွန်တော်တို့ ဟိုနေ့က ကရင်ပြည်နယ်ဘက်ကို သွားတယ်။ ဟောပြောပွဲလာတက်ကြတော့ ယောကျာ်းလေးတွေက ခေါင်းတမော့မော့၊ ရင်တကော့ကော့၊ မိန်းကလေးတွေကျတော့ အားလုံးက ခေါင်းလေးတွေ ငုံ့လို့။
တစ်ခါက ကိုယ်ဝန်တားနည်းသုံးသွားတဲ့ အမျိုးသမီးတစ်ယောက် ၂ ရက်လောက်နေတော့ ဆေးခန်းကို ပြန်ရောက်လာတယ်။ မျက်နှာမှာ ဖူးရောင်လို့။ ယောကျာ်းက 'နင် ငါ့နောက်ကွယ်မှာ လင်ငယ်နေချင်လို့ ဒါတွေသုံးလာတာလား' ဆိုပြီး ရိုက်သတဲ့။ အဲဒါကို သူက ဘာပြောလဲဆိုတော့ 'ကိုယ့်ယောကျာ်းက ကိုယ့်ကိုချစ်လို့ဆုံးမတာပါ' တဲ့။
ဆိုလိုတာက အစဉ်အလာသတ်မှတ်ချက်တွေအောက်မှာ မိန်းကလေးတွေက အသားသေသွားတယ်။ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲတွေ ဖြစ်ကုန်တယ်။ ပညာမတတ်ဘူး။ အမြင်မကျယ်ဘူး။ စီးပွားမရှာတတ်ဘူး။ ဒီတော့ ၀င်ငွေအရ မှီခိုနေရတယ်။ သူပြုသမျှ နုရတယ်။ ကိုယ့်အခွင့်အရေး ချိုးဖောက်ခံနေရတာတောင် သာမန်ပဲလို့ ထင်တယ်။ အဖွားတုန်းကလည်း ဒီလိုပဲ၊ အမေတုန်းကလည်း ဒီလိုပဲ။
လေးစားရတဲ့ ဆရာစိုးလွင်ရဲ့ စကားနဲ့ပြောရရင် မိန်းကလေးတွေရဲ့အဖြစ်က မျက်စိကို အ၀တ်နဲ့ စည်းခံထားရသလိုပဲ။ ဒီတော့ ချောက်ရှိနေတာလည်း မသိဘူး။ ဘေးပတ်ပတ်လည်မှာ သားရဲတွေ ၀ိုင်းနေတာလည်း မတွေ့ဘူး။ တစ်ယောက်ယောက်က စကားလှလှလေး ပြောလိုက်တာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားတယ်။ ယုံကြည်တယ်။ သူတို့တင်မဟုတ်ဘူး၊ ကလေးတွေပါ ချောက်ထဲပါသွားတယ်။ အကျိုးဆက်အနေနဲ့ မိခင်သေနှုန်းမြင့်တယ်။ ကလေးသေနှုန်း မကျဘူး။ လိင်မှုဆိုင်ရာ အကြမ်းဖက်တာတွေ မရပ်ဘူး။ လူကုန်ကူးခံရတာတွေ၊ ရောင်းစားခံရတာတွေ မပပျောက်ဘူး။
ဒါကြောင့် သူတို့တွေကို အမြင်ဖွင့်ပေးဖို့ လိုတယ်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကူညီပေးကြဖို့ လိုတယ်။
ပြောရရင် Window seat မှာ ထိုင်ခွင့်ပေးကြပါ။ လောကကြီးကို ကြည့်ခွင့်ပေးကြပါ။
မိန်းကလေးတွေအနေနဲ့လည်း တစ်ယောက်ယောက်ကများ အဲဒီနေရာမှာ ထိုင်နေရင် အလွယ်တကူ လက်သင့်မခံပါနဲ့။ ရဲရဲတင်းတင်းနဲ့ နေရာဖယ်ပေးခိုင်းလိုက်ပါ။
ဒါမှသာလျှင် ကျားနဲ့မ ဟန်ချက်ညီတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၃.၁၁.၂၀၁၇
Phio Thiha
#ACM

No comments:

Post a Comment