Tuesday, December 11, 2018

ပင်းတယမြို့.မှ ဖန်မီအိမ်ရှင် ဆရာဝန် တယောက်အကြောင်း

ဖိတ်စာ တစ်စောင်မှ မကမ်းရဘဲ ကျွန်တော့်ကို ချစ်တဲ့စိတ်နဲ့ ထောင်ချီ တက်ရောက်လာတဲ့ ချစ်သော တိုင်းရင်းသားတွေ

ကျွန်တော့်အိမ်ကနေ အခမ်းအနား ကျင်းပရာ ဓမ္မာရုံထိ လမ်းတလျှောက် ပန်းစည်းကမ်းကြိုနေတဲ့ ပရဟိတမောင်မယ်တွေနဲ့ မြို့လူထုတွေ

ကျွန်တော့်ပုံထိုးထားတဲ့ အင်္ကျီတွေ ဝတ်ပြီး ဂုဏ်ပြုကြတဲ့ လူငယ်တွေ

ကျွန်တော့်ကို ဖက်ပြီး ငိုယိုနေကြတဲ့ တိုင်းရင်းသားတွေ

ကျွန်တော့်အတွက် သီချင်းတွေရေးပြီး နှုတ်ဆက်နေကြတဲ့ ဂီတမောင်မယ် ပရဟိတလူငယ်တွေ

ကျွန်တော့်အကြောင်း ရေးတဲ့ကဗျာတွေ ရေးစပ်ပေးကြသူတွေ

အမှတ်တရ စကားတွေ ရေးပေးကြတဲ့ ချစ်သော တိုင်းရင်းသားတွေ

ငိုယိုကန်တော့နေကြတဲ့ ကျွန်တော့်လူနာတွေ

သူတို့အားလုံး ကျွန်တော့်ကို ပေးလိုက်တဲ့ဆုက '' ဂုဏ်ထူးဆောင် ပင်းတယသားဆု'' ပါ တဲ့။

မေတ္တာနဲ့ပေးလိုက်တဲ့ ဂုဏ်ထူးဆောင် ပင်းတယသားဆုနဲ့ ရွှေရင်ထိုးတွေကို ထာဝရ သိမ်းဆည်းထားပါ့မယ်။
  နှလုံးသားမှာ အမြဲထာဝရ

 ချစ်တဲ့ '' ပင်းတယ''။

မိတ်ဆွေတို့ သုတ်စို့မြမျက်ရည်
-----------------------------------------
ယာခရိုး၌ ငွေချိုးကကူ
ပန်းကလေးတို့ ပျံ့မွှေးကြူကြူ
မြမြက်ခင်းနှင့်   နှင်းပွင့်ဖြူဖြူ
မိတ်ဆွေတို့  သွားစို့ခရီးအတူ။

အိပ်မက်သာမျှ ဘဝတိုတို
မည်သူဆီက ဘာမှမလို
ချစ်ခြင်းကိုဖြင့် ပေးခွင့်ကိုဆို
မိတ်ဆွေတို့ ဆိုစို့ တေးချိုချို။

ဆိုကြသည့်တေး အေးမြကြည်လင်
ကြင်နာကြတုန်းပြုံးပြုံးရွှင်ရွှင်
ရှေ့တောင်ရိုးက မိုးသက်ကယ်ဆင်
မိတ်ဆွေတို့  ခွဲဖို့  အချိန်ပင်။

ကြုံရဆုံရ  လောက ဧည့်သည်
လျှပ်တပျက်မျှ ကြုံရပေသည်
မုန်းလျှက်မခွဲ  ချစ်လျှက်ခွဲမည်
မိတ်ဆွေတို့ သုတ်စို့ မြမျက်ရည်။

ပျဉ်းမနား မောင်နီသင်း
https://m.facebook.com/story.php?story_fbid=2188558587855833&id=100001051400444
..........................
.
.
ခုနစ်နှစ် အလွန်။
ဟိုးလွန်ခဲ့တဲ့ (၇)နှစ် နံနက် (၅)နာရီ အချိန်မှာပေါ့။ ပင်းတယဆေးရုံကို ကျွန်တော် စရောက်ခဲ့ပါတယ်။ ကြက်ဆူတွေ ချုံထလို့ ၀င်ပေါက်တောင် မမြင်ရတဲ့ဆေးရုံ၊ ၀င်ပေါက်ပျောက်နေလို့ မနည်းရှာရတဲ့ ဆေးရုံ၊ အတွင်းလူနာ(၅)ဦးနဲ့ (၁၀)ဦးသာ ရှိနေခဲ့တဲ့ ဆေးရုံ၊ မိုးရွာရင် လူနာတွေ ကုတင်ပတ်ပတ်လည်မှာ ရေခွက်လေးတွေ ခံထားရတဲ့ ဆေးရုံ၊ အခုတော့ ဒါတွေ အားလုံး အိပ်မက်ကမ္ဘာမှာ ဝေး -- ဝေး-- ဝေးလို့ ကျန်နေခဲ့ပါပြီ။
(၇)နှစ်တာ ကာလ သမင်လည်ပြန်ကြည့်လိုက်တော့-
(၁) အခမဲ့ ဆေးကုခရီးများ။
ခုနစ်နှစ်အတွင်းမှာ အခမဲ့ ဆေးကုခရီးပေါင်း (၂၇၉)ကြိမ် ကျန်းမာရေး ဟောပြောပွဲ တက်ရောက်သူပေါင်း (၄၉၉၆၃)ဦးကို ကျန်းမာရေး ဟောပြောခဲ့ပြီး လူနာပေါင်း ၅၁၄၉၁ ဦးကို အခမဲ့ ဆေးကုပေးနိုင်ခဲ့ပါတယ်။ ကားစီးလို့ရရင် ကားစီး၊ ကားမရရင် ထော်လာဂျီစီး၊ မရရင် ဖိနပ်ခါးကြားထိုး လမ်းလျှောက်ပြီး ဆေးကုထွက်ခဲ့ရတာပါ။
လူနာမလာနိုင်ရင် ငါတို့ ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်နဲ့ တောတွေ တောင်တွေထဲ ခက်ခက်ခဲခဲ လိုက်ပါခဲ့တဲ့ တပည့်တွေ အားလုံးကို ဦးညွတ်ဂုဏ်ပြုပါတယ်။
(၂)ဆေးရုံလူနာအခြေအနေ။
ကျွန်တော် ရောက်ခါစ ၂၀၁၁ မှာ အတွင်းလူနာ (၅)ဦးကနေ (၁၀)ဦးသာ ရှိရာကနေ အခုအခါ အတွင်းလူနာ (၈၀)ကနေ (၁၀၀)အထိ တိုးတက်လာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ အတွင်းလူနာ စုစုပေါင်း ၁၀၁၄ ဦး ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ အတွင်းလူနာ ၆၄၆၇ ဦးအထိ (၆)ဆ တိုးတက်လာခဲ့ပါတယ်။
ပြင်ပလူနာ အနေနဲ့ ကြည့်ရင်လည်း ၂၀၁၁ မှာ ၃၉၆၄ ဦး ရှိရာကနေ ၂၀၁၅ မှာ ၃၉၅၅၉ ဦးအထိ (၁၀)ဆ နီးပါး တိုးတက်လာခဲ့ပါတယ်။ မကြာခင်လည်း ကုတင်(၁၀၀)အဆင့် ဖြစ်ဖို့ ကြိုးစား နေပါပြီ။ ဒီလူနာတွေကို လက်ထောက်ဆရာဝန် (၂)ဦးနဲ့ နေ့မအိပ် ညမနား စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ ပင်ပန်းပေမယ့် အားလုံး အပြုံးမပျက်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ကြပါတယ်။
ကျွန်တော်တို့ အယူအဆကတော့ “The best medicine in the world is SMILE.” ပါပဲ။
(၃) အဆောက်အအုံ အခြေအနေ။
ခုနစ်နှစ်အတွင်းမှာ ဆေးရုံဝင်းထဲမှာ ခွဲစိတ်ခန်းမကြီး၊ အစည်းအဝေးခန်းမ၊ လူနာဆောင် (၂)ဆောင်၊ ဆရာဝန်နေအိမ် (၂)လုံး၊ လေးခန်းတွဲ ဆရာမနေအိမ် (၂)လုံး၊ (၆)ခန်းတွဲ ဆရာမနေအိမ် (၁)လုံး၊ ဆေးစတို၊ မိခင်ကလေး အဆောက်အအုံတို့ကို အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်ခဲ့ပြီး လူနာစောင့်နားနေဆောင်၊ ဓါတ်ခွဲဆောင်၊ သရဏဂုံတင်ဇရပ် တို့ကို အများပြည်သူ အလှူငွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ စုစုပေါင်း (၁၄)ဆောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။  ၂၀၁၇ မှာ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းအတွက် နှစ်ထပ်ရုံးတစ်ရုံးကို ငွေကျပ် (၁၆၅)သိန်းကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
 ပင်းတယမြောက်ဖျားက မိုင်းအင်ကျေးရွာမှာ ခန့်ခန့်ထည်ထည်ရှိလှတဲ့ မိုင်းအင်တိုက်နယ်ဆေးရုံသစ်ကြီးကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ မကြာတော့သောကာလမှာ ပင်းတယဆေးရုံမှာ လေးခန်းတွဲ လေးထပ် ၀န်ထမ်းအိမ်ရာဆောင်နဲ့ နှစ်ထပ်လူနာဆောင်တွေလည်း ပေါ်ပေါက်လာပါတော့မယ်။
(၄) ပြည်သူ့ကျန်းမာရေး အဆောက်အအုံများ။
ခုနစ်နှစ်ကာလအတွင်းမှာ ထယ်သွန်းကျေးလက်ကျန်းမာရေးဌာန၊ သပြေကုန်း၊ ညောင်ကောက်၊ တောင်ရွှေပုထိုး၊ မိုင်းလီ၊ အင်းငယ်ရွာတွေမှာ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို ဘက်ဂျက်နဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
အလှူခံ ဆောက်လုပ်ခဲ့တာတွေကတော့ လင်းလေအင်း၊ အုံအက်၊ ကံလှကုန်း၊ ကြံခင်းမြောင်၊ ဆီးကျအင်း၊ ကျောက်စု၊ ပင်ပျော်မြေခြား၊ အိမ်ပု၊ ထွက်နီ၊ ဖောင်းပြား၊ ၀ါးပြား၊တံတားကြီး၊ သစ်အယ်ပင်  ရွာလေးတွေမှာ ကျေးလက်ဆေးပေးခန်း (၁၃)ခုကို အလှူခံ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ မူလရှိပြီိးသားဖြစ်တဲ့ ကျားကုန်း၊ စံသီးကုန်း၊ တမဲ၊ မြောခြားချိုင့်၊ မြေခြားမြောက် ၊ ကိုးလုံး စုစုပေါင်း (၆) ရွာနဲ့ေ ပါင်းရင် ရွာတွေမှာ ကျေးလက်ဆေးပေးခန်း အားလုံးပေါင်း (၁၉)ခု ရှိနေပါပြီ။
အဲဒီရွာလေးတွေမှာ အပိုဆောင်း သားဖွားဆရာမတွေ၊ ကျန်းမာရေးကြီးကြပ်(၂)တွေ နေထိုင်စေခဲ့တဲ့အတွက် ပြည်သူတွေအတွက် “ကျန်းမာရေး မဝေးတော့“တဲ့ အခြေအနေကို ဖန်တီးပေးနိုင်ခဲ့ပါပြီ။
(၅) မူလတန်းကျောင်းများ ဆောက်လုပ်ခြင်း။
ရွာတွေလှည့်ဆေးကုရင်း ကျောင်းမရှိတဲ့ ရွာလေးတွေ တွေ့ပြန်တော့ စိတ်မကောင်းဖြစ်တာနဲ့ မူလတန်းကျောင်းလေးတွေ ဆောက်ဖြစ်ပြန်ပါတယ်။ ဒီလိုနဲ့ ပါးမဲ၊ နွားကွေ့၊ ကုန်းစောင်းပင်စိမ်းပင်၊ ကျောက်ပလ္လင်ရွာ၊ ညောင်ဝန်း၊ ပြင်သာ၊ ဇော်ဂျီ၊ ဆီးကျအင်း၊ ပြင်ရွာ (မြောင်းမြမြို့နယ်)၊ ညောင်ကုန်းပင်စိမ်းပင်နဲ့ ကျောက်စုကိုးလုံးရွာတွေမှာ  စုစုပေါင်း (၁၁)ကျောင်း တန်ဖိုးငွေ သိန်း(၂၂၀၀)ကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းခုနစ်ကျောင်းအတွက် ဆရာမလခ တစ်နှစ်စာ သိန်း(၁၄၀)ကို အလှူခံပြီး ဆောင်ရွက်လျက် ရှိပါတယ်။
ရိုးသားတဲ့ တိုင်းရင်းသားတွေ တိုးတက်ဖွံ့ဖြိုးဖို့ ပညာရေးဟာ အခြေခံ ဖြစ်တယ်လို့ ယူဆထားတာကြောင့်လည်း ကိုယ်နဲ့သိပ်မဆိုင်တဲ့ ကျောင်းဆောက်ခြင်းလုပ်ငန်းတွေ လုပ်ဖြစ်နေတာပါ။ တိုင်းရင်းသားတွေ ပညာတတ်မှ လူနေမှုဘ၀ မြင့်တက်မယ်လို့ ခံယူမိလို့ပါ။
(၆) ဓနုမြေ ဘိုးဘွားရိပ်သာ။
တစ်ခါက ရွာတစ်ရွာကို ဆေးကုထွက်ရင်း  တစ်ယောက်ထဲနေရင်း အာဟာရပြတ်သေဆုံးသွားတဲ့ အမေအို တစ်ယောက်ကို တွေ့ရှိခဲ့ရာကနေ ၂၀၁၅ ဇန်န၀ါရီ (၂၀)ရက်မှာ ပင်းတယရဲ့ ပထမဆုံး ဓနုမြေ ဘိုးဘွားရိပ်သာကို ထူထောင်နိုင်ခဲ့ပါတယ်။ အခုဆို ဘိုးဘွား (၂၆)ဦး၊ ၀န်ထမ်း (၅)ဦးနဲ့ အောင်မြင်စွာ လည်ပတ်နေပါပြီ။ ဘဏ်စာအုပ်ထဲမှာလည်း အလှူငွေသိန်း(၅၀၀)ကျော် ရရှိနေပြီ ဖြစ်ပါတယ်။
(၇) ရေရရှိရေး ဆောင်ရွက်ခြင်း။
ပင်းတယမှာ အ၀ီစိတွင်း မတူးနဲ့၊ ရေမထွက်ဘူး ဆိုတဲ့ အစဉ်အလာကြီးကို ကျွန်တော် ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အခုဆို ပင်းတယဆေးရုံ (၂)တွင်း၊ ထွက်နီရွာ၊ တပ်ကြီး၊ ကုန်းသာ၊ တာတိုင်၊ အိမ်ပု၊ မိုင်းအင်၊ သပြေကုန်း၊ တောင်ရွှေပုထိုး၊ ကျောက်ပလ္လင်၊ ရေဖြူအလယ်ရွာ၊ လင်းလေအင်း၊ ရေချမ်းစင်၊ ရေဖြူကျောက်တော၊ သရက်ကုန်း (တောင်)ရွာ၊ ထယ်သွန်းရွာ၊ကျားကုန်းရွာ (၂)တွင်း၊ ခံတောင်အပေါ်ရွာ၊ ကျောက်စုရွာ၊ ပြင်သာရွာ၊ ဘိုးဘွားရိပ်သာ၊ မြောက်သရက်ကုန်း၊ ရှားပြား၊ ၀ါးပြား၊ ၀ါတရာ၊ မဲနယ်တောင်၊ တောင်ပု၊ အိုးကုန်း၊ ပိန္နဲကုန်း (၂)တွင်း၊ ရေဖြူ ညောင်ပင်ဝိုင်း၊ညောင်ကုန်း ပင်စိမ်းပင်၊ မိုင်းလီ၊ ပန်းမက်ရွာလေး (၃၆)ရွာမှာ ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး (၃၄)ရွာ အောင်မြင်ခဲ့ပါတယ်။
ပင်းတယမှာ လူမှုတိုးတက်စေဖို့ ရေရရှိရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း ရေရအောင် အလှူရှင်တွေအားနဲ့ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်။
(၈) လမ်းဖောက်လုပ်ခြင်း။
ရွာတွေဆင်းဆေးကုရင်း ခက်ခဲလှတဲ့ မြေပြိုရွာလေးအတွက် (၃)မိုင်ဝေးတဲ့ လမ်းကို ဒေသဦးစီးက ယန္တရား လှူ၊ ကျောက်တောင်တွေကို မိုင်းခွဲ အလှူငွေတွေကို အလှူခံပြီး လမ်းဖောက်ပေးနိုင်ခဲ့ပါတယ်။
(၉) ပုန်းတလုတ်ကန်ဆယ်ယူခြင်း။
၂၀၁၅ နွေရာသီမှာ အယ်နီညိုရာသီဥတုကြောင့် ပုန်းတလုတ်ကန် ရေခမ်းခဲ့ရပါတယ်။ ရေခန်းနေတဲ့ ပုန်းတလုတ်ကန်ကို ကြည့်ပြီး ပင်းတယသူ ပင်းတယသားတွေနဲ့အတူ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ပဲ ပုန်းတလုတ်ကန်ဆယ်ယူရေးလုပ်ငန်းကို ၂၀၁၅ ဧပြီလကနေ စတင်ကျင်းပခဲ့ရာမှာ မြေကျင်းပေါင်း (၁၁၀၀၀)ကို တူးထုတ်နိုင်ခဲ့ပါတယ။် နောင်အခါ ဒီလိုအဖြစ်မျိုးကြုံ၇င် ရေပြန်ခမ်းမှာစိုးလို့ (၃)မိုင်ကွာဝေးတဲ့ ဇော်ဂျီရေထွက်ကနေ ပုန်းတလုတ်ကန်ထဲကို (၆)လက်မပိုက်တွေနဲ့ အဆင့်ဆင့်သွယ်၊ မြင်းကောင်ရေ (၁၅၀)အား မော်တာကြီး (၂)လုံးနဲ့ ရေတွေကို တွန်းပြီး ပုန်းတလုတ်ကန်ရေ ဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဇော်ဂျီရေထွက်အထိ မီးလိုင်းကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ အလှူခံပေးခဲ့ပါတယ်။ KBZ ဘဏ်ကလည်း အလှူငွေသိန်း(၇၀၀) ထည့်ဝင်ပေးခဲ့လို့ ၂၀၁၇ ဖေဖော်ဝါရီမှာ ပုန်းတလုတ်ကန် ရေအောင်ပွဲကို ဆင်နွှဲနိုင်ခဲ့ပါပြီ။ ကုန်ကျငွေပေါင်း သိန်း(၂၄၀၀) ဖြစ်ပါတယ်။
(၁၀) မီးအိမ်ရှင်စာကြည့်တိုက် ထူထောင်ခြင်း။
၂၀၁၆ နိုဝင်ဘာ (၁၀)ရက် ကျွန်တော့်ရဲ့ မွေးနေ့မှာ ပင်းတယအတွက် ပြည်သူ့ဂုဏ်ရည် မီးအိမ်ရှင်စာကြည့်တိုက်ကို  ထူထောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရတဲ့ ဆုငွေသိန်း(၁၀၀)ကို အခြေခံပြီး ထူထောင်ခဲ့တာပါ။ အခုအခါ စာကြည့်တိုက်မှာ စာအုပ်ပေါင်း (၁၃၀၀၀)ကျော် ရှိနေပါပြီ။ တစ်လကို စာငှားသူ (၇၀၀)ကျော်နဲ့ စာပေဗဟုသုတတွေ ဖြန့်ဝေနေဆဲပါ။
(၁၁) ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင် ကမ္ဘာကို ကြေညာခြင်း။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ရွှေဥမင်ဒေသကို (၆.၈.၂၀၁၇)နေ့မှာ ကမ္ဘာကို ကြေညာနိုင်ခဲ့ပါတယ်။ ပရဟိတအဖွဲ့ (၂၁)ဖွဲ့က လူငယ်(၂၀၀၀)ကျော်ဟာ (၂)နှစ် နီးပါး အပင်ပန်းခံ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
(၁၂) မြန်မာပြည်ရဲ့ ပထမဆုံးတွေ။
ပင်းတယဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသဖြစ်တဲ့အပြင် Hospital Waste Management အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Needle pit စီမံချက်၊ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်တဲ့ ကျားမအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ၀န်ဆောင်မှု ပေးနိုင်သော စင်တာ One Stop Crisis Centre (OSCC)၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သော မြို့ (Disabled friendly City) တို့ကို ဖော်ဆောင် နိုင်ခဲ့ပါပြီ။
(၁၃) လူတိုင်းပါဝင်နိုင်သောကျန်းမာရေးစနစ် ထူထောင်ခြင်း။
၂၀၁၂ ခုနှစ်ထဲက အရန်သားဖွား တစ်နှစ်သင်တန်းတွေ ပြုလုပ်ခဲ့တာ အခုဆို ပင်းတယမှာ အရန်သားဖွား (၁၆၁)ဦး ရှိနေပြီး တစ်ရွာတစ်ယောက် အရန်သားဖွားဆရာမလေးတွေ ရှိနေပါပြီ။ အဲဒီထဲက (၂)ဦးကို ဂျပန်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ဖို့ သွားရောက်ရန် စီစဉ်ပေးနိုင်ခဲ့သလို သားဖွားဆရာမဖြစ်သွားသူ (၃)ဦး၊ သူနာပြုဖြစ်သွားသူ (၁)ဦး၊ ကြီးကြပ်(၂) (၁)ဦး၊ သူနာပြုအကူ (၆)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သူတို့ကို အခြေခံပြီး ကျန်းမာရေးကွန်ယက်တစ်ခုကို  ထူထောင်နိုင်ခဲ့ပါတယ်။ စေတနာမွန်လို ပရဟိတအဖွဲ့တွေကို ရွာပေါင်း (၇၀)မှာ ဖွဲ့ပြီး ပရဟိတကွန်ယက်ထူထောင် လူနာသယ်ပို့စနစ်တွေ၊ သွေး၊ အာဟာရ၊ လူနာညွှန်းပို့စနစ်၊ နာရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လူတိုင်းပါဝင်နိုင်တဲ့ကျန်းမာရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ပါတယ်။
(၁၄) အခြားဆောင်ရွက်ချက်များ။
မျက်စိလူနာ (၁၅၂)ဦးကို အတွင်းတိမ်ခွဲ၊ လည်ပင်းကြီးလူနာ (၅၆)ဦးကို အခမဲ့ခွဲ၊ သွားမရှိတဲ့ သက်ကြီးရွယ်အို(၇၀)ခန့်ကို အံကပ်အလှူ၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေး (၄၂)ဦးကို အခမဲ့ ခွဲခြင်း၊ ခြေထောက်ပြတ်နေသူ(၁)ဦးကို ခြေတုတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလထဲမှာ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။
ဒီလုပ်ငန်းတွေအတွက် ပြည်သူလူထု လှူဒါန်းငွေတွေ တွက်ကြည့်တော့ သိန်းပေါင်း (၉၀၀၀)ကျော် နေပြီ ဖြစ်ပါတယ်။
ပင်းတယမြေမှာ ကျွန်တော်စွမ်းသလောက် တိုင်းရင်းသားတွေအတွက် ကြိုးစားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားနေပါဦးမယ်။
ဆရာတင်မိုးကဗျာလေးလိုပါပဲ။
ဖန်မီးအိမ်လေးဟာ-
နေမင်းပမာ၊ သော်တာအလား
မ၀ံ့ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို၊ အလှဆင်နေပါဦးမယ်။
.....
ဆရာရဲ့ ၇နှစ်တာ ပင်တယမြို့နယ် (ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ) မှတ်တမ်း link)
https://m.facebook.com/story.php?story_fbid=2083121745066185&id=100001051400444

No comments:

Post a Comment