ယောင်္ကျားတယောက်ယူထား ကြွေးမွေးထားတာတောင် တလပဲအတူနေပြီး ပျောက်သွားတာ ၂နှစ်ကျော်ပြီ။ ထပ်ယူချင်သေးတယ် လို့ နှလုံးသားမပါတဲ့ အသံနဲ့ဖြေရှာပါတယ်။ သူမ လိုလားတဲ့ ချစ်ခြင်းမေတ္တာကို မရရှိသေးတဲ့ အာဂအမျိုးသမီးပါ။
.
အင်္ဂလိပ်စာသင်တန်း လာတက်တော့ မေးကြည့်တယ်။ What is your name, .. Yeah, my name is Ma Hla လို့ သွက်လက်စွာဖြေတယ်။ How old are you? – Yeah, I am 35 year old လို့ နဲနဲထစ်ပြီးဖြေတယ်။ ဗမာသံနဲ့ အင်္ဂလိပ်စကားပြောတာ မဆိုးပါဘူး။ အမေရိကားက တရုပ်၊ ကုလား၊ ကိုးရီးယားတွေ ကောင်းကောင်းနားလည်တဲ့ အင်္ဂလိပ်စကားကို တပတ်နဲ့ ပြောတတ်၊ ရေးတတ်နေတယ်။ Why you want to go America? – Yeah, I want to support my family. လို့ဖြေရှာတယ်။ Who are your family ? – Yeah, my.. family a.r.e my mother, my two elder brothers and my young sister. လို့ဖြေပြီး ဗမာလိုမေးတယ်… တူ၊ တူမ ၂ယောက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ မေးတော့ တူ=nephew, တူမ=niece လို့ပြောပြတယ်။ ဗမာလိုပဲ ဆက်ပြောပါတယ်။ အစ်ကို အလုပ်မရှိ ကျပမ်းလုပ်တယ်။ မိန်းမကသေသွားတော့ တူ၊ တူမတွေလဲ ကြည့်ရှုရတယ် ပြောပါတယ်။
.
သူက ရန်ကုန်သူငယ်ချင်း အပျိုကြီးအိမ် ၂ယောက်ထဲနေပြီး၊ ရှပ်အင်္ကျီဝတ်၊ ဦးထုပ်ဆောင်းထားတော့ တောရုံလူ မိန်းမမှန်းမသိနိုင်ကြောင်း၊ ၂နှစ် တက္ကစီမောင်းတာ လုခံရတာမရှိကြောင်း၊ သိန်း၉၀နဲ့ တက္ကစီကားသေး ကိုယ်ပိုင်ဝယ်နိုင်မှ ဖြစ်မဲ့အကြောင်း၊ ပရိုဘောက်စ် တက္ကစီက အစိုးရအခွန်ကောက်လို့ သိန်း၁၅၀ ဈေးကြီးနေကြောင်း၊ ကားဝယ်ဖို့လုပ်တာ အိမ်ဝယ်လိုက်တော့ ပိုက်ဆံကုန်သွားကြောင်း၊ အခုတော့ တက္ကစီပိုင်ဖို့ မဟုတ်တော့ပဲ. . စိတ်ပြောင်းသွားပြီးး အမေရိကားအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြောင်း၊ ဟိုမှာ ၅နှစ်လောက်လုပ် တလဒေါ်လာ၂ထောင်ရရင် တနှစ် အကြွေးဆပ်၊ ငွေစုပြီး မိသားစုတလ၃သိန်းထောက်ပံ့၊ ၅နှစ်ပြည့်ရင် ပြန်လာပြီး စီးပွားလုပ်ငန်းလုပ်ဖို့ သူ့အကြံပြောပြပါတယ်။
.
အခု တပတ် အင်္ဂလိပ်စာသင်တာ တရက်အလုံး၂၀ ကျက်လို့ အလုံးတရာ၊ စာကြောင်း၁၀၀ အလွတ်ရပြီ။ တလပြည့်ရင် အလုံး၅၀၀ တတ်တာနဲ့ ဗမာပြည်လာတဲ့ အမေရိကန်တွေနဲ့ စကားပြောနိုင်ပြီလို့ ဆရာက ပြောတယ်။ အရမ်းကျက်နေတယ် . . တဲ့။
.
မြန်မာမိန်းမတဦး စွန့်ဦးတီထွင်သူ ဖြစ်မလာနိုင် မပြောနိုင်ပါ။ တရုပ်ပြည်မှာ ယောင်္ကျားသေပြီး ငြှုတ်ဆီနဲ့ခေါက်ဆွဲပြုတ်ရောင်းတဲ့ စာတောင်မဖတ်၊ မရေးတတ်သူမဒမ်တဦး Tao Huabi ကဋေကြွယ်သူဌေးမဖြစ်နေတာ ကျနော်ဘာသာပြန် တမျက်နှာရေးဖူးပါတယ်။
.
မလှအောင် အောင်မြင်ပါစေ။
.
တရားမဝင် ခရီးသွားဗီဇာဖြင့် အလုပ်သွားလုပ်မည်ဖြစ်သောကြောင့် အမည်၊နေရပ်များကို လွဲရေးထားပါသည်။
.
.
ဓါတ်ပုံကတော့ ဖော်မပြနိုင်လို့ ဖော်ပြလို့ရတဲ့ နာမည်ကျော် အမျိုးသမီး တက္ကစီဒရိုင်ဘာ ဒေါ်ဌေးဌေးဝင်း ကိုပဲ ပြရပါတယ်။
Photo: Daw Htay Htay Win by Jacob Goldberg

စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီးတက္ကစီဆရာမလေး
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇
■ လူမှုပုံစံသတ်မှတ်ချက်တွေထဲက ဖောက်ထွက် အောင်မြင်လာသော အမျိုးသမီးငယ်လေး
အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အားနွဲ့သူ၊ ယောကျာ်းတွေလုပ်တဲ့ အလုပ်တွေနဲ့ဘယ်လိုမှ မအပ်စပ် နိုင်သူတွေရယ်လို့ လူမှုဝန်းကျင်က ပုံစံတကျသတ်မှတ်ထားတတ်ကြပါတယ်။ ဒီလိုသတ်မှတ် ယူဆထား ခြင်းဟာ လူ့စွမ်းအားအရင်းအမြစ်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားကို ဆုံးရှုံးစေတဲ့ အကြောင်းတွေထဲက တခုပဲဖြစ် ပါတယ်။ ဒီလိုအမျိုးသမီးတွေကို အားနွဲ့သူတွေရယ်လို့ ထင်မြင်ယူဆ ချက်တွေဟာ လက်တွေ့မှာ အမှန် တကယ်မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေသူ တယောက်ရှိပါ တယ်။ သူကတော့ အငှားယာဉ် မောင်းသူ အမျိုးသမီးငယ်လေး မမိုးမိုးလွင်ပဲဖြစ်ပါတယ်။

မမိုးမိုးလွင်ဟာ လူနေထူထပ် လွန်းလှတဲ့ ရန်ကုန်မြို့ကြီးကို မော် လမြိုင်ဆိုတဲ့ နယ်မြို့လေးကနေ ၂၀ဝ၄ခုနှစ်က ရွှေ့ပြောင်းနေထိုင်ခဲ့ သူတယောက်ပါ။ သူဟာ ရန်ကုန် မြို့ကြီးကို စရောက်တဲ့အချိန်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိသေးဘဲ ဖြစ်နေခဲ့ပါတယ်။ နယ်ကနေ ရန်ကုန်ကို လာကြတဲ့ အခြားသူတွေလိုပဲ သူဟာလည်း ရန်ကုန်မြို့မှာရှိတဲ့ သင်တန်းတွေကိုသာ တခုပြီးတခု တက်ရင်း တဖက်မှာလည်း အလုပ် တခုခုရနိုင်ဖို့ ရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ သူဟာ သူများနဲ့မတူ ထူးခြားစွာပဲ တက်ခဲ့တဲ့သင်တန်း တခုကတော့ ကားမောင်းသင်တန်းပဲ ဖြစ်ပါတယ်။ သူဟာ ကားမောင်း သင်တန်းကို တက်ပြီးတဲ့နောက်မှာ တော့ ကုမ္ပဏီတခုမှာ ယဉ်မောင်း သူ တယောက်အဖြစ်ဝင်ရောက် လုပ်ကိုင်ရာကနေ အဆင့်ဆင့်ကြိုး စားမှုကြောင့် Marketing Manage အဆင့် အထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ နိုင်ငံခြားသားတွေ အတွက် ခရီးသွားကုမ္ပဏီတွေရဲ့ ကားတွေကိုပါ မောင်းနှင်တဲ့အလုပ်ကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။ အား လပ်ချိန်ဆိုတာ မရှိသလောက်နည်း ပါးလှတဲ့ အလုပ်တွေကို ညည်းငွေ့ လာတဲ့ မမိုးမိုးလွင်ဟာ ၂၀၁၂ခုနှစ် ရောက်တဲ့အခါမှာတော့ အငှားယာဉ် မောင်း တယောက်အဖြစ် လုပ် ကိုင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။
အငှားယာဉ်မောင်းသမားအနေ နဲ့ လုပ်ကိုင်ဖို့ မမိုးမိုးလွင်ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ဟာ လွန်ခဲ့တဲ့ ၅နှစ်ကြာကာလကဖြစ်တာကြောင့် အငှားယာဉ်လောကမှာ အမျိုးသမီးယာဉ်မောင်းဆိုတာ မရှိ သေးတဲ့ကာလလို့ပြောရမှာပါ။ ဒီလိုကာလမှာ ဒီလိုဆုံးဖြတ်ချက်ချ လိုက်တာဟာ သူ့အတွက်တော့ စွန့်စားမှုတခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့လက်ထဲမှာ ကိုယ်ပိုင်အငှားယာဉ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒါကြောင့် သူမဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားယာဉ်ကို ငှားရမ်းပြီး မောင်းနှင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ငယ်ရွယ်နုနယ်တဲ့ သူမအဖို့ ယောကျာ်းတွေကြီးစိုးရာ အငှားယာဉ် မောင်းနယ်ပယ်မှာ အခြေချလုပ် ကိုင်ဖို့ဆိုတာဟာ စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ ပထမဆုံးစိန်ခေါ်မှု ကတော့ လူမှုဝန်းကျင်ပါပဲ။အမျိုး သမီးယာဉ်မောင်းတယောက် မောင်းနှင်တဲ့ အငှားကားကို စီးကြတဲ့ အငှားယာဉ်စီးသူတွေမှာ ပုံစံပေါင်းစုံ စရိုက်ပေါင်းစုံတွေရှိနေကြပါတယ်။ အထူးသဖြင့် မိန်းကလေးဖြစ်နေတဲ့ အတွက် အထင်အမြင်သေးမှုတွေပဲ ဖြစ်ပါတယ်။

သူမောင်းတဲ့ကားကိုတားပြီး မစီးတာဟာ များသောအားဖြင့် ယောကျာ်းလေးတွေဖြစ်ကြောင်း၊ သူတို့က သူ့ကိုပြန်ကြောက်နေကြတဲ့ပုံစံမျိုးတွေပြကြကြောင်း မမိုးမိုးလွင်က သူ့ရဲ့အငှားယာဉ်မောင်း သမားဘဝ အစက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

တချို့အမျိုးသားတွေဆိုရင် ကားကို တားပြီး မစီးတဲ့အပြင် ခါးခါးသီးသီး မောင်းထုတ်တာကိုပင် သူဟာခံခဲ့ ရပါသေးတယ်။ “ဒီအလုပ် လုပ် တယ်ဆိုတာ ကိုယ့်ကိုယ်ကို အများကြီး စတေးပြီးလုပ်ရတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဒါပေမဲ့ ခွေးမောင်း နွားမောင်းသလို မောင်းထုတ်ခံရတော့ စိတ်ထဲ မကောင်းဖြစ်မိတယ်” လို့ မမိုးမိုးလွင်က ဆိုပါတယ်။
ဒါပေမဲ့ မမိုးမိုးလွင်ဟာ စိတ်ဓာတ် မကျခဲ့သလို သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ နဲ့ သူမောင်းတဲ့အငှားယာဉ်ကို မစီး ရဲကြတဲ့ ခရီးသည်တွေကို သူ့ကို စိတ်ချယုံကြည်စွာနဲ့ စီးချင်လာအောင် စိတ်ရှည်လက်ရှည် ပြောပြခဲ့ပါသတဲ့။
မမိုးမိုးလွင်ဟာ သူ့ရဲ့အငှားယာဉ် မောင်းသမားဘဝမှာ ခရီးသည်တွေရဲ့ စိုးရိမ်စိတ်နဲ့ မယုံကြည်မှုတွေကို ခံစားခဲ့ရရုံသာမက ပါဘူး၊ ဘဝတူ အငှားယာဉ်မောင်း အမျိုးသားတချို့ ရဲ့ အထင်မြင်သေးမှု၊ သွေးတိုးစမ်း နှိမ့်ချလိုမှုတွေကိုလည်း ကြုံခဲ့ရပါတယ်။ တက္ကစီကိုမောင်းလာတာ မိန်းကလေးမှန်းသိလို့ ဘဝတူ အမျိုး သားအငှားယာဉ်မောင်းသူတွေက ဆရာလုပ်ကာ ကြောကြောမောမောနဲ့ ဆက်ဆံချင်သူတွေရှိသလို၊ မိန်းကလေးက မိန်းကလေးလိုမနေသူ အနေအထိုင်မတတ်သူလို့ထင်မြင်ကာ နှိမ့်ချတဲ့အကြည့်နဲ့ကြည့်တဲ့ သူတွေနဲ့လည်း သူဟာကြုံတွေ့ခဲ့ရ ပါတယ်။ ကားမောင်းနေစဉ်မှာတောင် မိန်းကလေးဖြစ်နေတဲ့ အတွက် အနိုင်ကျင့်ချင်လိုသူတွေ၊ ဆဲဆိုရန်စချင်သူတွေကို ကိုယ်မောင်းနေတဲ့လမ်းကြောင်းကို မှန်မှန်ကန်ကန် မောင်းပြပြီးတည်ငြိမ် စွာနဲ့တုံ့ပြန်မှုတွေကိုသာ သူဟာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားအငှားယာဉ်မောင်း တွေကိုတောင် အငှားယာဉ်စီးသူတွေ လိုဟန်ဆောင်ပြီး ငွေလုယူ၊ လူသတ် စတာတွေလုပ် တာကို ခံနေရချိန်မှာ မိန်းကလေးအငှားယာဉ်မောင်းတ ယောက်ဖြစ်တဲ့ မမိုးမိုးလွင်အတွက်တော့ ဘယ်လိုခရီးသည်မျိုးကို ကား ပေါ်တင်မယ်ဆိုတာကို စက္ကန့်ပိုင်း အတွင်းမှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုတာဟာလည်း သူမလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် သူမကြုံနေရတဲ့ စိန်ခေါ်မှုတွေထဲကတခုဖြစ်ပါတယ်။
“ညီမကားထဲမှာ ဘာမှမဆောင်ထားဘူး။ ကိုယ့်ကိုရန်ပြုလာမယ့်သူတွေကို တုံ့ပြန်ဖို့ ညီမမှာဘာမှမရှိဘူး။ တခုပဲ ညီမကား ကိုငှားစီးတဲ့လူတွေကို စေတနာထားပြီး မောင်းပို့ပေးမယ်” လို့ သူ့အတွက် လုပ်ငန်းခွင်က ပေးတဲ့စိန်ခေါ်မှုအပေါ် ထားတဲ့ သူ့ သဘောထားကို ပြောပြပါတယ်။
အမျိုးသမီးအငှားယာဉ်မောင်း တယောက်ဖြစ်တဲ့ သူ့အတွက် ဒီလိုစိန်ခေါ်မှုတွေလည်းရှိသလို၊ သာမန်အမျိုးသမီးတွေမလုပ်နိုင်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့သူ တယောက်အဖြစ် လေးစားအားကျတဲ့ သူတွေလည်းရှိတယ်လို့ သူကပြောပါတယ်။ သူဟာ ဘဝမှာအငှား ယာဉ်မောင်းသမားအဖြစ် ဖြတ် သန်းရမယ်လို့ တွေးထားတာမျိုးမရှိ ခဲ့ပေမယ့်လည်း သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ချထားခဲ့သူ လည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း သူဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားကားကို မောင်းနေရတဲ့သူတယောက်အဖြစ် ကနေ ကိုယ်ပိုင်အငှားကားတစီး ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆုံးဖြတ်ချက် ချကာကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် အငှားယာဉ်တစီးကို ပိုင်ဆိုင်နိုင် ဖို့အတွက် နေ့စဉ်ကားမောင်းလို့ရတဲ့ ဝင်ငွေထဲက ဖြည်းဖြည်းချင်း ဖဲ့ပြီး စုတာဟာလည်း သူ့ရဲ့အသက်မွေး ဝမ်းကျောင်းမှုအပေါ်ထားတဲ့ ယုံကြည်ချက် ပြင်းပြမှုတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
အမျိုးသားအငှားယာဉ်မောင်းတွေအတွက်တောင် နေပူမရှောင်၊ မိုးရွာမရှောင် ကားမောင်းရတဲ့အလုပ် ဟာ စားဝတ်နေရေးအတွက်လောက်ငတယ် ဆိုရုံသာရှိတယ်လို့ ညည်းတွားနေကြတဲ့အချိန်မှာ မမိုးမိုးလွင်ကတော့ သူနေ့စဉ်ကားမောင်းလို့ရတဲ့ ဝင်ငွေထဲကနေ စားဝတ်နေရေးအတွက် သာမက၊ ကိုယ်ပိုင်အငှားကား တစီးပိုင်ဆိုင်နိုင်ရေးအတွက် လိုအပ်တဲ့ပိုက်ဆံရအောင် ကြိုးစားရှားဖွေရ တာဟာလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
“အငှားယာဉ်မောင်း တော် တော်များများက အဆင်မပြေဘူး ညည်းကြတယ်။ တကယ်တော့ သူ တို့ကိုသွားကြည့် သူတို့အချိန်ဖြုန်း တာ တော်တော်များတယ်။ ညီမကတော့ စဉ်းစားတယ် ငါမောင်းရင် ဒီလောက် Target ရမှပြန်မယ်၊ ရ အောင်ငါ မောင်းမယ်ဆိုပြီးမောင်းတယ်။ အဲ့လိုမောင်းတော့ တနေ့ကို လေးသောင်းဆိုလည်းရတယ်။ ငါးသောင်း၊ ခြောက်သောင်းဆိုလည်း ရတယ်။ ညီမ အချိန်မဖြုန်းဘဲ တကယ်မောင်းတယ်” လို့ သူရဲ့ ရည်မှန်းချက်အတွက် သူကြိုးစား လုပ်ဆောင်ခဲ့ပုံကို ပြောပြပါတယ်။
သူများကားကို ငှားမောင်းရ တဲ့အတွက် အခြားအမျိုးသမီးတွေ လို လှလှပပလေးနဲ့ နေချင်တဲ့ သူ့ ရဲ့ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးခဲ့ရုံ သာမက ကားငှားခအဖြစ် ပိုင်ရှင်ကို နေ့စဉ်ပေးနိုင်ဖို့နဲ့ ကားပြင်ဆင်စရိတ် တွေဟာလည်း သူမရဲ့အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်းအငှားယာဉ်တစီး ဝယ် နိုင်ရေးဆိုတာကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေပါပဲ။

“ညီမကအရင်က Gas ကားမောင်း တယ်။ တလကို ၅သိန်း၊ တရက်ကို ၁၇,ဝ၀ဝ ပေးရတယ်။ ဒီတော့ ညီမ စုဖို့အတွက်ရယ် Owner ကြေးရယ် အတွက် ၁၇,ဝ၀ဝ အပေါင်း ၁၀,ဝ၀ဝ ရှာရတယ်။ သုံးစွဲတာက အဲ့ဒီထဲက ပိုတာကိုပဲ ညီမသုံးတယ်” လို့ သူ့ရဲ့ အိပ်မက်တခုကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူ့ရဲ့ လုပ်ဆောင် ချက်တွေကို ပကတိရိုးသားတဲ့အင်အားတွေနဲ့ ပြောပြပါတယ်။
ဒီလိုရိုးရိုးသားသားနဲ့ ကြိုးစား ရှာဖွေနေတဲ့ မမိုးမိုးလွင်အတွက် စိတ်ဓာတ်ကျရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကတော့ ခရီးသည် အရနည်းတဲ့ရက်တွေပါပဲ။ဒါပေမဲ့ လည်း သူဟာဇွဲမလျှော့ဘဲ သူရည် မှန်းထားတဲ့အရာကို ရဖို့ကြိုးစားခဲ့ပါတယ်။
၃နှစ်တာကာလကြာအောင် နေ့စဉ်ရက်ဆက်စုဆောင်းခဲ့ပြီးတဲ့အချိန်မှာတော့ မမိုးမိုးလွင်ဟာ သူ ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်း ကျောင်းမှုမှာ သူမက်ခဲ့တဲ့ အိပ်မက် ဖြစ်တဲ့ ကိုယ်ပိုင် အငှားယာဉ်တစီး ကို ပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။
အခုအချိန်မှာတော့ တက္ကစီ မောင်းတယ်ဆိုတာ ယောကျာ်းတွေ သာ လုပ်နိုင်တာပါဆိုတဲ့ လူမှုပုံစံ သတ်မှတ်ချက်တွေကိုကျော်လွန်ပြီး၊ သူများကားကို အငှားမောင်းရတဲ့သူ ဘဝကနေ ကိုယ်ပိုင်ယာဉ်ကို မောင်း နိုင်တဲ့ အငှားကားမောင်းသူ တယောက်ဖြစ်အောင် လက်တွေ့ကြိုးစားလုပ်ဆောင်ခဲ့တဲ့ မမိုးမိုးလွင်ရဲ့ ပြောတဲ့စကားကတော့ “မကြောက်ပါနဲ့။ အားမငယ်ပါနဲ့။ လုပ်ရင်ဖြစ်တယ်” ဆိုတာပါပဲ။
ခင်စန္ဒာမြင့်
Education Digest အပတ်စဉ်ထုတ် ဂျာနယ်မှာ မူလဖော်ပြခဲ့ပါသည်။
No comments:
Post a Comment