7Day News Journal
"လူ ၁၆၉ ဦး အသက်ကယ်တင်ခဲ့သော ရေလုပ်သားငါးဦး"
ဦးသန်းအောင်၊ ဦးကျော်ဆန်းမြင့်၊ ကိုဇော်မျိုးသန်း၊ ကိုအောင်မျိုးသန့်နှင့် ကိုသန်းကျော်မြင့် ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်ညက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြေပုံ မြို့သို့ ထွက်ခွာလာသည့် အောင်တံခွန် (၃) သင်္ဘော ရခိုင်ပင်လယ်ပြင်၊ မြောက်ကြိမ်ကျွန်းအနီးတွင် နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်တွင် ခရီးသည် မည်မျှလိုက်ပါလာသည်ကို စာရင်းအတိအကျမရှိဘဲ ဒေသခံများကမူ လူ ၄၀၀ ခန့်အထိ ပါဝင်နိုင်ကြောင်း ခန့်မှန်းပြောကြသည်။
ထိုဖြစ်ရပ်မှာ ပြည်တွင်းရေလမ်းခရီးသွားလာရေး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး ထိုဖြစ်ရပ်ဆိုးထဲမှ သူရဲကောင်းများလည်း ပေါ်ထွက်ခဲ့သည်။ သင်္ဘောပေါ်တွင်ပါလာသော ခရီးသည် ၁၆၉ ဦးကို ပင်လယ်ပြင်၌ ငါးဖမ်းနေသော တံငါသည်ငါးဦးက ကယ်တင်ပေးခဲ့သည်။ ကန့်သတ်လူဦး ရေနှင့် ကုန်ချိန်ထက် ပိုမိုတင်ဆောင်လာသော အောင်တံခွန် (၃)သင်္ဘော မှာ ဝမ်းဗိုက်ပေါက်ပြီးနောက် လေထန်ကာ လှိုင်းထနေသော ပင်လယ်ပြင် တွင် မူလလမ်းကြောင်းမှပြောင်းကာ ရေစီးကြမ်းသည့်နေရာသို့ ဦးတည်နေသောကြောင့် ထိုတံငါသည်တို့က ဓာတ်မီးဖြင့် အချက်ပြပြီး သတိပေးရန် ကြိုးစားကြသည်။ သို့သော် မကြာခင်မှာပင် သင်္ဘောဘက်ဆီမှ ကူပါ၊ ကယ်ပါဖြင့် ကြောက်လန့်တကြား အော်ဟစ်အကူအညီတောင်းသံများ ကြား လိုက်ရာ ခရီးသည်တင်သင်္ဘောကြမ္မာဆိုးနှင့် ကြုံပြီဖြစ်ကြောင်း သိလိုက် ရသည်။
သင်္ဘောတိမ်းမှောက်ချိန်မှာ ညအချိန်ဖြစ်သည့်အပြင် လဆုတ်ရက် လည်းဖြစ်သည့်အတွက် ပိန်းပိတ်မှောင်နေသော ပင်လယ်ပြင်တွင် မြေပုံမြို့နယ် အုန်းချောင်းကျေးရွာမှ တံငါသည်သားအဖများဖြစ်သော ဦးသန်း အောင်နှင့် ၎င်း၏သားဖြစ်သူ မောင်ဇော်မျိုးသန်း၊ ဦးကျော်ဆန်းမြင့်နှင့် သားနှစ်ဦးဖြစ်သော မောင်အောင်မျိုးသန့်နှင့် မောင်သန်းကျော်မြင့်တို့က ၎င်းတို့၏ အသက်ကိုပဓာနမထားဘဲ သင်္ဘောနစ်မြုပ်ရာသို့ စက်လှေနှစ် စီးဖြင့် သွားရောက်ကာ ပင်လယ်ပြင်အတွင်း သေမင်းနှင့် စစ်ခင်းနေသူများ ကို ဆယ်ယူရင်း ကယ်ဆယ်တော့သည်။ ကျောက်ဆောင် ကြိုကျောက် ဆောင်ကြားပါမကျန် စက်လှေနှစ်စီးဖြင့် ရသမျှအသက်ကို ကယ်တင်ရန် ကြိုးပမ်းကြသည်။ ည ၈ နာရီခန့်မှ သန်းခေါင်ယံ ၁၂ နာရီခန့်အထိ လူပေါင်း ၁၆၉ ဦး၏အသက်ကိုကူညီကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
လှိုင်းကြမ်းသည့် ပင်လယ် ပြင်ထဲတွင် သင်္ဘောနစ်မြုပ်သည့်နေရာနှင့် အနီးဆုံးကျွန်းဖြစ်သည့် မြောက်ကြိမ်ကျွန်းကို စက် လှေနှစ်စီးဖြင့် ခေါက်တုံ့ခေါက်ပြန်ကယ်ဆယ်ခဲ့ကြ သည်။ ခရီးသည်ထက်ဝက်ကျော်ကယ်တင်ပြီးချိန်တွင် ၎င်းတို့နှင့်အတူအနီးဝန်းကျင်ရှိ ကျွန်းပေါ်မှ ရေလုပ်သားကိုးဦးကလည်း လာရောက်ပူးပေါင်းကူညီကယ်ဆယ်ခဲ့ကြသည်။ ခရီးသည်များထဲတွင် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများလည်း ပါသည်။ အသက်အငယ်ဆုံး နှစ်လသားအရွယ်မှ အကြီးဆုံး (၈၀)ကျော်အရွယ် အဘိုးကြီးအထိ ကယ်တင်ပေးခဲ့ကြသည်။ သေဘေးမှလွတ်ခဲ့သော အမျိုးသားများနှင့် အမျိုးသမီးများတွင် ကိုယ် ၌ အဝတ်မပါတော့၍ ရေလုပ်သား များက ၎င်းတို့တွင်ပါလာသည့် စောင်များ ဖြင့်ပတ်ကာ မြောက်ကြိမ်ကျွန်းသို့ ပို့ဆောင်ခဲ့ကြသည်။ နောက်ဆုံး စောင် မလောက်င၍ ရေလုပ်သားများက ၎င်းတို့၏ အဝတ်အစားများကိုချွတ်၍ ခရီးသည်များ၏ အရှက်ကို ကာကွယ်ပေးခဲ့သည်။ မြောက်ကြိမ်ကျွန်းပေါ် သို့ ရောက်ရှိချိန်တွင်လည်း အေးချမ်းတုန်ခိုက်နေသည့် ခရီးသည်များအား ၎င်းတို့က အချမ်းပြေအောင် မီးဖိုပေးခဲ့ကြကာ အစိုးရ၏ ကယ်ဆယ်ရေး အဖွဲ့များ ရောက်မလာအချိန်ထိ အကောင်းဆုံးကူညီစောင့်ရှောက်ပေးခဲ့ ကြသည်။ ထို့ကြောင့် ပင်လယ်ပြင်အတွင်းမှ ခရီးသည် ၁၆၉ ဦး အသက်ကို သက်စွန့်ဆံဖျားကယ်တင်ခဲ့သော အုန်းချောင်းကျေးရွာမှ ရေလုပ်သားငါး ဦးကို 7Day News က Hero ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါ သည်။
မတ်လ ၇ရက်က ရန်ကုန်မြို့ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် 7Day News ၁၄ နှစ်ပြည့် အခမ်းအနားတွင် 7Day Hero ဆုရရှိခဲ့ကြသော အုန်းချောင်ကျေးရွာမှ ရေလုပ်သား ငါးဦးတို့ကို Yangon Journalism School တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးက ဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ဓာတ်ပုံ - ဂျေမောင်မောင်( အမရပူရ)
No comments:
Post a Comment