Wednesday, September 26, 2018

လေးစား အာကျစရာ နှလုံးလှ ဆရာဝန် တဦး ဘဝ ခရီး (ပင်တယမီးအိမ်)



လေးစား အာကျစရာ နှလုံးလှ ဆရာဝန် တဦး ဘဝ ခရီး ကို အံ့သြ မှတ် တမ်း တင်ပါတယ်။.
...မြောင်းမြမြို့ ဧရာဝတီတိုင်း က ရှမ်း ပြည် တောင်ပိုင်း ပင်းတယမြို့ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တဦး ၇နှစ် တာ မှတ်တမ်း တိုလေးပါ။ ပင်းတယမြို့နယ် လယ်ယာ လုပ်ကိုင်သူ အများစု တိုက်.သွတ်မိုး တွေနဲ့ ၇နှစ် အတွင်း တိုးတက်နေတာ မြင်ခဲ့ ရ တော့ စစ်တပ် နဲ့ လက်နက်ကိုင် တပ် တွေ မရှိတဲ့ ဓနု ကိုယ်ပိုင် အုပ်ချုပ် ရေး နယ်မြေ ဖြစ်ပါတယ်။ ဒီလို လူမျိုး တွေ ရှိတဲ့ ဒေသတွေ တိုးတက်မှာပါ။
.
Written by Than Min Htut
ခုနစ်နှစ် အလွန်။
ဟိုးလွန်ခဲ့တဲ့ (၇)နှစ် နံနက် (၅)နာရီ အချိန်မှာပေါ့။ ပင်းတယဆေးရုံကို ကျွန်တော် စရောက်ခဲ့ပါတယ်။ ကြက်ဆူတွေ ချုံထလို့ ၀င်ပေါက်တောင် မမြင်ရတဲ့ဆေးရုံ၊ ၀င်ပေါက်ပျောက်နေလို့ မနည်းရှာရတဲ့ ဆေးရုံ၊ အတွင်းလူနာ(၅)ဦးနဲ့ (၁၀)ဦးသာ ရှိနေခဲ့တဲ့ ဆေးရုံ၊ မိုးရွာရင် လူနာတွေ ကုတင်ပတ်ပတ်လည်မှာ ရေခွက်လေးတွေ ခံထားရတဲ့ ဆေးရုံ၊ အခုတော့ ဒါတွေ အားလုံး အိပ်မက်ကမ္ဘာမှာ ဝေး -- ဝေး-- ဝေးလို့ ကျန်နေခဲ့ပါပြီ။
(၇)နှစ်တာ ကာလ သမင်လည်ပြန်ကြည့်လိုက်တော့-
.
(၁) အခမဲ့ ဆေးကုခရီးများ။
ခုနစ်နှစ်အတွင်းမှာ အခမဲ့ ဆေးကုခရီးပေါင်း (၂၇၉)ကြိမ် ကျန်းမာရေး ဟောပြောပွဲ တက်ရောက်သူပေါင်း (၄၉၉၆၃)ဦးကို ကျန်းမာရေး ဟောပြောခဲ့ပြီး လူနာပေါင်း ၅၁၄၉၁ ဦးကို အခမဲ့ ဆေးကုပေးနိုင်ခဲ့ပါတယ်။ ကားစီးလို့ရရင် ကားစီး၊ ကားမရရင် ထော်လာဂျီစီး၊ မရရင် ဖိနပ်ခါးကြားထိုး လမ်းလျှောက်ပြီး ဆေးကုထွက်ခဲ့ရတာပါ။
လူနာမလာနိုင်ရင် ငါတို့ ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်နဲ့ တောတွေ တောင်တွေထဲ ခက်ခက်ခဲခဲ လိုက်ပါခဲ့တဲ့ တပည့်တွေ အားလုံးကို ဦးညွတ်ဂုဏ်ပြုပါတယ်။
.
(၂)ဆေးရုံလူနာအခြေအနေ။
ကျွန်တော် ရောက်ခါစ ၂၀၁၁ မှာ အတွင်းလူနာ (၅)ဦးကနေ (၁၀)ဦးသာ ရှိရာကနေ အခုအခါ အတွင်းလူနာ (၈၀)ကနေ (၁၀၀)အထိ တိုးတက်လာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ အတွင်းလူနာ စုစုပေါင်း ၁၀၁၄ ဦး ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ အတွင်းလူနာ ၆၄၆၇ ဦးအထိ (၆)ဆ တိုးတက်လာခဲ့ပါတယ်။
ပြင်ပလူနာ အနေနဲ့ ကြည့်ရင်လည်း ၂၀၁၁ မှာ ၃၉၆၄ ဦး ရှိရာကနေ ၂၀၁၅ မှာ ၃၉၅၅၉ ဦးအထိ (၁၀)ဆ နီးပါး တိုးတက်လာခဲ့ပါတယ်။ မကြာခင်လည်း ကုတင်(၁၀၀)အဆင့် ဖြစ်ဖို့ ကြိုးစား နေပါပြီ။ ဒီလူနာတွေကို လက်ထောက်ဆရာဝန် (၂)ဦးနဲ့ နေ့မအိပ် ညမနား စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ ပင်ပန်းပေမယ့် အားလုံး အပြုံးမပျက်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ကြပါတယ်။
ကျွန်တော်တို့ အယူအဆကတော့ “The best medicine in the world is SMILE.” ပါပဲ။
.
(၃) အဆောက်အအုံ အခြေအနေ။
ခုနစ်နှစ်အတွင်းမှာ ဆေးရုံဝင်းထဲမှာ ခွဲစိတ်ခန်းမကြီး၊ အစည်းအဝေးခန်းမ၊ လူနာဆောင် (၂)ဆောင်၊ ဆရာဝန်နေအိမ် (၂)လုံး၊ လေးခန်းတွဲ ဆရာမနေအိမ် (၂)လုံး၊ (၆)ခန်းတွဲ ဆရာမနေအိမ် (၁)လုံး၊ ဆေးစတို၊ မိခင်ကလေး အဆောက်အအုံတို့ကို အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်ခဲ့ပြီး လူနာစောင့်နားနေဆောင်၊ ဓါတ်ခွဲဆောင်၊ သရဏဂုံတင်ဇရပ် တို့ကို အများပြည်သူ အလှူငွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ စုစုပေါင်း (၁၄)ဆောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။  ၂၀၁၇ မှာ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းအတွက် နှစ်ထပ်ရုံးတစ်ရုံးကို ငွေကျပ် (၁၆၅)သိန်းကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
 ပင်းတယမြောက်ဖျားက မိုင်းအင်ကျေးရွာမှာ ခန့်ခန့်ထည်ထည်ရှိလှတဲ့ မိုင်းအင်တိုက်နယ်ဆေးရုံသစ်ကြီးကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ မကြာတော့သောကာလမှာ ပင်းတယဆေးရုံမှာ လေးခန်းတွဲ လေးထပ် ၀န်ထမ်းအိမ်ရာဆောင်နဲ့ နှစ်ထပ်လူနာဆောင်တွေလည်း ပေါ်ပေါက်လာပါတော့မယ်။
.
(၄) ပြည်သူ့ကျန်းမာရေး အဆောက်အအုံများ။
ခုနစ်နှစ်ကာလအတွင်းမှာ ထယ်သွန်းကျေးလက်ကျန်းမာရေးဌာန၊ သပြေကုန်း၊ ညောင်ကောက်၊ တောင်ရွှေပုထိုး၊ မိုင်းလီ၊ အင်းငယ်ရွာတွေမှာ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို ဘက်ဂျက်နဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
အလှူခံ ဆောက်လုပ်ခဲ့တာတွေကတော့ လင်းလေအင်း၊ အုံအက်၊ ကံလှကုန်း၊ ကြံခင်းမြောင်၊ ဆီးကျအင်း၊ ကျောက်စု၊ ပင်ပျော်မြေခြား၊ အိမ်ပု၊ ထွက်နီ၊ ဖောင်းပြား၊ ၀ါးပြား၊တံတားကြီး၊ သစ်အယ်ပင်  ရွာလေးတွေမှာ ကျေးလက်ဆေးပေးခန်း (၁၃)ခုကို အလှူခံ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ မူလရှိပြီိးသားဖြစ်တဲ့ ကျားကုန်း၊ စံသီးကုန်း၊ တမဲ၊ မြောခြားချိုင့်၊ မြေခြားမြောက် ၊ ကိုးလုံး စုစုပေါင်း (၆) ရွာနဲ့ေ ပါင်းရင် ရွာတွေမှာ ကျေးလက်ဆေးပေးခန်း အားလုံးပေါင်း (၁၉)ခု ရှိနေပါပြီ။
အဲဒီရွာလေးတွေမှာ အပိုဆောင်း သားဖွားဆရာမတွေ၊ ကျန်းမာရေးကြီးကြပ်(၂)တွေ နေထိုင်စေခဲ့တဲ့အတွက် ပြည်သူတွေအတွက် “ကျန်းမာရေး မဝေးတော့“တဲ့ အခြေအနေကို ဖန်တီးပေးနိုင်ခဲ့ပါပြီ။.
.
(၅) မူလတန်းကျောင်းများ ဆောက်လုပ်ခြင်း။
ရွာတွေလှည့်ဆေးကုရင်း ကျောင်းမရှိတဲ့ ရွာလေးတွေ တွေ့ပြန်တော့ စိတ်မကောင်းဖြစ်တာနဲ့ မူလတန်းကျောင်းလေးတွေ ဆောက်ဖြစ်ပြန်ပါတယ်။ ဒီလိုနဲ့ ပါးမဲ၊ နွားကွေ့၊ ကုန်းစောင်းပင်စိမ်းပင်၊ ကျောက်ပလ္လင်ရွာ၊ ညောင်ဝန်း၊ ပြင်သာ၊ ဇော်ဂျီ၊ ဆီးကျအင်း၊ ပြင်ရွာ (မြောင်းမြမြို့နယ်)၊ ညောင်ကုန်းပင်စိမ်းပင်နဲ့ ကျောက်စုကိုးလုံးရွာတွေမှာ  စုစုပေါင်း (၁၁)ကျောင်း တန်ဖိုးငွေ သိန်း(၂၂၀၀)ကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းခုနစ်ကျောင်းအတွက် ဆရာမလခ တစ်နှစ်စာ သိန်း(၁၄၀)ကို အလှူခံပြီး ဆောင်ရွက်လျက် ရှိပါတယ်။
ရိုးသားတဲ့ တိုင်းရင်းသားတွေ တိုးတက်ဖွံ့ဖြိုးဖို့ ပညာရေးဟာ အခြေခံ ဖြစ်တယ်လို့ ယူဆထားတာကြောင့်လည်း ကိုယ်နဲ့သိပ်မဆိုင်တဲ့ ကျောင်းဆောက်ခြင်းလုပ်ငန်းတွေ လုပ်ဖြစ်နေတာပါ။ တိုင်းရင်းသားတွေ ပညာတတ်မှ လူနေမှုဘ၀ မြင့်တက်မယ်လို့ ခံယူမိလို့ပါ။
.
(၆) ဓနုမြေ ဘိုးဘွားရိပ်သာ။
တစ်ခါက ရွာတစ်ရွာကို ဆေးကုထွက်ရင်း  တစ်ယောက်ထဲနေရင်း အာဟာရပြတ်သေဆုံးသွားတဲ့ အမေအို တစ်ယောက်ကို တွေ့ရှိခဲ့ရာကနေ ၂၀၁၅ ဇန်န၀ါရီ (၂၀)ရက်မှာ ပင်းတယရဲ့ ပထမဆုံး ဓနုမြေ ဘိုးဘွားရိပ်သာကို ထူထောင်နိုင်ခဲ့ပါတယ်။ အခုဆို ဘိုးဘွား (၂၆)ဦး၊ ၀န်ထမ်း (၅)ဦးနဲ့ အောင်မြင်စွာ လည်ပတ်နေပါပြီ။ ဘဏ်စာအုပ်ထဲမှာလည်း အလှူငွေသိန်း(၅၀၀)ကျော် ရရှိနေပြီ ဖြစ်ပါတယ်။
.
(၇) ရေရရှိရေး ဆောင်ရွက်ခြင်း။
ပင်းတယမှာ အ၀ီစိတွင်း မတူးနဲ့၊ ရေမထွက်ဘူး ဆိုတဲ့ အစဉ်အလာကြီးကို ကျွန်တော် ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အခုဆို ပင်းတယဆေးရုံ (၂)တွင်း၊ ထွက်နီရွာ၊ တပ်ကြီး၊ ကုန်းသာ၊ တာတိုင်၊ အိမ်ပု၊ မိုင်းအင်၊ သပြေကုန်း၊ တောင်ရွှေပုထိုး၊ ကျောက်ပလ္လင်၊ ရေဖြူအလယ်ရွာ၊ လင်းလေအင်း၊ ရေချမ်းစင်၊ ရေဖြူကျောက်တော၊ သရက်ကုန်း (တောင်)ရွာ၊ ထယ်သွန်းရွာ၊ကျားကုန်းရွာ (၂)တွင်း၊ ခံတောင်အပေါ်ရွာ၊ ကျောက်စုရွာ၊ ပြင်သာရွာ၊ ဘိုးဘွားရိပ်သာ၊ မြောက်သရက်ကုန်း၊ ရှားပြား၊ ၀ါးပြား၊ ၀ါတရာ၊ မဲနယ်တောင်၊ တောင်ပု၊ အိုးကုန်း၊ ပိန္နဲကုန်း (၂)တွင်း၊ ရေဖြူ ညောင်ပင်ဝိုင်း၊ညောင်ကုန်း ပင်စိမ်းပင်၊ မိုင်းလီ၊ ပန်းမက်ရွာလေး (၃၆)ရွာမှာ ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး (၃၄)ရွာ အောင်မြင်ခဲ့ပါတယ်။
ပင်းတယမှာ လူမှုတိုးတက်စေဖို့ ရေရရှိရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း ရေရအောင် အလှူရှင်တွေအားနဲ့ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်။
.
(၈) လမ်းဖောက်လုပ်ခြင်း။
ရွာတွေဆင်းဆေးကုရင်း ခက်ခဲလှတဲ့ မြေပြိုရွာလေးအတွက် (၃)မိုင်ဝေးတဲ့ လမ်းကို ဒေသဦးစီးက ယန္တရား လှူ၊ ကျောက်တောင်တွေကို မိုင်းခွဲ အလှူငွေတွေကို အလှူခံပြီး လမ်းဖောက်ပေးနိုင်ခဲ့ပါတယ်။
.
(၉) ပုန်းတလုတ်ကန်ဆယ်ယူခြင်း။
၂၀၁၅ နွေရာသီမှာ အယ်နီညိုရာသီဥတုကြောင့် ပုန်းတလုတ်ကန် ရေခမ်းခဲ့ရပါတယ်။ ရေခန်းနေတဲ့ ပုန်းတလုတ်ကန်ကို ကြည့်ပြီး ပင်းတယသူ ပင်းတယသားတွေနဲ့အတူ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ပဲ ပုန်းတလုတ်ကန်ဆယ်ယူရေးလုပ်ငန်းကို ၂၀၁၅ ဧပြီလကနေ စတင်ကျင်းပခဲ့ရာမှာ မြေကျင်းပေါင်း (၁၁၀၀၀)ကို တူးထုတ်နိုင်ခဲ့ပါတယ။် နောင်အခါ ဒီလိုအဖြစ်မျိုးကြုံ၇င် ရေပြန်ခမ်းမှာစိုးလို့ (၃)မိုင်ကွာဝေးတဲ့ ဇော်ဂျီရေထွက်ကနေ ပုန်းတလုတ်ကန်ထဲကို (၆)လက်မပိုက်တွေနဲ့ အဆင့်ဆင့်သွယ်၊ မြင်းကောင်ရေ (၁၅၀)အား မော်တာကြီး (၂)လုံးနဲ့ ရေတွေကို တွန်းပြီး ပုန်းတလုတ်ကန်ရေ ဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဇော်ဂျီရေထွက်အထိ မီးလိုင်းကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ အလှူခံပေးခဲ့ပါတယ်။ KBZ ဘဏ်ကလည်း အလှူငွေသိန်း(၇၀၀) ထည့်ဝင်ပေးခဲ့လို့ ၂၀၁၇ ဖေဖော်ဝါရီမှာ ပုန်းတလုတ်ကန် ရေအောင်ပွဲကို ဆင်နွှဲနိုင်ခဲ့ပါပြီ။ ကုန်ကျငွေပေါင်း သိန်း(၂၄၀၀) ဖြစ်ပါတယ်။
.
(၁၀) မီးအိမ်ရှင်စာကြည့်တိုက် ထူထောင်ခြင်း။
၂၀၁၆ နိုဝင်ဘာ (၁၀)ရက် ကျွန်တော့်ရဲ့ မွေးနေ့မှာ ပင်းတယအတွက် ပြည်သူ့ဂုဏ်ရည် မီးအိမ်ရှင်စာကြည့်တိုက်ကို  ထူထောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရတဲ့ ဆုငွေသိန်း(၁၀၀)ကို အခြေခံပြီး ထူထောင်ခဲ့တာပါ။ အခုအခါ စာကြည့်တိုက်မှာ စာအုပ်ပေါင်း (၁၃၀၀၀)ကျော် ရှိနေပါပြီ။ တစ်လကို စာငှားသူ (၇၀၀)ကျော်နဲ့ စာပေဗဟုသုတတွေ ဖြန့်ဝေနေဆဲပါ။
(၁၁) ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင် ကမ္ဘာကို ကြေညာခြင်း။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ရွှေဥမင်ဒေသကို (၆.၈.၂၀၁၇)နေ့မှာ ကမ္ဘာကို ကြေညာနိုင်ခဲ့ပါတယ်။ ပရဟိတအဖွဲ့ (၂၁)ဖွဲ့က လူငယ်(၂၀၀၀)ကျော်ဟာ (၂)နှစ် နီးပါး အပင်ပန်းခံ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
.
(၁၂) မြန်မာပြည်ရဲ့ ပထမဆုံးတွေ။
ပင်းတယဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသဖြစ်တဲ့အပြင် Hospital Waste Management အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Needle pit စီမံချက်၊ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်တဲ့ ကျားမအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ၀န်ဆောင်မှု ပေးနိုင်သော စင်တာ One Stop Crisis Centre (OSCC)၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သော မြို့ (Disabled friendly City) တို့ကို ဖော်ဆောင် နိုင်ခဲ့ပါပြီ။
.
(၁၃) လူတိုင်းပါဝင်နိုင်သောကျန်းမာရေးစနစ် ထူထောင်ခြင်း။
၂၀၁၂ ခုနှစ်ထဲက အရန်သားဖွား တစ်နှစ်သင်တန်းတွေ ပြုလုပ်ခဲ့တာ အခုဆို ပင်းတယမှာ အရန်သားဖွား (၁၆၁)ဦး ရှိနေပြီး တစ်ရွာတစ်ယောက် အရန်သားဖွားဆရာမလေးတွေ ရှိနေပါပြီ။ အဲဒီထဲက (၂)ဦးကို ဂျပန်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ဖို့ သွားရောက်ရန် စီစဉ်ပေးနိုင်ခဲ့သလို သားဖွားဆရာမဖြစ်သွားသူ (၃)ဦး၊ သူနာပြုဖြစ်သွားသူ (၁)ဦး၊ ကြီးကြပ်(၂) (၁)ဦး၊ သူနာပြုအကူ (၆)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သူတို့ကို အခြေခံပြီး ကျန်းမာရေးကွန်ယက်တစ်ခုကို  ထူထောင်နိုင်ခဲ့ပါတယ်။ စေတနာမွန်လို ပရဟိတအဖွဲ့တွေကို ရွာပေါင်း (၇၀)မှာ ဖွဲ့ပြီး ပရဟိတကွန်ယက်ထူထောင် လူနာသယ်ပို့စနစ်တွေ၊ သွေး၊ အာဟာရ၊ လူနာညွှန်းပို့စနစ်၊ နာရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လူတိုင်းပါဝင်နိုင်တဲ့ကျန်းမာရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ပါတယ်။
.
(၁၄) အခြားဆောင်ရွက်ချက်များ။
မျက်စိလူနာ (၁၅၂)ဦးကို အတွင်းတိမ်ခွဲ၊ လည်ပင်းကြီးလူနာ (၅၆)ဦးကို အခမဲ့ခွဲ၊ သွားမရှိတဲ့ သက်ကြီးရွယ်အို(၇၀)ခန့်ကို အံကပ်အလှူ၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေး (၄၂)ဦးကို အခမဲ့ ခွဲခြင်း၊ ခြေထောက်ပြတ်နေသူ(၁)ဦးကို ခြေတုတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလထဲမှာ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။
ဒီလုပ်ငန်းတွေအတွက် ပြည်သူလူထု လှူဒါန်းငွေတွေ တွက်ကြည့်တော့ သိန်းပေါင်း (၉၀၀၀)ကျော် နေပြီ ဖြစ်ပါတယ်။
ပင်းတယမြေမှာ ကျွန်တော်စွမ်းသလောက် တိုင်းရင်းသားတွေအတွက် ကြိုးစားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားနေပါဦးမယ်။
ဆရာတင်မိုးကဗျာလေးလိုပါပဲ။
ဖန်မီးအိမ်လေးဟာ-
နေမင်းပမာ၊ သော်တာအလား
မ၀ံ့ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို၊ အလှဆင်နေပါဦးမယ်။
.
Crd. Than Min Htut / via U Tin Win
27.Sep.2018
.
မူရင်း ပို့ စ် တွင် ပုံများစွာ ကြည့်ရန် လင့်။
https://m.facebook.com/story.php?story_fbid=2083121745066185&id=100001051400444

တရားသူကြီး. ဥပဒေပညာရှင်များ လက်ထိပ်နဲ့ တွေ့တော့ စိတ်မကောင်း..Tin Nyuny

အေးဓားပြ
------------
ဒီနေ့ ဆိုရှယ်မီဒီယာတွေမှာရော၊ ပြည်တွင်းသတင်းစာတွေမှာရော (အစိုးရထုတ်သတင်းစာကလွဲပြီး) စိတ်မကောင်းစရာ ပုံတွေကတော့ တရားသူကြီးချုပ်တွေ၊ တရားသူကြီးတွေ၊ ရဲအရာရှိတွေကို လက်ထိပ်တွေနဲ့ ရုံးထုတ်ပြီး အချုပ်ကားပေါ်တင်နေတဲ့ ဓာတ်ပုံတွေပါပဲ။

အရမ်းတရားကျဖို့ကောင်းတယ်

တစ်ချိန်က အာဏာနဲ့ ဖမ်းစေ၊ လွှတ်စေ၊ ထောင်ဒဏ်၊ သေဒဏ် ဆိုပြီး အမိန့်ချနေတဲ့ လူတွေဟာ ခုဆိုရင် သူတို့ဘဝအတွက် နေဝင်ချိန်ကို ရောက်နေပြီဆိုတာတွေ့လိုက်ရလို့ပါ။

ကျွန်တော် ဘုရားဟောကနေ လူမှန်နေရာမှန်မဟုတ်လို့ တိုင်းပြည်မှာ ဒုက္ခရောက်ရတဲ့ အကြောင်းတွေကို မကြာခဏရေးပါတယ်။ ဇာတ်တော်လေးတွေနဲ့ ယှဉ်ပြီးတော့ ဥပမာပေးတာပါ။ ကျောင်းဆရာဟောင်းဆိုတော့ စာသင်တဲ့အတိုင်း စိတ်ကစွဲနေတာ။ ကျွန်တော် စာသင်ရင်လည်း ကလေးတွေကို ပုံတိုပတ်စတွေ ပြောပြောပြီး သင်နေတာ အကျင့်ပါနေလို့ပါ။

လူတစ်ယောက်မှာ ဘာကအရေးကြီးသလဲ

အမျိုးဇာတ်ကအရေးကြီးသလား

အကျင့်သီလက အရေးကြီးသလား

အဲဒါ ဘုရားရှင်လက်ထက် ကောသလမင်းထံမှာ အမှုတော်ထမ်းရွက်နေတဲ့ ပုဏ္ဏားကြီးမှာ စဉ်းစားတွေး တောစရာ ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်က ပုဏ္ဏားကြီးကို အရမ်းယုံပြီး လေးစားလွန်းနေတာကိုး။

“ဘုရင်က ငါ့ကို မျိုးနွယ်ကြောင့် ရာထူးပေးပြီး လေးစားကြည်ညိုတာလား၊ ငါ့ရဲ့ သီလကြောင့် ငါ့ကို ကြည်ညို လေးစားတာလား”

ပုဏ္ဏားကြီးက သူကိုယ်တိုင် စူးစမ်းကြည့်ဖို့ ဆုံးဖြတ်တယ်။

ပုဏ္ဏားက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်။ မင်းပရောဟိတ်ကြီး။ မင်းကြီးက အလွန်လေးစားတာ။ ခုတော့ ပုဏ္ဏားကြီးက စမ်းသပ်တော့မယ်။

ပုဏ္ဏားကြီးကဘုရင့် ရွှေပန်းထိမ်အိမ်ကို သွားတယ်။ ပုဏ္ဏားကြီးလို ပရောဟိတ်ကြီးလာတော့ ရွှေပန်းထိမ်သည် လည်း ဝမ်းသာတာပေါ့။ ခရီးဦးကြိုပြုပြီး နေရာပေးတယ်။ ပုဏ္ဏားကြီးက လိုက်ကြည့်ပြီး ရွှေဒင်္ဂါးတစ်ပြား ယူသွား တယ်။

ရွှေပန်းထိမ်ဆရာက မြင်တယ်။ ဒါပေမဲ့ မင်း ပုရောဟိတ်လေ။ ပြောလို့ဖြစ်မလား၊ ကြည့်နေလိုက်တယ်။

နောက်တစ်နေ့ ပုဏ္ဏားထပ်ရောက်လာတယ်။ ပန်းထိမ်သည်ထံက ရွှေပြားလက်တစ်ဆုပ်ယူသွားတယ်။ ဒါတော့ လွန်ပြီ မနေနိုင်လို့

“သူခိုး … သူခိုး ပါခင်ဗျာ ဖမ်းကြပါ” လို့ အော်တော့တယ်။

သူခိုးဆိုရင် ဝိုင်းပြီး ရိုက်ချင်တဲ့သူတွေက ပြေးလာ။ ရိုက်မယ်လုပ်တော့ ပုဏ္ဏားကြီးဖြစ်နေ။ လက်နဲ့တောင် မတို့ရဲဘူး။ ဒါပေမဲ့ ကြိုးတုပ်ပြီး ဘုရင်ထံပို့တယ်။ တစ်မြို့လုံးထွက်ကြည့်ကြတယ်။

ဘုရင်ထံရောက်တော့ ဘုရင်က အံ့သြတာပေါ့

“အလို … မင်းဆရာ ဘယ့်နှယ်ကြောင့် ခိုးရသလဲ”

“မင်းကြီး ကျွန်ုပ် မခိုးပါ”

“မခိုးရင် ဘာကြောင့် အသပြာတွေကို ယူသလဲ။ သွား … ခေါ်သွား … သူခိုးကို ဥပဒေအတိုင်း စီရင်စေ”

“မှန်လှပါ အရှင်မင်းကြီးစိတ်ကို စမ်းချင်လို့ပါဘုရား”

“ဘာများလဲ”

“အရှင်မင်းကြီးက ကျွန်ုပ်အား မြတ်နိုးတော် မူလှသည်။ ထိုသို့ မြတ်နိုးသည်မှာ မျိုးနွယ်ကြောင့်လား၊ သီလကြောင့်လား သိချင်သောကြောင့်ပါဘုရား။ ခုတော့ အရှင်မင်းကြီးက မျိုးနွယ်ထက် သီလကို လေးစား ချစ်ခင်သောကြောင့် ကျွန်ုပ်အပေါ် မြတ်နိုးတော်မူကြောင်း ထင်ရှားပါပြီ” လို့ ဝန်ခံတယ်။

တိုင်းပြည်မှာ သီလထက် အမျိုးကိုဦးစားပေးရင် တိုင်းပြည်ပျက်တာပဲ

ဘုရင့်အမျိုး၊ စစ်သူကြီးအမျိုး ဟိုအမျိုး သည်အမျိုးဆိုပြီးတော့ ရာထူးတွေပေး၊ နေရာတွေပေးခဲ့ကြတာ နှစ်ကာလ ကြာခဲ့ပါပြီ။

သီလမရှိသူတွေက နေရာရတော့ ဥပဒေအပေါ် လက်တစ်လုံးခြား လုပ်ချင်တိုင်း လုပ်နေကြတာ။ ဒီလိုပါပဲ နေရာတိုင်း၊ ဌာနတိုင်းမှာ လက်တစ်လုံးခြားတွေလုပ်ဖို့ အမျိုးကို ဦးစားတွေပေးပြီး နေရာချထားခဲ့တော့ တိုင်းပြည်မှာ ကြားလို့မှမတော် ဖြစ်ခဲ့ကြရတာပဲ။ အမျိုးတွေကို နေရာရအောင် လုပ်ပေးထားမှ ခိုးထား ဝှက်ထား တာတွေက လုံခြုံမယ်မဟုတ်လား။

လက်တစ်လုံးခြား လုပ်ချင်သူတွေရဲ့ လက်သုံးစကားတစ်ခုရှိတယ်
အဲဒါက

“လက်နှစ်လုံးပဲလိုတော့တယ်” တဲ့

လက်တစ်လုံးခြား လုပ်ချင်ရင် လက်နှစ်လုံးပြပြပြီး မထီလေးစားလုပ်တယ်

ခုတော့ ခေတ်ပြောင်းလာပြီ

လက်တစ်လုံးခြားလုပ်ချင်လို့ လက်နှစ်လုံးအကြောင်းပြောလိုက်တာနဲ့ ပြည်သူတွေက

“သူခိုး … သူခိုး … သူခိုး” လို့ အော်လိုက်တော့ ခွင်ပျက်ကုန်တော့တာပဲ

ရှိသေးတယ်။ တစ်လုံးလည်း မဟုတ်၊ နှစ်လုံးလည်းမဟုတ်
တိုင်းပြည်ကနေ ဘုံးထားတဲ့ ဘဏ္ဍာတွေနဲ့ တိုက်ပုံဝတ် ဘွတ်ဖိနပ်စီးနေတဲ့ကောင်တွေ

အဲဒီကောင်တွေကိုတော့

“ဓားပြ … ဓားပြ … ဓားပြ” လို့အော်ပြီးဖမ်းလိုက်ကြပါ။ ဘုရင်ထံ ပို့မနေကြပါနဲ့တော့

တော်ကြာ ဇာတ်တော်ထဲကအတိုင်း စမ်းကြည့်တာ ပြောနေဦးမယ်။

(ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ သီလဝီမံသဇာတ်)

တင်ညွန့်

၂၆.၉.၂၀၁၈
.
Facebook, Tin Nyunt
Former teacher
..
https://m.facebook.com/story.php?story_fbid=1853803364704135&id=100002234690173

..*************......
.
.                        #အထုပ်ဖြည်ခြင်း  ( 4 )

ဦးဟန်ထူးနဲ့သမ္မတကြီးဦးဝင်းမြင့်ဟာပုသိမ်ဒီဂရီကောလိပ်မှာကတည်းကအချင်းချင်းသိကြပေမယ့် မရင်းနှီးကြပါဘူး။နောက်ပိုင်းမှာ ဘာသာရပ်ချင်းတူတဲ့အတွက် ရင်းနှီးလာခဲ့ကြပါတယ်တဲ့။ ဦးဝင်းမြင့်လွှတ်တော်ဥက္ကဌစဖြစ်လာတော့ဦးဟန်ထူးဟာ ဦးဝင်းမြင့်အပေါ်လက်ပွန်းတတီးနေလာခဲ့တယ်လို့ဆိုပါတယ် …

ဦးဝင်းမြင့်အနေနဲ့ လုပ်ရတဲ့ ဥပဒေပြုလုပ်ငန်း ချင်းတူတာကတစ်ကြောင်း။  ကျောင်းတက်ဖော် ချင်းဖြစ်ခဲ့တာတွေကတစ်ကြောင်း မို့ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံ အတူစား။ အတူသွားတာတွေလုပ်ခဲ့ဖူးတယ်တဲ့ ။ နောက်ပိုင်းမှာ ဦးဟန်ထူးလာဘ်စားတဲ့ ကိစ္စအချို့တွေကိုသိလာတော့ ဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်ထဲကစပြီး ဦးဟန်ထူးကို သိပ်မရောတော့ပဲ ခပ်ကင်းကင်းနေထိုင်လာတယ်လို့ဆိုပါတယ် …

ဦးဝင်းမြင့် သမ္မတကြီးဖြစ်လာချိန်မှာတော့ ဦးဟန်ထူးဟာ သမ္မတကြီးဦးဝင်းမြင့်ကိုအတင်းပြန်ရောပါတော့တယ်။ သမ္မတကြီးဦးဝင်းမြင့်အနေနဲ့သူငယ်ချင်းမိတ်ဆွေဖြစ်သူဦးဟန်ထူးကိုလာဘ်လာဘစားတဲ့ကိစ္စအချို့နဲ့ပတ်သတ်ပြီး သူငယ်ချင်း  အချင်ချင်း
နှစ်ဦးထဲတွေ့ဆုံစဉ် ဝေဘန်တားမြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ် …

ဦးဟန်ထူးဟာ  သမ္မတကြီးဦးဝင်းမြင့်ဆီချည်းကပ်တာ အဆင်မပြေတဲ့အတွက် ကွီးဖြိုးတို့ မိသားစုဘက်ကို လှည့်သွားပါတော့တယ် ။ကွီးဖြိုးတို့ မိသားစုဆီ လက်ဆောင်အချို့ပေးခြင်း။ တစ်အိမ်နဲ့တစ်အိမ် ကူးလူးဆက်သွယ်ခြင်းတွေလည်းရှိခဲ့ပါတယ်။ မယားဖြစ်သူ ဒေါ်ခင်ခင်ကြွယ်ကို ကွီးဖြိုးတို့မိသားစုနဲ့ လက်ပွန်းတတီးနေထိုင်စေပါတယ် ။ဦးဟန်ထူးမိသားစုဟာ ကွီးဖြိုးတို့ဝန်ကြီးများနေထိုင်ရာ ဒဂုံမြို့နယ် ဇော်ဂျီလမ်း ဝန်ကြီးများအိမ်ယာမှာ လက်ရှိနေထိုင်နေသူပါ။ ဦးဟန်ထူးအိမ်နဲ့မျက်နှာချင်းဆိုင်မှာနေသူက ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် ဖြစ်ပါတယ်…

ဦးဟန်ထူးရဲ့ဥပဒေချုပ်ရာထူးဟာ  ဝန်ကြီးချုပ်တွေရဲ့ရာထူးနဲ့ အဆင့်တူတွေဖြစ်တဲ့အတွက် အဆင့်တူသူ ။ ရာထူးတူသူချင်း
ပေါင်းသင်းတယ်ဆိုတဲ့သဘောပေါ့။ဒါပေမယ့်ဦးဟန်ထူးရဲ့အကြံဟာကွီးဖြိုးဆီချည်းကပ်ရခြင်းမှာလုပ်ပိုင်ခွင့်အချို့  ( ဥပမာ ) ဆောက်လုပ်ရေးကန်ထရိုက်တာလုပ်ငန်းမျိုးတွေကို ကွီးဖြိုးအရှိန်အဝါကိုချနင်းပြီးလုပ်ပိုင်ခွင့်တွေရယူလိုလို့  လို့ ဆိုပါတယ် ။ကွီးဖြိုးမိသားစုနဲ့ ဧည့်ခံပွဲတွေအတူတက်တာ။ ထမင်းတွေအ
ပြန်အလှန်ဖိတ်ကျွေး ခြင်းတွေရှိခဲ့ကြတယ်လို့ဆိုပါတယ် …

ဦးဟန်ထူးဟာ ဦးသိန်းစိန်ရဲ့အကြံပေး ဦးကိုကိုလှိုင်နဲ့ အလွန်ရင်းနှီးပြီးလည်ပင်းဖက်ပေါင်းသင်းခဲ့ကြသူတွေဖြစ်ပြီး ဂွင်ဖန်လို့ ဂွင်ကောင်းကောင်းမိရင်ဝေစားမျှစားခဲ့ကြဘူးပေမယ့် ကြံ့ဖွတ်အစိုးရဆင်းခါနီးလွီဇ်လမ်းဝန်ထမ်းအိမ်ယာပြန်လည်တည်
ဆောက်ရေးလုပ်ငန်းကို ဦးကိုကိုလှိုင်ထံကနေ ဦးဟန်ထူးက လုယူနိုင်ခဲ့ပြီးအိမ်ယာဥက္ကဌဖြစ်လာခဲ့ပါတယ် ။ ဒီ လွီဇ်လမ်းအိမ်ယာစားခွက်လုပွဲကြီးအပြီး ဦးဟန်ထူးနဲ့ ဦးကိုကိုလှိုင်တို့ဟာ ခွာပြဲသွားကြတယ်လို့ဆိုပါတယ်။ ဦးဟန်ထူးဟာ လွီဇ်လမ်းဝန်ထမ်းအိမ်ယာမှာနေစဉ်က ဦးကိုကိုလှိုင်က အပေါ်ထပ်မှာနေတာဖြစ်ပြီး ဦးဟန်ထူးက အောက်ထပ်ဖြစ်ပါတယ် .…

#များများရှယ်ကြပါသယ်ရင်းတို့ရေ
အမှတ် ၅  post မှာ အချက်အလက်နဲ့လာဘ်စားတာတွေပါပြီနော်

အပိုင်း ၅ အားမနက်ဖန်ဖော်ပြပေးပါမယ် ။
#ဇာတ်ရှိန်မြင့်လာပီနော်ပိတ်သတ်ကြီး

#ရဲဇော်
.
.

အဂတိလိုကျစားမှု တိုက်ဖြတ်ရေးကော်မရှင်.. ငါးကြီဆက်ဖမ်းနေခြင်း

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေ အရာရှိချုပ်နှင့် တာဝန်ရှိသူ ၅ ဦးကို လူသတ်မှုတခုတွင် အမှုရုပ်သိမ်းပေးရန် လာဘ်ငွေရယူခဲ့ခြင်းအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရန် ဆုံး ဖြတ်လိုက်ခြင်းက တရားစီရင်ရေး စနစ် အပါအဝင် အစိုးရ၏ ကဏ္ဍတိုင်းတွင် အကျင့်ပျက်ခြစားမှု ကာလရှည်ကြာစွာ ပျံ့နှံ့ စွဲ ကပ်နေသည့် နိုင်ငံတခုတွင် မှတ်တမ်းဝင် လုပ်ရပ်တခု ဖြစ်သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ အရေးယူခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ဖြစ်ကြောင်း သိရသည်။
အကယ်၍ စွပ်စွဲခံရသူများက အပြစ်ရှိကြောင်းတွေ့ ရှိခဲ့မည်ဆိုလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ် အထိ ကျခံရမည် ဖြစ်သည်။ ထိပ်တန်းအဆင့် တာဝန်ရှိသူများ ပါဝင်နေသည့် ယခုအမှုက လွန်ခဲ့သော ၂ နှစ်က စတင်ဖွဲ့စည်းခဲ့သည့် ကော်မရှင်က အမှုဖွင့်နိုင်ခဲ့သော အမှုများထဲတွင် လူသိအများဆုံး ဖြစ်စေခဲ့သည်။ FDA ညွှန်ချုပ်ပြီးလျှင် ယခု အကြိမ်သည် “ငါးကြီး”များ ထပ်မံဖမ်းမိခြင်းဟု ဆိုရမည်။
အကြီးတန်း ဥပဒေ အရာရှိများ လာဘ်ငွေယူသည့် အလေ့အထသည် ကာလရှည်ကြာစွာ လူတိုင်းသိသည့် လျှို့ဝှက်ချက် ဖြစ်သည့်အတွက် ယင်းအပေါ် ရွံရှာမုန်းတီးနေသော မြန်မာနိုင်ငံသားများကြား ကော်မရှင်၏ လုပ်ဆောင်ချက်က ထောက်ခံမှု အခိုင်အမာ ရရှိခဲ့သည်။
ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည်။ အဆင့်မြင့် အရာရှိများ ရာထူးမှ ဖယ်ရှားခံရခြင်းကြောင့် မဟုတ်ပါ။ အဆင့်မြင့်အရာရှိများကို ပစ်မှတ်ထားခြင်းက အကျင့်ပျက်ခြစားခြင်းကို ရပ်တန့်စေမည့် အကောင်းဆုံး နည်းလမ်းများထဲမှ တခု ဖြစ်ကြောင်း ပြည်သူများ သိကြ၍ ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုခဲ့ သော်လည်း ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုကို ထိရောက်စွာ မကိုင်တွယ်နိုင်ခဲ့ခြင်းကိုလည်း မမေ့ကြပါ။
ထို့ကြောင့် အပြင်တွင် လွတ်နေသေးသော ငါးကြီးများ ဆက်ဖမ်းရန် ကျန်နေသေးကြောင်း ကော်မရှင် အနေဖြင့် သတိရှိရန် လိုသည်။။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးက အမျိုးသားရေး တာဝန် ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားပါသည်။ တချိန်တည်းမှာပင် စွပ်စွဲခံရသူများကို ကော်မရှင်က မည်သည့် အတိုင်းအတာအထိ အရေးယူဆောင်ရွက်မည်ကို ကျနော်တို့ စောင့်ကြည့်ကြရမည် ဖြစ်သည်။
မေလအတွင်းတွင် စီမံ/ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်ဝင်းအပေါ်တိုင်ကြားမှုများ လက်ခံရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့သည့်တိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ဖြင့် အရေးယူရန် လုံလောက်သည့် အထောက်အထား မရှိကြောင်း ပြောဆို၍ ဥပဒေကြောင်းအရ အရေးယူရန် ကော်မရှင်က ငြင်းပယ်ခဲ့သည်။ ယခု လူသတ်မှု တခုကို ရုပ်သိမ်းခဲ့သောကိစ္စတွင် တိုင်း ဥပဒေအရာရှိချုပ်နှင့် အခြားသူများပါဝင်နေခဲ့ခြင်းကို ကော်မရှင်က အမှုဖွင့်ခဲ့ခြင်းမှာ အများပြည်သူ၏ ကန့်ကွက်ပြောဆိုမှုများကြောင့် သမ္မတက ကြားဝင်လာရပြီး အမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ပြီးသည့်နောက်ပိုင်းမှသာ ဖြစ်သည်။
အစိုးရက တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရန် ၎င်း၏ ကတိကို အလေးအနက်ထားကြောင်း သတင်းစကားပေးပို့လိုက်ပုံရသော ယခု လုပ်ရပ်က စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲများ၏ သက်ရောက်မှုများကို ရင်ဆိုင်နေရသော ပြည်သူများ၏ စိုးရိမ်မှုများကို လမ်းကြောင်းလွှဲမှုတခုလည်း ဖြစ်နိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ နှင့် သူ၏ အဖွဲ့တို့ ဂုဏ်သိက္ခာ တက်နေသည်။ ကော်မရှင်က သိသာမြင်သာသော ရလဒ်တခု ဖော်ဆောင်နိုင်၍ ဖြစ်သည်။ အကယ်၍ စုံစမ်းစစ်ဆေးစဉ် အတွင်းအထက်မှ တစုံတဦးထံမှ မည်သည့်ကြားဝင် စွက်ဖက်မှုမျိုး ရင်ဆိုင်ရသည်ဖြစ်စေ မည်သူကိုမဆို အရေးယူဆောင်ရွက်ရန် နှင့် သူ့ထံသို့ သတင်းပို့ တိုင်ကြားရန် သမ္မတ ဦးဝင်းမြင့်က အခွင့်အာဏာပေးထားခြင်းလည်း ရှိနေသည်။ တိုင်းပြည်တွင် စွဲကပ်နေသည့် အကျင့်ပျက်ခြစားမှု ကင်ဆာကို ဖယ်ရှားကုသရာတွင် အရေးပါသော ကုထုံးကို စတင်နေပြီဟု ဆိုအပ်ပေသည်။
(အင်္ဂလိပ်ဘာသာဖြင့် The Anti-Corruption Commission Lands Some Big Fish at Last တွင် ဖတ်ရှုပါ။)

Monday, September 17, 2018

သမတဟောင်း ဦးသိန်းစိန်...ISEAS Yusof Ishak Institute ရဲ့ မြန်မာနိုင်ငံရေးဆိုင်ရာ နှုတ်ပြောသမိုင်း မှတ်တမ်းတင်မှု .

ISEAS Yusof Ishak Institute ရဲ့ မြန်မာနိုင်ငံရေးဆိုင်ရာ နှုတ်ပြောသမိုင်း မှတ်တမ်းတင်မှု အစီ အစဉ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လကစတင်ခဲ့ရာ အခုအချိန်ထိ မြန်မာနိုင်ငံရေးမှာပါဝင်ပတ် သက်ခဲ့ တဲ့ကဏ္ဍအသီးသီးက ပုဂ္ဂိုလ် ၁၃ ဦးကို မှတ်တမ်းတင်ပြီးပါပြီ။ နောက်ထပ်လည်း မှတ်တမ်းတင်နိုင် ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။

 တစ်ချို့ပုဂ္ဂိုလ်တွေကတော့ သူတို့ ပြောကြားချက်တွေကို လက်ရှိအချိန်မှာ လေ့လာခွင့်မပေးသင့် သေးဘူးလို့ ယူဆတဲ့အတွက် ခွင့်ပြုရ မယ့် ကာလစည်းကမ်းသတ်မှတ်ချက်ထားပါတယ်။ တစ်ချို့ ကတော့ မထားပါဘူး။

ISEAS ရဲ့ စည်းကမ်းအရ ဒီနှုတ်ပြောသမိုင်းတွေကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လေ့လာသုတေသန ပြုနေတဲ့ပညာရှင်များ၊စာရေးဆရာများ၊ သတင်းစာဆရာများကိုပဲ  စိစစ်ပြီး  လေ့လာခွင့်ပြုမှာဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေခြင်း၊အများပြည်သူကို လေ့လာခွင့်ပြုခြင်း မလုပ်ပါဘူး။

အောက်ပါပုဂ္ဂိုလ်များကကာလစည်းကမ်းသတ်မှတ်ချက်မထားတဲ့အတွက် သူတို့ရဲ့ နှုတ်ပြောသမိုင်း အသံဖိုင်များကိုISEAS စာကြည့်တိုက်မှာလေ့လာနိုင်ပါပြီ။ သူတို့ပြောကြားချက်များကို လုံးကောက် ဖော် ခြင်း၊ အရေးကြီးတဲ့အစိတ်အပိုင်းများကို အင်္ဂလိပ်ဘာသာဖြင့် အကျဉ်းချုပ်ရေးသား ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါတယ်-

၁။ ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၁၁-၂၀၁၆)။
၂။  ဗိုလ်မှူးချုပ် သန်းထွန်း (ငြိမ်း) ( တပ်မတော်ထောက်လှမ်းရေး)။
၃။  ဗိုလ်မှူးကြီး စန်းပွင့် (ငြိမ်း)  ( တပ်မတော်ထောက်လှမ်းရေး)။
၎။  ဦးလှရွှေ  ( ဗကသ ခေါင်းဆောင်၊  ဗကပမြေအောက်လှုပ်ရှားမှုအဖွဲ့ဝင်ဟောင်း)။
၅။  ဦးထက်မြက် ( ကိုးကိုးကျွန်းပြန်၊ ဗကပမြေအောက်လှုပ်ရှားမှုအဖွဲ့ဝင်ဟောင်း)။
၆။  ဦးမြစိန်  ( ကိုကိုးကျွန်းပြန်၊ ဗကပမြေအောက်လှုပ်ရှားမှုအဖွဲ့ဝင်ဟောင်း)။
၇။  ဦးကိုကိုကြီး  ( ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)။

အောက်ပါပုဂ္ဂိုလ်များကတော့ ကာလစည်းကမ်းသတ်မှတ်ထားတဲ့အတွက် သတ်မှတ်ချိန်ပြည့်မှ လေ့လာခွင့်ရမှာဖြစ်ပါတယ်။

၁။ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ ၂၀၁၁-၂၀၁၆)။  ( စောင့်ဆိုင်းကာလ ၅ နှစ်)
၂။ ဗိုလ်ချုပ်ကြီးခင်ညွန့် (ငြိမ်း)  ( နိုင်ငံတော်ဝန်ကြီးချုပ် ( ၂၀၀၃-၂၀၀၄)၊ တပ်မတော်ထောက်လှမ်း ရေးမှူးချုပ်)။  ( စောင့်ဆိုင်းကာလ ၅ နှစ်)
၃။ ဗိုလ်ချုပ်စောဖြူ (ငြိမ်း)(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) ။  ( စောင့်ဆိုင်းကာလ ၃ နှစ်)
၎။ ဗိုလ်ချုပ် အေးစန် (ငြိမ်း) ။( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီ)    (စောင့်ဆိုင်းကာလ ၃ နှစ်)
၅။ ဦးဟန်ရွှေ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)။
၆။ ဦးသိန်းထွန်း ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)

နှုတ်ပြောသမိုင်းကိုလေ့လာလိုတဲ့ သုတေသနပညာရှင်များ၊ စာရေးဆရာများအနေနဲ့ စာကြည့် တိုက်မှူး  Mr. Pitt Kuna Wah pitt_kwan_wah@iseas.edu.sg  ကို ဆက်သွယ်နိုင်ပါတယ်။

#yehtutarticle
#oralhistory

စင်ကာပူမှာ လာဘ်စားမှုဘယ်လိုတားဆီးသလဲ --- (ဗန်းမော်သိန်းဖေ) နှင့် မြန်မာ-၂၀၁၈

စင်ကာပူမှာ လာဘ်စားမှုဘယ်လိုတားဆီးသလဲ
--------------------
(ဗန်းမော်သိန်းဖေ)
စင်္ကာပူဟာ ၁၉၅၂ခုနှစ်မှာ ဗြိတိသျှအောက်က လွတ်လပ်ရေး ရခဲ့တယ်။ လွတ်လပ်ရေး ရပေမဲ့လဲ မလေးရှားနိင်ငံရဲ့ လက်အောက်မှာပဲ ဆက်ရှိနေခဲ့တယ်။ အဲဒီအချိန်မှာ စင်္ကာပူမှာ လာဘ်စားမှု အရမ်း များတယ်။ ၁၉၆၅ခုနှစ်မှာ စင်္ကာပူဟာ မလေးရှားအောက်က ခွဲထွက်လိုက်ပြီး စင်္ကာပူနိုင်ငံရယ်လို့ ဖြစ်လာခဲ့တယ်။
စင်္ကာပူနိုင်ငံဖြစ်လာပြီး ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာတဲ့ လီကွမ်းယူဟာ လာဘ်စားမှု ပပျောက်အောင် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ သူ့နိုင်ငံ သေးသေးလေးမှာ လာဘ်စားမှုတွေ ရှိနေရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမှာ မဟုတ်ဖူးဆိုတာကို သူ ကောင်းကောင်း နားလည် သဘောပေါက်ထားတယ်။
အဲဒီအချိန်ကစပြီး စင်္ကာပူအစိုးရဟာ လာဘ်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေး ဦးတည်ချက်တရပ် အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းလိုက်တာ ၂၀၁၄ ခုနှစ်က စာရင်း ထုတ်ပြန်ချက် အရ နိုင်ငံ စုစုပေါင်း (၁၇၆) နိုင်ငံတွေ အနက် လာဘ်စားမှု အနဲဆုံး အဆင့် (၃) ဖြစ်ခဲ့ပါပြီ။ အဆင့် (၁) က ဒိန်းမတ်နိုင်ငံနဲ့ အဆင့် (၂) ကတော့ နယူးဇီလန်နိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ ကတော့ အဆင့် (၁၅ရ) ဖြစ်ပြီး ကမ္ဘာပေါ်မှာ လာဘ်စားမှု အများဆုံးနိုင်ငံ စာရင်းးမှာ အဆင့် (၂) ချိပ်နေခဲ့ပါတယ်။ အောက်မှာ အာဖရိကတိုက်က ဆိုမားလီးယား တနိုင်ငံပဲ ရှိပါတော့တယ်။
လာဘ်စားမှု အနဲဆုံး ထိပ်ဆုံး (၁၅) နိုင်ငံစာရင်းထဲမှာ အာရှတိုက်က စင်္ကာပူနိုင်ငံတခုပဲ ပါခဲ့ပါတယ်။
အဲဒီတော့ ကျနော်လည်း စင်္ကာပူနိုင်ငံကို ခုလို လာဘ်စားမှု အနဲဆုံး ဖြစ်အောင် သူတို့အစိုးရ အနေနဲ့ ဘယ်လိုများ ဆောင်ရွက် ခဲ့သလဲဆိုတာ သိချင်လို့ လေ့လာ လိုက်ကြည့်လိုက်တော့ အောက်မှာ ရေးထားတဲ့ လုပ်ဆောင်ချက်တွေကို ရှာဖွေတွေ့မိလိုက်တယ်။
စင်္ကာပူအစိုးရဟာ လာဘ်စားမှု တိုက်ဖျက်ဖို့ ကဏ္ကကြီး ၄ ခု ခွဲပြီး အခုလို စီမံချက်များကို ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။
(က) အောက်ဖေါ်ပြပါ စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။
၁။ အာဏာကုန် လွှဲအပ်ခံရသော CPIB (Corrupt Practices Investigation Bureau) လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ကြီးဟာ အစိုးရဌာနရော ပုဂ္ဂလိက ကုမ္ပဏီ အားလုံးကို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိသည်။
၂။ အစိုးရဝန်ထမ်းတဦးဟာ လာဘ်စားတယ်လို့ စွပ်စွဲခံရရင် သူ မကျူးလွန်ကြောင်း သက်သေပြနိုင်ရမယ်။
၃။ လာဘ်ယူသူဟာ လာဘ်ယူပြီးနောက် လာဘ်ပေးသူ အလိုကျ လိုက် မလုပ်ပေးသော်လည်း ပြစ်ဒဏ် ကျခံရမယ်။
၎။ အစိုးရဝန်ထမ်းများဟာ လက်ဆောင်ပဏ္ဏာ လက်ခံရယူခြင်း လုံးဝ မလုပ်ရဘူး။
၅။ ဝန်ထမ်းတယောက်ဟာ လာဘ်ယူလို့ ထောင်ဒဏ်နဲ့ ငွေဒဏ် ကျခံရပြီးသော်လည်း လာဘ်ယူထားငွေ အတိအကျကို အစိုးရကို ပြန်ပေးရမယ်။
၆။ ဒီလာဘ်စားမှုတိုက်ဖျက်ရေး ဥပဒေဟာ စင်္ကာပူနိုင်ငံ ပြင်ပမှာလဲ သက်ရောက်ပါတယ်။ သဘောက အခြားနိုင်ငံတခုမှာ လာဘ်ပေးလာဘ်ယူ လုပ်ရင်လဲ စင်္ကာပူဥပဒေအတိုင်း အရေးယူ အပြစ်ပေး ခံရမယ်ပေါ့။
(ခ) CPIB လာဘ်စားမှု တိုက်ဖျက်ရေး အဖွဲ့ကို အောက်ပါ အာဏာများ လွှဲအပ်ခြင်း။
၁။ မည်သည့် လာဘ်စားသည့် အမှုကို မဆို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့် ရှိတယ်။
၂။ မည်မျှ ရာထူးကြီးသူကိုမဆို စစ်ဆေးပိုင်ခွင့် ရှိတယ်။ အမှုသေးသေးကစလို့ ထိပ်ပိုင်းဝန်ကြီးအထိ စစ်ဆေးပိုင်ခွင့်ရှိတယ်။
၃။ အမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်မှလွဲလို့ မည်သူ့ကိုမှ အစီရင်ခံစရာ မလိုပါ။
(ဂ) တရားရုံးများကို အောက်ပါ အာဏာများ လွှဲအပ်ခြင်း။
၁။ တရားရုံးတွေဟာ အမှု စစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်။
၂။ တရားရုံးသည် ပြစ်မှု ကျူးလွန်သူအား ပြစ်ဒဏ်အပြင် လာဘ်ယူထားငွေ အတိအကျကို အစိုးရထံ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ရမယ်။ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၅ နှစ် အထိ ချမှတ် နိုင်သလို ဒဏ်ငွေကိုလဲ ဒေါ်လာ တသိန်းအထိ ချမှတ် နိုင်တယ်။
၃။ လာဘ်ပေးပြီး လုပ်ငန်း အပ်နှင်း ခံထားရသော ကုမ္ပဏီရဲ့ ကန်ထရိုက် လုပ်ငန်းများကို ဖျက်သိမ်း ပစ်ရမယ်။ ဒါ့အပြင် လာဘ်ပေးသော ကန်ထရိုက် ကုမ္ပဏီဟာ အစိုးရတင်ဒါများကို ၅ နှစ် ကြာအထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ရမယ်။
၎။ နိုင်ငံတကာ ကုမ္ပဏီမှ လာဘ် ယူခဲ့ရင် လာဘ်ယူငွေကို အဲဒီ ကုမ္ပဏီကို ပြန်ပေးရမဲ့အပြင် လာဘ်ယူငွေနဲ့ ညီတဲ့ ပမာဏကို အစိုးရထံကို ပေးသွင်းရပါမယ်။ သဘောက လာဘ်ယူငွေရဲ့၂ ဆ ကို လျော်ရမယ်ပေါ့။
(ဃ) အစိုးရဌာနများကို လာဘ်စားမှု တားဆီးရန် ဆောင်ရွက်ခြင်း။
၁။ ဝန်ထမ်းတဦးဟာ မိမိနှင့် လုပ်ငန်းဆက်စပ်သူ ထံမှ ငွေ ချေးငှားခြင်းကို လုံးဝ မလုပ်ရပါ။
၂။ မည်သည့်အချိန်ဖြစ်ဖြစ် ဝန်ထမ်းတဦးဟာ အကြွေး တင်ခဲ့ရင် အကြွေးပမာဏဟာ သူ့ဝင်ငွေ လစာရဲ့ ၃ ဆ ထက် မကျော်လွန်စေရပါ။
၃။ ဝန်ထမ်းတဦးဟာ မိမိကိုယ်ကျိုး အတွက် ပြင်ပသို့ သတင်း အချက်အလက် မပေါက်ကြားစေရပါ။
၎။ ဝန်ထမ်းတဦးဟာ မိမိပိုင်ဆိုင်မှု အားလုံးကို အလုပ် ခန့်အပ်ခံသည့် အချိန်မှာ ကြေငြာရတဲ့အပြင် နှစ်စဉ် နှစ်တိုင်းလဲ ကြေငြာရပါတယ်။ (အလွန်ကြိုက်သော အချက်ဖြစ်ပါတယ်)။
၅။ ဝန်ထမ်းများဟာ မိမိတာဝန်မှလွဲ၍ ခွင့်ပြုချက် မရပဲ အချိန်ပိုင်း အလုပ် လုပ်ခွင့်မရှိပါ။
၆။ ဝန်ထမ်းများဟာ လက်ဆောင်ယူခြင်း၊ ကျွေးမွေးဧည့်ခံပွဲကို တက်ရောက်ခြင်း မလုပ်ရပါ။
၇။ Conflict of Interest ဆိုတဲ့ မိသားစု၊ ဆွေမျိုး တဦးတယောက်ကို အလုပ် ခန့်ချင်တယ်ဆိုရင် ဌာနအကြီးအကဲရဲ့ အတည်ပြုချက် မရပဲ လုံးဝ ခန့်ခွင့်မရှိပါဘူး။
နောက်ပြီး ဝန်ကြီးဌာန၊ အစိုးရရုံများရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို လာဘ်ပေးလာဘ်ယူမှု ကင်းအောင် အခုလို ဆောင်ရွက်ထားပါတယ်။
၁။ ဝန်ကြီးများနဲ့ အစိုးရဝန်ထမ်း အားလုံးကို လုံလောက်တဲ့ လစာ၊ ခံစားခွင့်တွေ ပေးထားတယ်။ အဲဒီတော့ မက်လောက်တဲ့ လစာဝင်ငွေ ရနေသူတွေဟာ လာဘ်စားတာနဲ့ အရေးယူခံရပြီး ထောင်ကျ အလုပ်ပြုတ်မှာကို အရမ်း ကြောက်ကြတယ်။ လာဘ်စားဖို့ ဆိုတာ စဉ်းတောင် မစဉ်းစားရဲကြဘူး။
၂။ အခွန်အခဆောင်ခြင်း၊ ရေ မီး မီတာခပေးခြင်း၊ တယ်လီဖုံးဘီလ် ဆောင်ခြင်း စတာတွေကို ငွေသားဖြင့် ပေးချေခြင်းကို လက်မခံရပါ။ ငွေသွင်းမှု အားလုံးကို ချက်လက်မှတ်ဖြစ်စေ ဘဏ်ကဒ်ဖြင့်ဖြစ်စေ အင်တာနက်က on-liine banking စံနစ် စသဖြင့်သာ ပေးချေရပါတယ်။ သဘောကတော့ ဝန်ထမ်းများကို ငွေသား ကိုင်ခွင့် မရအောင် လုပ်ထားတာပါ။
၃။ လျှောက်လွှာတွေကို စားပွဲတခု ကနေ နောက် စားပွဲတခု (သို့မဟုတ်) ရုံးတရုံးကနေ နောက် တရုံးသို့ ကူးပြောင်း စစ်ဆေးနေတဲ့ စံနစ်ကို ဖျက်သိမ်းလိုက်တယ်။ ရုံးတခုမှာ လုပ်ငန်းတခုအတွက် လုပ်စရာရှိရင် အဲဒီအတွက် ဘာ စာရွက်စာတမ်းတွေ ဘယ်လို လျှောက်လွှာတွေ လိုမယ်၊ ဘယ်နေရာကိုသွားရမယ်၊ ဘယ်အချိန်မှာ အဖြေသိရမယ် ဆိုတဲ့ သတင်းအချက်အလက် information အပြည့်အစုံကို သက်ဆိုင်ရာရုံးတွေရဲ့website တွေမှာ အင်တာနက် on_line ကနေ ကြည့်လို့ရတယ်။ လိုအပ်တဲ့ လျှောက်လွှာကိုလဲ အင်တာနက်ကနေ download ကူးယူလုပ်ပြီး print ထုတ်လို့ ရတယ်။ ဈေးဆိုင် ဖွင့်ချင်လို့ လုပ်ငန်းလိုင်စင် လျှောက်ရင်တောင် ရုံးကိုသွားစရာ မလိုဘူး။ OBLS (Online Business Licensing Service) ဆိုတဲ့ website ကနေ လျှောက်လို့ရတယ်။ လိုင်စင် ကျလာရင် အင်တာနက်ကနေ print_outထုတ်ပြီး အလုပ် စလုပ်လို့ရပြီ။ သက်ဆိုင်ရာရုံးကို တချက်မှ သွားစရာ မလိုဘူး။
၎။ အစိုးရတင်ဒါခေါ်ရင်လဲ GeBiz (ယခု SESAMI လို့ အမည်ပြောင်းထားတဲ့) အစိုးရ website မှာ တင်ထားပေးတယ်။ သတ်မှတ်ချက် ပြည့်မှီတဲ့ ကုမ္ပဏီတိုင်း ဝင်လျှောက် ယှဉ်ပြိုင်ခွင့်ရှိတယ်။ ဘယ် ကုမ္ပဏီက တင်ဒါဒာနိုင်ရတယ် ဆိုတာလဲ GeBizမှာ ဝင်ကြည့်လို့ ရတယ်။
၅။ လာဘ်ငွေတောင်းခံရရင် တိုင်ကြားနိုင်တဲ့ ဖုံးနံပါတ်တွေကို သက်ဆိုင်ရာအစိုးရဋ္ဌာနတွေရဲ့ website တွေမှာ အတိအလင်း ကြေငြာပေးထားတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ မြန်ဆန် သွက်လက်အောင် အကြံပြုနိုင်တဲ့ အစိုးရ website တွေ ထားရှိပါတယ်။ ဘယ်သူမဆို အကြံပေးလို့ ရတယ်။
၆။ နောက်တခုကလဲ ဘဏ်တွေဟာ လူတယောက်ရဲ့ငွေစာရင်းထဲကို ရုတ်တရက် ငွေတွေ အများကြီး ဝင်လာတာတွေ့ရင် CPIB ကို ချက်ခြင်း အကြောင်းကြားရတယ်။ CPIB ကလဲ အဲဒီ ငွေစာရင်း ပိုင်ရှင်ကို စောင့်ကြည့်နေလိမ့်မယ်။ လိုအပ်ရင် သူ့ကို ခေါ်ယူ စစ်မေးလိမ့်မယ်။
အဲဒီတော့ စင်္ကာပူမှာ လာဘ်စားမှု နဲတာ အဆန်းမဟုတ်ပါ။
မိတ်ဆွေအနေနဲ့ တခုတော့ မေးချင်လိမ့်မယ် ထင်ပါတယ်။ စင်္ကာပူမှာ လာဘ်စားမှု လုံးဝ ကင်းသလားလားလို့။ စင်္ကာပူလူမျိုးတွေလဲ လူသားတွေပဲလေ။ လောဘနဲ့ ဘယ်ကင်းပါ့မလဲ။ ဒါပေမဲ့ ချောက်တီး ချောက်ချက် လောက်နဲ့တော့ မစားကြဘူး။ မိသွားရင် စားထားသမျှ ပြန်ပေးရတဲ့အပြင် ထောင်ဒဏ် ၅ နှစ် ဆိုတာကြီးကလဲ ကြောက်စရာကြီးကိုး။
ကျနော် စင်္ကာပူမှာနေတဲ့ နှစ် အစိတ်လောက် အတွင်းမှာ လာဘ်စားမှုကြီး ၃-၄ မှု လောက် အကြောင်းပဲ သတင်းစာမှာ ဖတ်ရတယ်။ အစိုးရဝန်ထမ်း ညွှန်ချုပ်လောက် အဆင့် ရှိသူတွေပါ။ စားတာတွေ ကလဲ နဲနဲနောနော မဟုတ်ဘူး။ စင်္ကာပူဒေါ်လာ၂သန်း - ၃သန်းလောက် ရှိတယ်။ ကန်ထရိုက် ချပေးမယ်ဆိုပြီး ပိုက်ဆံယူတာ။ နိုင်ငံခြားကုမ္ပဏီ တခုတောင် ပါသေးတယ်။ CPIB က စစ်လို့ လာဘ်စားတာ သေချာပြီ ဆိုတာနဲ့ သူပိုင်တဲ့ကား၊ ဆိုင်ကယ်စတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ခြင်း သိမ်းတယ်။ သူပိုင်တဲ့အိမ်၊ တိုက်ခန်းကိုလဲ ချက်ခြင်း ချိပ်ပိတ် လိုက်တယ်။ ဘဏ်မှာ သူအပ်ထားတဲ ငွေစာရင်းကို ပိတ်လိုက်တယ်။ တချို့က နိုင်ငံခြားကို ထွက်ပြေးတယ်။ အဲဒီနိုင်ငံတွေအထိ လိုက်သွားပြီး သူ့ကို ဖမ်းပြီး စင်္ကာပူကို ပြန်ခေါ်လာတယ်။ စင်္ကာပူဟာ အနောက်နိုင်ငံတွေနဲ့ ရာဇဝတ်မှုနဲ့ ထွက်ပြေးလာရင် မိခင်နိုင်ငံ ပြန်ပို့ဖို့ နိုင်ငံအချင်းချင်း စာချုပ် ချုပ်ထားတော့ ပြေးလဲ ပြန်အပို့ ခံရတာပဲ။ စင်္ကာပူမှာ တရားရုံးတင် အစစ်ခံရတယ်။ လာဘ်ငွေ အချီကြီး စားတဲ့သူတွေကိုတော့ နှစ်ရှည် ထောင်ဒဏ်တွေ ချ အပြစ်ပေးတယ်။
ကဲ ... ဘယ်သူတွေ လာဘ်စားရဲကြသေးလဲ။.
ကျနော်တို့ မြန်မာနိုင်ငံရဲ့ လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေကို(ရှိခဲ့ရင်ပေါ့) စင်္ကာပူရဲ့ဥပဒေနဲ့ နိုင်းယှဉ်ကြည့်လို့ရအောင် ရေးပေး လိုက်တာပါ။
မှတ်ချက်။
၁။ အချက်အလက်များကို CPIB အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူး Koh Teck Hin ရဲ့ အစီရင်ခံစာ တစောင်မှ ရယူထားပါတယ်။
၂။ လာဘ်စားမှုကြီးများစွာကို အချိန်တိုအတွင်း ဖေါ်ထုတ်နိုင်ခဲ့တဲ့ CPIB အဖွဲကြီးမှာ ဝန်ထမ်း စုစုပေါင်း (၇၅) ဦးပဲ ရှိပါတယ်။
၃။ လာဘ်စားမှု တွေ့ပြီဆိုတာနဲ့ တရားရုံးမှာ စတင် စစ်ဆေးချိန်ကနေ စီရင်ချက် ချတဲ့ အချိန်အထိ ရုံးချိန်းတိုင်းမှာ အမှု စစ်ဆေးတာကှိ အစိုးရ သတင်းစာကြီးမှာ နာမည်၊ ဓါတ်ပုံတွေနဲ့တကွ တောက်လျှောက် ဖေါ်ပြပေးတယ်။
ဒီပို့စ်ဟာ ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလတုံးက facebook မှာ တင်ခဲ့ပြီးသားပါ။ မဖတ်ရသေးသူများ အတွက် ဒီ page မှာ ပြန်လည် တင်ပေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ ဖေဖေါ်ဝါရီ (၃) ရက်


ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ
==============================================
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့်ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။
ကျော်စောသတင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ် အောင်ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်(ဥ/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်၏တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာစိစစ်ခြင်းမပြုဘဲ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး(ဥ/၂၄၄၃)၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်သစ်သစ်ခင်မှစတင်၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်(တ/၂၄၃၇)အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရလည်းကောင်း၊ အမှုစစ်အဖြစ်ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပီး တစ်စုံတစ်ရာကိုပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် ၁၃-၉-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။


ကျနော်ကတော့ မြန်မာပြည် အဂတိကို ကြည့်ပြီး. .ကိုယ်တိုင် မတရား ခံရတာများလို့ စိတ်ပျက်ခဲ့တယ်။ အခု သမတကြီး ဦးဝင်းမြင့် လက်ထက်မှာ အများကြီး မျှော်လင့်မိတယ်။ မြန်မာ အဂတိအညွှန်းက ဒီဆောင်းပါး ရေးတဲ့အဆင့်၁၅၇ (2014) ပိုကောင်းတဲ့ အဆင့် ၁၃၀(2016) ရောက်လာပါပြီ။ ဟုတ်ပါတယ်ဗျ. တရုပ် တိန်ရှော်ဖိန် စတင်ပြောင်းလဲတဲ့ ၁၉၈၅-၁၉၉၀ ကာလမှာ သေဒဏ် က မူးရစ်ဆေးဝါး ပဲ ရှိတယ်..၁၉၉၃ နောက်ပိုင်း စီးပွား အခြေ ခိုင်လာတော့မှ (politically) လာပ်စားမှု သေဒဏ် ပေးလာတယ်။ ဒါလဲ မျက်ကန်းတစ္ဆေ မကြောက်သလို..အာဏာရလာရင်. မကြောက်ပဲ လာပ်စား ညှစ်တောင်း အများကြီး ရှိနေတာပါ. တရုပ်. စင်ကာပူ. အမေရိကန်. တွေလဲ Continuously တိုက်ဖျက်နေတာပါပဲ..


ရမှတ် တဖြေးဖြေး တက်လာတာပဲ ဝမ်းသာရမှာပါ.. မြန်မာက ၅နှစ်အတွင်း ၁၅မှတ် ကနေ ၃၀မှတ်ထိ တက်လာပါတယ်။ ရမှတ် ၁၀၀ (လပ်စားမှု လုံးဝမရှိ) ကတော့ ဒီလောက မှာ မဖြစ်နိုင်ပါ. စင်ကာပူ ၈၅% ရတော့ အဲဒီမှာလဲ လပ်စားသူ ၁၅% ရှိတာပါပဲ.. .







ဦး ဘို ဘို ငယ် (ဗ ဟို ဘဏ် ဒုဥက္ကဌ) တွေ့ ဆုံ မေးမြန်း ခြင်း မှ ဖြစ်ပါတယ်။

ဦး ဘို ဘို ငယ် (ဗ ဟို ဘဏ် ဒုဥက္ကဌ) 
တွေ့ ဆုံ မေးမြန်း ခြင်း မှ ဖြစ်ပါတယ်။ 
.
* ငယ်စဉ်ဘဝ ရိုးရှင်းပြီး ဖခင် မိခင် အစိုးရဝန်ထမ်း နဲ့ ကံကောင်းထောက်မစွာ ရန်ကုန် (ယခင် အင်္ဂလိပ် မက်သဒစ်ကျောင်း) ပညာဆည်းပူးပြီး ရန်ကုန်တက္က သိုလ် ဘူ မိ ဗေဒ ပညာသင်ခဲ့တယ်။. စီးပွားရေးလဲ မသိခဲ့တဲ့ မြန်မာ့ဆို ရှယ် လစ် ခေတ် ဖြစ်တယ်။ တက္ကသိုလ် တတိ ယ နှစ် ရောက် မှ စီး ပွား ရေး ပညာ လက် တွေ့ လုပ် ခဲ့ ရ တယ်။ လမ်း ဘေး ပလက် ဖောင်း စာအုပ် ဟောင်း ရောင်း ငွေ ရှာ ခဲ့ ပြီး စည် ပင် လိုက် ဖမ်း ပြေးတမ်း က စား ခဲ့ ရတယ်။ 
.
၁၉၉၀ မှာ နိုင် ငံ ရေး အကျဉ်း သား ဘဝ စာအုပ် တွေ ထောင် ထဲ တရွက် ချင်း သွင်း စု ဖတ် ခဲ့ ရ တယ်။ ဘ ဝ တူ နိုင် ငံ ရေး အကျဉ်း သား တွေ အများ စု က တတ်သိ နား လည် အောင် မြင် သူ တွေ ပါ။ သူတို့ အများ စု က ကွယ် လွန် သွား ပေ မဲ့ ကျေး ဇူး က တော့ ထာ ဝ ရ တင် နေ ပါ တယ်။ အင်္ဂ လိပ် စာ လည်း Milton, Shakespeare တွေ သူတို့ ဆီက အကျယ် တဝင့် လေ့လာ သင်ကြား ခဲ့ ရ တာ နောက် ပိုင်း အမေရိ ကား တက္ကသိုလ် တက် ချိန် အတန်း ဖော် တွေ ထက် တောင် ကျနော် က အခြေ အနေ ကောင်း ခဲ့ ပါတယ်။ 
.
ထောင် က ထွက် ပြီး အမေ ရိ ကား သွား တယ်။ ပထမဆုံး မက် ဆာ ချူး ဆက် ပြည် နယ် က Berkshire Community College မှာ တက်ခဲ့ တယ်။ ပိုက်ဆံ $160 ပဲ လက်ထဲ ရှိတော့ ပန်ကန် ဆေး အလုပ် ၅နှစ် လုပ်တယ်။ ဂုဏ်ယူစရာ အလုပ်ပါ။ နောက် Bard College မှာ ဘောဂဗေဒ ပညာသင်ပြီး စာတွေ သဲကြီး မဲ ကြီး ကြိုး စား ခဲ့ တယ်။ ပြင်ပ ပညာရေး CFA Institute လဲ တက်ခဲ့တယ်။ ဘောဂ ဗေ ဒ နဲ့ ငွေ ကြေး ပညာ စိတ် ဝင် စား သူ များ CFA တက် ဖို့ အ ကြံ ပြု ပါ တယ်။ 
.
ပထမ ဘွဲ့ရပြီး John Hopkins တက္ကသိုလ် ဘောဂဗေဒ ဆည်းပူးပြီး. .ဗြိတိန် နိုင်ငံ SOS, London မှာ ပါရဂူဘွဲ့ရဆည်းပူးခဲ့ ပါ တယ်။ 
.
မြန် မာ ပြည် မှာ ကိုး ရီး ယား ဟင်း ချို ချက် ဖို့ ပိန်း ရိုး စိုက် ပျိုး လုပ်ငန်း ရှမ်ပြည် အင်း လေး ကန် မှာ စိုက်၊ ပို့ကုန် စတင် ခဲ့ပြီး အခက်ခဲ များ ကြား က အခု လုပ် သား ၃၀၀၀ ပိန်း ရိုး စိုက် ပျိုး နေကြ တာ အရမ်း ဂုဏ် ယူ မိ ပါ တယ်။ 
.
အမေ ရိ ကား မှာ ပညာ သင် ပြီး Boutique ဘဏ္ဍာ ရေး စီ မံ ခန့် ခွဲ အလုပ်.. မြန် မာ ပြည် က hedge funds တွေလို လုပ်ငန်း ၆ နှစ်လောက် ဘဝ မြှတ် နှံ ခဲ့ ပါ တယ်။ အဲဒီ အချိန် Global Financial Crisis ဖြစ်ပြီး. အဆုံး သပ် မှာ အမေ ရိ ကန် ဗဟို ဘဏ် ဥက္ကဌ Ben Bernanke က ဖြေရှင်းပေးတယ်။ ကျနော်တို့ သူ့ ဆီ က တော် တော် လေး လေ့ လာ သင် ယူ ခဲ့ ရ ပါ တယ်။ 
.
၂၀၁၄ မှာ မြန်မာ ပြည် မိသားစု အတူ နေ ဖို့ ပြန် လာတယ်။ ကမ္ဘော ဇ ဘဏ် မှာ လုပ်ခဲ့ ရပြီး အမေရိကား က ရခဲ့ တဲ့ ပညာ ပြန် အသုံး ချ နိုင် ခဲ့ ပါတယ်။ 
.
(မက်ကရို စီးပွားရေး အစိုးရ ပိုက်ဆံ ကို စီမံ ကိန်း များ လျှော့ သုံး ပြီးအခွန်စနစ်. ရင်းနှီး ဥပဒေ သစ်. ကု မ ဏီ ဥ ပ ဒေ သစ်. ဘဏ် စည်း မျဉ်း အပြောင်း အ လဲ လုပ် ခဲ့ ကြောင်း. ကြေနပ် ကြောင်း. လျှပ်စစ်. လမ်းတံ တား. ကျေး လက် ကုန် ထုတ် လမ်း. မှာ အ စိုး ရ ပို က် ဆံ သုံး ဖို့. ပုဂ္ဂ လိ က ကဏ္ဍ သာ အ ဓိ က အကျ ဆုံး ခိုင် ခိုင် မာ မာ ယုံ ကြည် ကြောင်း ပြော ပါ တယ်)။ 
.
အတိတ် တုန်းက ဘဏ် ချေး ငွေ တွေ ကို အိမ် ခြံ မြေ ဈေး ကစား မှု တွေ နဲ့ အလား တူ နယ် ပယ် တွေ မှာ အ လ ဟ သ ဖြစ် သွား ခဲ့ တယ်။ 
.
မေး. .ဦး ဘို ဘို ငယ် ဘဝ မှာ အောင် မြင် မှု တွေ ရ နေ ပြီး တ ခု ခု ပြန် လုပ် ပေး နိုင် တဲ့ နေ ရာ ရောက် နေ ပါ ပြီ။ အဲ ဒီ တော့ စာ ဖတ် သူ တွေ ထဲ က ခင် ဗျား လို စိတ် ထား ရှိ သူ တွေ ကို ဘယ် လို အကြံ များ ပေး ချင် ပါ သလဲ။ မူ ဝါ ဒ ချ မှတ် ခြင်း လို ပေါ့။ 
.
ဖြေ။..ပထမ အကြံ ပေးချင် တာ က ပုဂ္ဂ လိ က ကဏ္ဍ မှာ အ တွေ့ အကြုံ ယူ ဖို့ ပါ ပဲ။ မြန် မာ ပု ဂ္ဂ လိ က က ဏ္ဍ က ဒူ ပေ နာ ပေ အများ ကြီး ခံ တယ်။ ဒါ ကို နား လည် မှ မူ ဝါ ဒ လုပ် နိုင် မှာ ပါ။ 
.
မြန် မာ့ စီး ပွား ရေး အ ခု ပြန် မ တည် ဆောက် နိုင် ရင် လွတ် လပ် ရေး ဆုံး ရှုံး သွား နိုင် တယ်။ ၁၉၉၀ တုန်း က ရု ရှား (ဆို ဗီ ယက် ပြည် ထောင် စု) ပြို ကွဲ ခြင်း သင် ခန်း စာ က နိုင် ငံ အင် အား က တင့် ကား အရေ အတွက် ထက်.စီး ပွား ရေး ပေါ် မူ တည် ပါ တယ်။ ဒါ ကို နား လည် လက် တွေ့ ကျင့် သုံး နိုင် တဲ့ နိုင် ငံ တွေ ပဲ ၂၁ ရာစု မှာ ရှင် သန် ပါမယ်။
.
.
ဒေါ်အောင် ဆန်း စု ကြည် ၏ စီး ပွား အကြံ ပေး Sean Turnell မှ မေးမြန်းခန်း ကို The Voice မှာ မြန်မာ ဘာသာ ပြန်ပါတယ်။
.
Facebook Link 
https://www.facebook.com/myanmarjobstudent/posts/10156031618063472?__tn__=K-R