Wednesday, April 10, 2019

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဌာန ညွန်ချုပ်၊ ဒုညွန်ချုပ်များ အဂတိဖြင့် အရေးယူ

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
************************************************************
နေပြည်တော် ဧပြီလ(၁၀)ရက်
------------------------------
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ အဂတိတရားများအား သိရှိနိုင်ပါရန်နှင့် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယ ညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး) နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၂၃၇၆၉၇၇၈၀.၂၂ ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄ ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် (၈၁၀) သိန်းကို လည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး(ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် ၁၀-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ACC Myanmar
.
Note: 
ဒီ ဌာနဟာ ပို့ဆက်ဝန်ကြီးဌာန လက်အောက်ဖြစ်ပါတယ်။ လည်ဆည်အောက်က ရေရရှိရေး (ရေအရင်းမြစ်ဌာန) မဟုတ်ပါဘူ။ ပို့ဆက် ၀န်ကြီးဌာန မှာ ခွက်ခွက်လန် ရှုံးနေတဲ့ ဌာနများစွာ ရှိပါတယ်။ 
... လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန
...ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန
...ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန (က.ည.န)
...မိုလေ၀သနဲ့ဇလဗေဒ ဦးစီးဌာန
...ရေအရင်းအမြစ်၊ မြစ်ချောင်းများ ဦးစီးဌာန
....ဆက်သွယ်ရေးဦးစီးဌာန (ဆ.ည.ရ)
... သတင်းအချက်လက်၊နည်းပညာဦးစီးဌာန
... ပို့ဆက်သင်တန်းကျောင်း
... ပြည်တွင်းရေကြောင်း လုပ်ငန်း
... မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်
... အမျိုးသာလေကြောင်းလုပ်ငန်း
... မြန်မာ့ မီးရထား လုပ်ငန်း
... ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း 
... မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)
.... မြန်ာစာတိုက်လုပ်ငန်း .. စသည်တို့ဖြစ်ပါတယ်။ 
.... 
(ယခင်က ကြယ်ငါးပွင်းသင်္ဘောလုပ်ငန်းကို ဦးပိုင်က ယူသွားတယ်)။

မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရေးယူ

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ
*****************************************
နေပြည်တော် ဧပြီလ(၃)ရက်
-----------------------------
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်များတွင် တရားမဝင် ရွှေသတ္ထုတူးဖော်သူများနှင့် အဂတိလိုက်စား၍ ရွှေခိုးထုတ်ရာတွင် ပူးပေါင်းပါဝင်သော တာဝန်ကျဝန်ထမ်းများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဦးထွန်းအောင်စိုး (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ) က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
၎င်း၏တိုင်ကြားစာအရ ဦးထွန်းအောင်စိုး ဖော်ညွှန်းသော သက်သေများနှင့် ဆက်စပ်သက်သေများ၏ ထွက်ဆိုချက်အရ မိုးထိမိုးမိဒေသ ရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ကွက်ကြီး (A)ရှိ ပိတ်ထားသော Adit အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ၆(၁)ဖြင့် အမှုဖွင့် တိုင်ကြားခြင်း ခံခဲ့ရသည့် ဦးအေးကိုပါ (၁၀)ဦးတို့အား ဦးထွန်းအောင်စိုး ညွှန်ကြားသည့်အတိုင်း သတ္တုတွင်းဝန်ထမ်းနှင့် လုံခြုံရေးရဲများကို ငွေပေး၍ သတ္ထုခိုးတူးခြင်း ဖြစ်သည်ဟု ပြောဆိုပေးရန် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့သည် ရမည်းသင်းအကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံ သင်ကြားပေးခြင်း၊ အမှု သက်သာအောင် ဆောင်ရွက်ပေးမည်ဟု သွေးဆောင်ပြောကြားခြင်း၊ ရွှေဟင်္သာဟိုတယ်၌ သတင်းသမားများနှင့် တွေ့ဆုံစဉ် ဦးသိန်းမြင့်ပါ (၄)ဦးအား မမှန်မကန်သော အချက်များကို ထုတ်ဖော်ပြောကြားစေရန် ဆောင်ရွက်ပေးခဲ့ပြီး မမှန်မကန်သော အချက်အလက်များကို ရေးသား တိုင်ကြားစေရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ဦးထွန်းအောင်စိုးသည် ၎င်းတို့ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအဖွဲ့(၈)ဖွဲ့ အမည်ကို အလွဲသုံးစားပြုပြီး နိုင်ငံ့ဝန်ထမ်းများက ငွေကြေးများရယူပြီး တရားမဝင် ရွှေခိုးတူးခွင့်ပြုကြောင်း၊ ရွှေခိုးတူးသူများအား လာဘ်ငွေရယူ၍ ပြန်လွှတ်ခဲ့သည်ဟု မမှန်မကန် စွပ်စွဲတိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် နိုင်ငံ့ဝန်ထမ်းများအား နစ်နာစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် ၃-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအနက် ရာခိုင်နှုန်း တစ်ခုသည် သဘောရိုးဖြင့် မှားယွင်းတိုင်ကြားသည့် တိုင်ကြားစာများဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ တိုင်ကြားသူများအပေါ် ကော်မရှင်က အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။ သို့ရာတွင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်ပါက မမှန်မကန်တိုင်ကြားသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ အရေးယူရပါသည်။ ယခုဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းများအား တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန်တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထားများရှိကြောင်း စိစစ်တွေ့ရှိရ၍ ဦးထွန်းအောင်စိုးပါ (၃)ဦးအပေါ် အထက်ပါကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့၌ ကျင်းပ

“တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့၌ ကျင်းပ
*********************************************************************************
နေပြည်တော် မတ် ၂၃
--------------------------
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် “တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ ကော်မရှင်အဖွဲ့ဝင်နှင့် ပြင်ပပညာရှင်များ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၆)ဦးတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာများ၊ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍများကို စင်မြင့်ထက်တွင် စကားဝိုင်းအသွင်ဖြင့် ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပြည်သူအား အသိပညာပေးခြင်းကို ကြိုးစားဆောင်ရွက်နေခြင်းအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဂတိကင်းစင်သော ရပ်ဝန်းကြီးဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များ မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံအားဆင်းရဲနွမ်းပါးသည့် အခြေအနေထိဖြစ်ပေါ်စေသည့် စနစ်ဆိုးကြီးဖြစ်၍ တိုက်ဖျက်ရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု လျော့ပါးလာသည်နှင့်အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း တို့ကို ပြောကြားသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ကော်မရှင်သည် တရားစွဲဆို အရေးယူ ဆောင်ရွက်ရခြင်းများ လျော့ပါးသက်သာသွားစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်း တချိန်တည်း တစ်ပြိုင်တည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည်ဟုသုံးသပ်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊
လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် မိမိတို့ဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် တားဆီးကာကွယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့အဖွဲ့အစည်းများကို အဂတိကင်းစင်သွားအောင် ကိုယ်တိုင်ကစတင်၍ စွန့်လွှတ်အနစ်နာခံ၊ အဆင်းရဲအပင်ပန်းခံပြီး စနစ်တစ်ခုလုံးကို ပြောင်းလဲသွားစေရန် တာဝန်ယူ ဆောင်ရွက်ရသည့် အလုပ်ဖြစ်ပါကြောင်း၊ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလုပ်တစ်ခုပင်ဖြစ်ပါကြောင်း၊ အစိုးရဌာနများအတွင်း၌ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ၌ဖြစ်စေ၊ ပင်ကိုရိုးသားဖြူစင်သောအသိစိတ်ဓာတ်ဖြင့် အဂတိလိုက်စားမှုကို စွဲမြဲစွာ ဆန့်ကျင်နေကြသည့်လူများ အများအပြား ရှိနေကြဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါပုဂ္ဂိုလ်များသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၌ နေရာပြန်ယူကြစေလိုပြီး အဂတိလိုက်စားမှုစနစ်ဆိုးကို ပြည်သူများနှင့်အတူ တက်ညီလက်ညီတိုက်ဖျက်ကြရန် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ဌာနအတွင်း၌ အဂတိလိုက်စားမှုစနစ်ကို လျော့ကျသွားစေရန် မိမိတို့ကိုယ်တိုင် တာဝန်ယူကြမည်ဟူသော ပင်ကိုဖြောင့်မတ်တည်ကြည်သော စိတ်ကောင်းစေတနာ ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့်−
(၁) မြို့နယ်နှင့် ကျေးလက်ဒေသအသီးသီးတွင် မိမိဌာနနှင့်ပတ်သက်၍ အဂတိလိုက်စားမှု ဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ရန်၊
(၂) သေးငယ်သော လာဘ်ပေးလာဘ်ယူမှုများရှိခဲ့လျှင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး တင်ပြသွားရန်၊ ပိုမိုကြီးမားသော အဂတိလိုက်စားမှုများဖြစ်ခဲ့လျှင် ပြည်ထောင်စုဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာအစိုးရအဖွဲ့မှတဆင့် ကော်မရှင်သို့ ဆောလျင်စွာ လွှဲပြောင်းပေးပို့ရန်၊
(၃) ဌာနကကျင့်သုံးနေသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၌ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်များကို တွေ့ရှိရလျှင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတို့ကို ကြိုတင်တင်ပြသွားသင့်ပါကြောင်း ကော်မရှင်အနေဖြင့် တိုက်တွန်းပြောကြားလိုပါကြောင်း။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ဖွဲ့စည်းခြင်းနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှုအကဲဖြတ်ခြင်း CRA လုပ်ငန်းစဉ်တို့သည် ကမ္ဘာလုံးဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDG) အမှတ်စဉ် ၁၆ နှင့်လည်း ဆီလျှော်ကိုက်ညီမှုရှိပါကြောင်း၊ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ အခြေခံကျင့်သုံးမှု (Universality) ဖြစ်သည်ဟုပြောနိုင်နေပြီဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲခြင်းနှင့် မိမိတို့၏အဖွဲ့အစည်းများကို ပြောင်းလဲလာစေရန် တာဝန်ယူခြင်းတို့ဖြင့် မိမိတို့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုပြန်လည် မြှင့်တင်ပေးကြပါ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းတို့တွင် တာဝန်ယူမှု မြှင့်တင်ပေးကြပါရန် တိုက်တွန်းကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကော်မရှင်အဖွဲ့ဝင်ဦးစိုးတင့်က“ကော်မရှင်၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်မှုများ”၊ တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက “တာဝန်ယူမှုရှိသောအုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က“တာဝန်ယူမှုရှိသောအုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာဇော်ဦး က “တာဝန်ယူမှုရှိသောCSOများကဏ္ဍ”၊ ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဝင်းမြင့်အောင် က “ တာဝန်ယူမှုရှိသောစီးပွားရေးကဏ္ဍ”နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းမြင့်လှိုင်က “တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များ မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြောကြားသည်။ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဂတိ--တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊

အဂတိနဲ့ဖမ်းဆီးခံရှာပြီ။
မယ်ဘုတ် ချည်ထွေး ရှုပ်လှချည်သေး။
===============
လွယ်လွယ်ကူကူပေးမည်မဟုတ် ဘဲ ထောင်သာ အကျခံမည်ဟု ထားဝယ်လျှပ်စစ်ကုမဏီ GGS တာဝန်ခံက ပြောသည်။ 7Days News
.
နိုင်ငံတော်သို့ ဓာတ်ငွေ့ဖိုး ကျပ်သိန်းရှစ်သောင်း (US$5 million) ကျော် ပေးသွင်းခြင်းမရှိသော GGS ကုမ္ပဏီမှ အကြွေးရရှိရေး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး များထံမှ သဘောထားမှတ်ချက် များရယူ၍ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြမည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ် လျဉ်းပြီး ကိုယ်စားလှယ်များက GGS ကုမ္ပဏီအကြွေးကိစ္စဆွေး နွေးချက်များကို လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခြင်း ဖြစ်သည်။
‘‘ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တော်က ရသင့်ရထိုက်သော အ ကြွေးများကို လုံးဝလျစ်လျူရှုထား ခြင်းမရှိဘဲ စဉ်ဆက်မပြတ် တောင်းခံလျက်ရှိရာ ဒီကနေ့အထိ တရားဝင် စာပေါင်း ၁၄ ကြိမ် အ ကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်’’ ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်း နိုင်က ပြောသည်။
GGS ကုမ္ပဏီသည် ထားဝယ် မြို့နယ်အတွင်း ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရန် တိုင်းဒေသကြီးအ စိုးရအဖွဲ့က တင်ဒါရွေးချယ်ခေါ် ယူခဲ့သော ကုမ္ပဏီဖြစ်ပြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ရွေး ချယ်ခဲ့သည့် ကုမ္ပဏီမဟုတ် ကြောင်း ဒုဝန်ကြီးက ပြောသည်။
ပြည်သူများ လျှပ်စစ်ဓာတ် အားရရှိရေး လိုအပ်နေသော သဘာဝဓာတ်ငွေ့ကို မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းသို့ပေးပို့သည့် ဓာတ်ငွေ့ခွဲ တမ်းအနက်မှ ဓာတ်ငွေ့ကုဗပေ နှစ်သန်းကို တိုင်းဒေသကြီးအစိုးရ တောင်းခံချက်အရ အသုံးချခွင့် ခွဲဝေပေးခဲ့ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
GGS ကုမ္ပဏီသည် လုပ်ငန်း ဆောင်ရွက်စဉ်က စ၍ လက်ရှိအ ချိန်ထိ နိုင်ငံတော်သို့ ဥပဒေသတ် မှတ်ချက်များနှင့်အညီ အခွန်ပေး ဆောင်မှုမရှိသည့်အပြင် တိုင်းအ တွင်း ကုမ္ပဏီအတွက် အကျိုးအ မြတ်ရရှိရန် သေချာသော သရက် ချောင်း ငါးလေလံဈေးစီမံကိန်း နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို တိုင်းအစိုးရအဖွဲ့ ခွင့်ပြု ချက်ဖြင့် လုပ်ပိုင်ခွင့်ရရှိနေ ကြောင်း ဒီဇင်ဘာ ၁၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်တွင် ကျွန်းစုမြို့နယ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ဝေဖန်ထောက်ပြခဲ့ သည်။ GGS ကုမ္ပဏီတာဝန်ရှိသူ ဦးအောင်မြတ်က ၎င်းထံတွင် နိုင်ငံ တော်သို့ ပေးသွင်းရမည့်ဓာတ်ငွေ့ ဖိုး ကြွေးကျန်ကျပ်သိန်းရှစ် သောင်းကျော် အဆင်သင့်ရှိသော် လည်း နိုင်ငံတော်က ကုမ္ပဏီသို့ ရောင်းချသည့် ဓာတ်ငွေ့တန်ဖိုး ကို လက်ရှိအချိန်အထိ တိတိကျ ကျ သတ်မှတ်ပေးခြင်းမရှိသဖြင့် လွယ်လွယ်ကူကူပေးမည်မဟုတ် ဘဲ ထောင်သာ အကျခံမည်ဟု ဒီဇင်ဘာ ၁၅ ရက်က ထားဝယ်မြို့တော်ခန်းမ၌ ကုမ္ပဏီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် GGS ကုမ္ပဏီက ဆောင်ရွက်နေသော ထားဝယ် ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ် ငန်းစီမံကိန်းနှင့် သရက်ချောင်း ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန် စီမံကိန်းတို့ကို လွှတ်တော်သို့ တင် ပြရန် လွှတ်တော်က အကြိမ်ကြိမ် သတိပေးသော်လည်း တိုင်းအစိုးရက လက်ရှိအချိန်အထိ တင်ပြ ခြင်းမရှိကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင် ဘာ ၁၉ ရက်တွင် ပြောကြား သည်။
GGS ကုမ္ပဏီနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စာ ချုပ်ချုပ်ဆိုစဉ်က စာချုပ်ပါအ ချက်အလက်များကို တိကျစွာ ဖော်ပြခြင်းမရှိဘဲ စာချုပ်တွင် ကွက်လပ်များချန်ထား၍ ချုပ်ဆို ခြင်းသည် လိမ်လည်ချုပ်ဆိုခြင်း သာဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က ပြော သည်။
‘‘ဥပဒေအရ တရားမဝင်တဲ့ စာချုပ်ဖြစ်ပြီ။ စာချုပ်က ပျက်ပြီ’’ ဟု ဦးကြီးမြင့်က ဆိုသည်။
ထို့ကြောင့် နစ်နာသည့် နိုင် ငံတော်အနေဖြင့် ဥပဒေနှင့်မညီ ဘဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြု သော တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီကိုပါ တရားစွဲဆိုရမည်ဟု ၎င်းက မှတ်ချက်ပြုသည်။
GGS ကုမ္ပဏီသည် လုပ်ငန်း ဆောင်ရွက်စဉ်က စ၍ လက်ရှိအ ချိန်အထိ နိုင်ငံတော်သို့ အခွန်ပေး ဆောင်ခြင်းမရှိသလို သဘာဝ ဓာတ်ငွေ့ဖိုးကြွေးကျန်ကျပ်သိန်း ရှစ်သောင်းကျော်ကိုလည်း ပေး သွင်းရန် ပျက်ကွက်နေသည်။
လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းလုပ်ငန်းအတွက် တိုင်း အစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုသည့် စာချုပ်တွင်မူ ဓာတ် အားပေးစက်များမှ လအတွင်း အသုံးပြုသော Gas Flow Meter ၏ဖတ်ရှုယူနစ်ကို သတ်မှတ်ထား သည့် ဓာတ်ငွေ့နှုန်းထားအတိုင်း လုပ်ကိုင်ခွင့်ရသူက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရ မည်ဖြစ်ပြီး သတ်မှတ်အခွန်အခ များကိုလည်း လုပ်ကိုင်ခွင့်ရသူက ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် စာချုပ်တွင် လအ တွင်းဟု ဖော်ပြထားပြီး တိတိကျ ကျရေးသားထားခြင်းမရှိသည့်အ ပြင် လုပ်ပိုင်ခွင့်သက်တမ်းကာလ နှင့် အခြားအချက်အလက်များကို စာချုပ်၌ တိကျစွာ ဖော်ပြထား ခြင်းမရှိဘဲ ကွက်လပ်ဖြင့်သာ ဖော်ပြ၍ စာချုပ်ချုပ်ဆိုထားသည် ကို တိုင်းအစိုးရအဖွဲ့က ပြည်သူ အများသိရှိရန် ထုတ်ပြန်ခဲ့သည့် ယင်းစာချုပ်၌ ဖော်ပြထားသည်။
.
သုံးသပ်ရင်
အဖမ်းပဲခံမယ် အစိုးရအကြွေး ပိုက်ဆံ ပြန်မပေးဘူး ဆိုသူ GGS ကုမဏီ က ဝန်ကြီးချုပ် ကိုပါ တပါတည်း ခေါ်သွားနိုင်တာ တွေ့ရတယ်။ ဒီလို အဖမ်းခံ ပြန်မပေး ထွက်ပြေးသူများ ကို ဒေဝါလီ ဥပဒေ ရေးဆွဲနေဆဲပါ။
MZA

.===================

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
*************************************************
နေပြည်တော်၊ မတ်လ (၁၀)ရက်
-------------------------------------
၁။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၄-၂-၂၀၁၉ ရက်နေ့မှ ၆-၃-၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ-
(က) ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး မကြာမီ ၁၅-၁၂-၂၀၁၆ ရက်နေ့တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း၊
(ခ) ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူမ၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀) ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း၊
(ဂ) တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်သူ ဖြစ်ပြီး ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့သည် အိမ်နှင့်မြေကို ကာလ တန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြကြောင်း၊
(ဃ) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၆-၁၂-၂၀၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၁-၇-၂၀၁၇ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၁၀-၃-၂၀၁၉ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရား စွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


.