Saturday, October 14, 2017

ဖောင်ကြီးသင်တန်း (ယခု ဗဟိုဝန်ထမ်းတက္ကသိုလ်) .. Min Aung Khine & Ko Than Lwin's Memory


တ ခါ က မြ န် မာ့ အ သံ ( ၁၀ )

(အဆိုးအကောင်း ကြုံရသောင်းပြောင်း  မေ့ကောင်းစရာမဟုတ်သော  ဖောင်ကြီး ဗဟို ၀န်ထမ်းတက္ကသိုလ်မှာ)

ဘ၀တကွေ့ ၀န်ထမ်းဖြစ်ခဲ့ဘူးစဉ်က အမှတ်တရများကို  ကိုယ်ရေးသက်သက်မဟုတ်ပဲ စိတ်ဝင်စားသူများအတွက်  သုတရသ အဖြစ်ရေးပါတယ်။

မဆလ လက်ထက်မှာ ပြန်တမ်းဝင်ဝန်ထမ်းတိုင်းတက်ရသော လှည်းကူးမြို့ ဖောင်ကြီး ဗဟို ၀န်ထမ်းတက္ကသိုလ်သို့ ကျနော်လည်း ၅ လတာ ရောက်ခဲ့ရပါသည်။ မှတ်မှတ်ရရ အပတ်စဉ်မှာ ၁၉၈၇  ဇေယျ (၉၃)။ ကျနော်တို့အဆောင်မှာ ဌာနပေါင်းစုံကပါသည်။ မှတ်မိနေသေးသောသူများကား ကိုမောင်မောင်တာ (လေယာဉ်မောင်) ကိုထွန်းအောင် (ဓါတုဗေဒ သရုပ်ပြဆရာ) ကိုဝင်းရွှေ (သစ်တော) ကိုမောင်မောင် (ကညန) ကိုတင်မောင်ထွန်း-ကိုနေမျိုးမောင် (ဆောက်လုပ်ရေး) ကိုမျိုးသန့်(စက်မှုလယ်ယာ)….စသဖြင့်။ ကျနော်ကတော့ ထူးထူးခြားခြားပေါ့လေ။ အခြားအဆောင်ကလူတွေနဲ့လည်း အတန်းထဲမှာ အတူထိုင်ရင်း ထမ်ငးစားရင်း ခင်မင်ကုန်ကြသည်။ ကိုဇာနည်မောင် ကိုမျိုးဦး ။ အရပ်ဘက်က၀န်ထမ်းတွေ စစ်တပ်ပုံစံသွင်းခံရတော့ ဆံပင်တိုတွေ ဇင်ပြာဝတ်စုံကြီးတွေ ရိုင်ဖယ်သေနတ်ကြီးတွေနဲ့ ဘယ်ညာဘယ်ညာနဲ့ ဒါန်ပုံစံခွက်နဲ့ မနက်စောစောထ ပစ္စည်းတွေသိမ်းရနဲ့ ရောက်စမှာ ဘ၀င်မကျ ပင်ပမ်းလှပေမဲ့ကြာတော့လည်း အသားကျကာ သင်တန်းသားချင်း ခင်မင်ရင်းနှီးပျော်ရွှင်လာကြသည်။ လူကတော့မဲသဲလို့လာသည်။

တကယ်တော့ စိုက်ပျိုးရေးမွေးမြူရေး အုပ်ချုပ်ရေး စစ်ရေးစသော ဘာသာရပ်များကို ဗဟုသုတ သင်ကြားပေးရင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုဝါဒဖြန့်ခြင်းသာဖြစ်ပေသည်။ သင်တန်းသားများသည်လည်း ခံယူချက် အသေအချာမရှိငြား ပျော်နေကြသည်။ နေ့လည် အချိန်များဆို အိပ်ငိုက်ကြသည်။ အချိန်အကူးအပြောင်းမှာ ၀ိုင်းဖွဲ့ စကားပြောကြသည်။ ခပ်လှမ်းလှမ်းက မိန်းကလေးတပ်ခွဲများက မဲသည်းနေသော ဇင်ပြာဝမ်းဆက် သနပ်ခါးဘဲကြားနှင့် ပုံဆိုးပန်းဆိုးတွေထဲက လှသယောင်ယောင်မိန်းကလေးများကိုရှိတ်ကြသည်။ ကလေးတွေလိုပြန်ဖြစ်နေကြသည်။  စစ်ရေးပြချိန်တွင် သက်လုံမကောင်း သူများတဘိုင်းဘိုင်း မူးလဲကြသည်။ သေနတ်ပစ်ရတော့ ပျော်ကြပြန်သည်။ အိမ်ထောင်သည်များကတော့ ဟုမ်းဆစ်ခ်ဖြစ်ကာ လည်လိန်နေကြသည်။ တချို့လည်း အိမ်ကဇနီးကိုမေ့ကာ စိတ်ပြေလက်ပျောက်ဖြစ်နေသည်။  ခုခေတ်လို ဖုန်းလည်းပြောမရ။

ပထမ တစ်လ အပြင်လုံးဝမထွက်ရတော့ ဖောင်ကြီးနားကရွာလေးမှာဖွင့်သော လဘက်ရည်ဆိုင်ကိုသွားရခြင်း  သီချင်းနား ထောင်ခြင်းတခုသာ အပျော်အပါးရှိခဲ့သည်။  ၂၅ မိနစ် လောက်လျှောက်ရသောခရီးဖြစ်သော်လည်း ပမ်းတယ်မထင်။ ထိုလဘက်ရည်ဆိုင်နားက စက်ချုပ်သော ရွက်ကြမ်းရေကြို ကောင်မလေးတဦး၏ဆိုင်မှာ  သင်တန်းသားတွေ ပရောပရီ တရုန်းရုန်းဖြစ်နေကြသည်။ တချို့များဘောင်းဘီအကောင်းကြီးကိုဖြဲကာ သွားချုပ်ခိုင်းကြသည်။  အချို့ ရဲတင်းသူများ  မင်းကုန်းဟူသောရွာ အထိခိုးသွားကာ တခွက်တဖလား အဖြူ မော့ကြသည်။  ဆရာများ မသိ မမိသော်လည်း အချင်းချင်း သိတော့ ကိုစိန်ဝင်းဆိုသူကြီးကို မောင်စိန်ဝင်း(မင်းကုန်း) ဟု အမည်ပေးကြသည်အထိ။

ထမင်းစားချိန်တွင် ခမ်းမထဲက ခုံရှည်ကြီးတွင် မျက်နှာချင်းဆိုင်ထိုင်စားကြရသည်။ ပုံစံခွက်လေးများနှင့်။ ကျနော်ရှေ့မျက်နှာချင်း ဆိုင်မှာထိုင်သော ဗလတောင့်တောင့်နှင့် ဘီးလင်းသကြားစက်ရုံက ကိုဇော်အောင် ( ယခု နာမည်ကျော် ၀တ်မှုန်- ဇော်အောင် မုံရွာ စင်ကာပူ) က သူပါသော ငါးပိကြော်စသည်တို့ကို ပေးစားတတ်သည်။ ကျနော်သည်လည်း ထို့အတူ။ ကျနော့်အား ချစ်ခင်စွာ သရက်သီးသနပ်ပုလင်းများဝယ်လက်ဆောင်ပေးတတ်သော သူငယ်ချင်းကျော်ဝဏ္ဏ  (ယခု ကျောက်မျက် ဆရာကြီး) ကိုသတိရမိပါသည်။  စနေ တနင်္ဂနွေများတွင် ထမင်းစားချိန် စပီကာက ရေဒီယိုလေးဖွင့်ပေးထားရာ တခြားသူများအတွက်တော့ သာမန်အပမ်းပြေ။ ကျနော့်အတွက်ကတော့ ဌာနကိုလွမ်းစရာပိုဖြစ်ရသည်။ ဒါဘယ်သူ့အသံပေါ့လေ။ ဌာနက မမများကလည်း ခေတ္တဖောင်ကြီးသင်တန်းရောက် ကိုအောင်ခိုင်ဆွေ အတွက်…ဆိုပြီး သီချင်းတွေ မကြာခဏ လွှင့်ပေးကြသေးသည်။

တလကျော်မှ အောက်ပတ်စ်ပြန်ရသည်။  မြို့တော်ခမ်းမမှာ ကားစုရပ်ဖြစ်သည်။ သည်လိုနှင့်   ၃ လမြောက် တနင်္ဂနွေ တရက်မှာတော့ ကျနော်တို့သင်တန်းသားများအပါအ၀င် မြန်မာပြည်သားအားလုံးအတွက် ကြမ္မာငင်ခဲ့လေသည်။ ထိုအရာကား ၂၅-၃၅-၇၅ ကျပ်တန်ငွေစက္ကူများအား တရားမ၀င်ဟုကောက်ကာ ငင်ကာ ကြေငြာလိုက်ခြင်းပင်။ မြန်မာ့အသံဝန်ထမ်း ကျနော်ပင် ဘာမှမသိလိုက်။ ဘယ်သိပါ့မလဲ။ ရုံးကိုလည်းမရောက်။ သတင်းဆိုးကိုကြေငြာပေးခဲ့ရသော ဘော်ဒါများဖြစ် ကြသည့် ကိုဝင်းအောင်(ရေဒီယို)နှင့် ကိုခင်မောင်ငြိမ်း(ရုပ်မြင်) တို့ပင်လျှင် မနက် ၁၁နာရီထိုးကာနီးမှာ တိတ်တိတ်လေး လာခေါ်ကာ သတင်းခန်းထဲရောက်မှ သတင်းစာရွက်ကိုပေးသဖြင့်  သူတို့မိသားစုများကိုပင် လှမ်းပြောချိန်မရ။  ကျနော်တို့ဆိုတာဝေလာဝေး။ စုဆောင်းထားသော ပိုက်ဆံ ၇၀၀ကျော် ရေထဲပလုံ ခဲ့သည်။ သင်တန်းမှာ သုံးစရာပြတ် ကုန်သဖြင့် ၁၀ တန် ၂၀ တန် ၁၀၀ တန် ငွေစက္ကူများ ပိုင်သော သူများထံကချေးကြရသည်။  သည်အခြေအနေသည် နောက်နှစ် ၁၉၈၈တွင်မဟာသပိတ်မှောက်ပွဲကြီး ဖြစ်ပေါ်လာစေမည့်  အချက်တချက်ဖြစ်ခဲ့ပါသည်။

သည်လိုနှင့် ၅လကြာတော့ သင်တန်းဆင်းခဲ့သည်။ စိတ်မချမ်းမြေ့ဘွယ်ရာ ပြသနာကြီးကြုံခဲ့ရသော ဇေယျ (၉၃)အပါတ်စဉ်က သင်တန်းသားများထဲမှာ ကြံကြံဖန်ဖန် ဘ၀အတွက်ဆုလာဘ်ကြီးများကိုယ်စီ  ရခဲ့သူများကတော့ ကျနော်နှင့် ဒေါ်ဥမ္မာသန့် ဖြစ်ပါသည်။ သည်လောက်မဲသည်းနေသော သူအချင်းချင်း မြားနတ်မောင်က အတင်းပစ်တော့ နေပူမိုးရွာထဲ  မျက်လုံးချင်း စကားပြောရာက ခုတော့ သမီးဆွီတီပင် ၂၂ နှစ်ပြည့်ခဲ့လေပြီ။
-
-
-
-
https://goo.gl/kt5THD







ဖောင်ကြီး - ကိုသန်းလွင်

မိုးမခ ..October 25, 2015Edited 
 
(၁)
ကျွန်တော် တက်ခဲ့ရသော ဖောင်ကြီးသင်တန်းအမှတ်စဉ်မှာ ၄၃ ဖြစ်ပြီး၊ ကျွန်တော့် သင်တန်း သား နံပါတ် မှာ ကသ ၉၀ ဖြစ်ပါသည်။ ရက်ကတော့ ကောင်းကောင်းမမှတ်မိ တော့ပါ။ ၁၉၇၉ ခုနှစ်များ ဆီက ဖြစ်ပါသည်။ ကျွန်တော်သည် ရေနံကော်ပိုရေးရှင်းမှာ ပြန်ထမ်းဝန်အရာရှိ အဖြစ် အလုပ်ရသည်။ ပဌမ ဆုံးထုတ် ရ သော လစာမှာ ၄၅၀ ကျပ်ဖြစ်ပြီး နှစ်တိုးမှာ ၂၅ ကျပ်ဖြစ်ပါသည်။ ထိုနှစ်တိုးကိုထုတ်နိုင်ရန် ကျွန်တော်သည် ဖောင်ကြီး သင် တန်းဆင်းပြီး ဖြစ်ရပါမည်၊

လှည်းကူးနှင့်ရန်ကုန်မှာ ၂၂ မိုင်ခန့်ဝေးပြီး လှည်းကူးလမ်းခွဲမှ ဖောင်ကြီးအထိ ၁ဂ မိုင်ခန့် ကတ္တရာ လမ်းအတိုင်းလာရပါသည်။ ဖောင်ကြီးကျောင်းအရောက် ပဌမဆုံးအခေါက်ကို ရေနံရုံး က ကားနှင့်လိုက်ပီု့ပါသည်။ ထိုကားပေါ်မှာ ကျွန်တော့်အရင် ရေနံ ဌာနတွင် အလုပ်လုပ် နေသော အမကြီး နှစ်ယောက် နှင့် ကိုခင်မောင်ဦး တို့ ပါပါသည်။ အစ်မတွေက ဖောင်ကြီး ရောက်လျင် စည်းစည်း လုံးလုံး နေ ကြရမည် တယောက်ကိုတယောက် အကူအညီတွေ ပေးရမည်ဟုမှာနေပါသည်။ တကယ်က ထိုကားပေါ်မှာ စကားပြောလိုက်ရသည်မှာ နောက်ဆုံး ဖြစ်ပါသည်။ သင်တန်း ကာလတလျောက် သူတို့ကို မတွေ့ရတော့ပါ။ ဖောင်ကြီးသင်တန်းမှာ မိန်းကလေးတွေနှင့် စကားပြော ခွင့်မရှိပါ။

စစ်သင်တန်းဖြစ်၍ စစ်တပ်အသုံးအနှုံးတွေ ကိုအများဆုံးကြားနေရပါသည်။ ပဌမ ဆုံး ဆံပင်ကို ပုံစံညှပ် ညှပ်ရသည်။ တန်းစီ ညာညှိလုပ်ငန်းတွေကို မညီမချင်း လေ့ကျင့်ကြရလေသည်။ သင် တန်း ဖွင့်ပွဲမှာ နောက် ရက် ၂၀ ရက်ခန့်အကြာမှာ ဖြစ်ပြီး ကျောင်းအုပ်ကြီး ကအမှာ စကား ပြော မည်ဖြစ် ပါသည်။ကျောင်းအုပ်ကြီးဆိုသူကို မမြင်ရသေး ကျွန်တော်တို့ ကားချွေးဒီးဒီးကျ ပင်ပမ်းနေကြပေပြီ။

အိမ်သတိရ ကန်ဆိုသည်မှာ ရှေ့ အဆက်ဆက်က သင်တန်းသားတွေ နာမည်ပေးထားခဲ့သော ရေကန်ကြီးဖြစ်သည်။ ကျွန်တော်တို့ အိပ်ဆောင်ဘေးမှာရှိသည်။ ညနေတန်းဖြုတ်ပြီးချိန် တွင် ထိုရေကန်ဘေးသို့ ကျွန်တော်တို့ သွားထိုင်ကြလေသည်။ ဖောင်ကြီးမှာ ကြီးမားခန့်ထည်သော စာကြည့်တိုက် အဆောက်အဦး ကြီးလည်းရှိသည်။ အပြင်မှာ မတွေ့ရသော စာအုပ်များစွာ ကို တွေ့ရလေသည်။

မနက် ၅နာရီခွဲသည်နှင့် အိပ်ရာကထဘို့ ခရာမှုတ်သည်။ မိမိတို့အိပ်ရာကို စစ်ပုံစံဖြစ်အောင် ညီညီ ညာညာ ခင်းကြရသည်။ အချို့ အတွေ့ အကြုံရှိပြီးသူ ၀ယ်နိုင်သူတွေ က အသင့် သေတ္တာ ထဲကထုတ်ပြီးခင်းနိုင်အောင် စောင်တွေ ခြင်ထောင်တွေကို အပိုတစ်စုံ ၀ယ်လာ ကြ လေသည်။ ကျွန်တော်တို့ ကတော့ အတွေ့ အကြုံလည်းမရှိ ၀ယ်ဘို့ကလည်း မတတ်နှိုင် ဖြစ်လေရာ မိမိ ခြုံသောစောင်ကိုပင် ပြန့်ပြူးညီညာနေအောင် အချိန်ယူခင်းကြရပါသည်။

ပြီးသော် မျက်နှာသစ်ဖို့ ရေကန်ဆီကိုပြေးကြရသည်။ မနက် ၆နာရီထိုးသည်နှင့် ပီတီ လုပ်ဖို့ ပီတီ ၀တ်စုံနှင့် ကွင်းထဲကိုအရောက်သွားကြ ရလေသည်။ ထို့နောက် စားသောက်ရုံမှာ ကော်ဖီနှင့် ပေါင်မုန့်ကို နံနက်စာ စားကြရသည်။ လက်ချာလိုက်ရသည့် ကျောင်းဆောင်ကို တော့ မနက် ဂနာရီအရောက်သွားကြရသည်။ ၁၁နာရီမှာ လက်ချာခမ်းက နေ့လည်စာစားဘို့ အဆောင်ကို ပြန်ကြရသည်။ နေ့လည်စာစား ခတ္တနားပြီးသော် ၂ နာရီမှာ လက်ချာ လိုက်ရ ပြန်သည်။ ညနေပိုင်း ၄ နာရီခွဲမှာ လက်ချာတွေပြီးသည်။ အဆောင်ကို ပြန်ချင်တိုင်းပြန်မရ တပ်စုကို တန်းစီလူစစ်ပြီး တပ်တွေချီတက်သလို စီတန်း လမ်းလျောက်ကြရခြင်းဖြစ်ပါသည်။

ပဌမဆုံး တစ်လမှာ အိမ်မပြန်ရ၊ အပြင်ကိုလည်းထွက်ခွင့်မပေး၊ ကျောင်းဖွင့်ပွဲ စစ်ရေးပြ အတွက် တန်းစီညာညှိခြင်းလုပ်ငန်းကို မညီမချင်း လေ့ကျင့်ကြရပါသည်။ နာမည်ကြီးလှသော အာဠာဝကကြီးမှာ ထိုသင်တန်း၏ တာဝန်မှုးကြီးဖြစ်ပါသည်။ သူသည် အပြောအဆိုမယဉ် ကျေး၊ သဘောဆိုးပုံရသည်။ သင်တန်းကို မညီလျင် ညီအောင် ဒီလိုဘဲလုပ်ရတာဘဲဟု ပြောသူတွေလည်း ရှိကြပေ၏၊ သူသည် ကျွန်တော် တို့ကို စစ်သားတွေမောင်းသလို မောင်းလေသည်။ စစ်သားတွေမဟုတ်တော့လည်း ကျွန်တော်တို့က သူ့စတိုင်လ်နှင့် အပြောအဆို တွေ ကို လက်မခံ နိုင်ကြပေ၊

တခါသော် လက်ချာဟောထဲမှာ ကျွန်တော်တို့ကို မတ်တတ်ရပ် သတိဆွဲခိုင်းပြီး ဆူပူကြိမ်း မောင်းလေသည်။ ရှေ့ဆုံးတန်းက ကျွန်တော် သည် သူပြောဆိုနေတာတွေကို မကြိုက်သောကြောင့် သူ့ကိုမကြည့်ဘဲ ကြည့်ချင်ရာကိုကြည့်နေလေသည်။ ထိုအခါ သူပြောနေတုံးမှာ သူ့ကို ကြည့်ရမည်ဟု ကုန်းပြီးအော်လေသည်။

လက်ချာလိုက်ရတာတွေကလည်း များသည်။ စိတ်ချလက်ချအိပ်လိုက အိပ်ကြပါဟုခွင့်ပြုသော ဆရာကိုမူကျွန်တော်တို့ ကကြိုက်ကြလေ သည်။ စစ်ရေးပြ ဆင်းရခြင်းမှာ ဆုံးနိုင်သည်မရှိ၊ မညီလို့ကလည်းမဖြစ် စိတ်ကလည်း မပါ့တပါဖြစ်ရာ အောင်ရန်ခက်သည်။ ကိုယ်နေကိုယ် ဟန် ကလည်းတောင့်တင်းရမည်၊ အားမာန်ကလည်းရှိနေရဦးမည်၊

လူနှင့်ပါတ်ဝန်းကျင် တို့၏ အညမည သဘောတရားမှာ ပြဌာန်းချက် စာအုပ်ဖြစ်လေသည်။ လူနှင့် ပါတ်ဝန်းကျင်တို့သည် တခုနှင့်တခု မှီခို ယှက်နွယ်နေကြပြီး တခုနှင့်တခု အကျိုးပြု နေကြလေသည်။ ထိုသဘောတရားသည် နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရနှင့် ဘယ် လို ဆက်စပ်နေသည်ကို ကျွန်တော်တို့ သဘောမပေါက်နိုင်ပေ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ကြီး နှင့် ဘယ်လိုဆက်စပ်နေပုံကိုလည်းကျွန်တော်တို့မသိခဲ့ကြ၊ စာမေးပွဲ အဆင့်ဆင့် တို့တွင် ထိုသဘောတရားများကို စာအုပ်လာ စာသားများအတိုင်းကျွန်တော်တို့ အကြိမ်ကြိမ် ရေးကြ ဖြေခဲ့ကြသည့်တိုင် ဘာ့ကြောင့် ဒီသဘောတွေကို ပြောနေကြရသည်ကိုတော့ ကျွန်တော်တို့ သဘောမပေါက်ကြပေ၊ အခုအချိန်အထိ လည်းသဘောပေါက်သည်ဟု ကျွန်တော်မထင်မိ၊ထို့ကြောင့်ဖောင်ကြီးသင်တန်းက နိုင်ငံရေးစာပေ ဘာတွေသင်လိုက်ပါသည်ဟု မယ်မယ် ရရ ကျွန်တော် မပြောပြ နိုင်ပါ။

စစ်သင်တန်းက အကျိုးပြုတာကိုတော့ ကျွန်တော် သဘောပေါက် ပါသည်။ မြန်မာပြည် အရပ်ရပ်မှ အရာရှိကြီးငယ်တွေနှင့် ကျောင်းသားသူငယ်ချင်းတွေလို တဆောင်တည်းနေ ထမင်းအတူတူစားနေရခြင်းမှာ များစွာအကျိုးရှိပါသည်။ ကျွန်တော်တို့ ရောက်ပြီးမှ တပါတ် လျင် တကြိမ် စပယ်ရှယ် ဒင်နားကျွေးရမည်ဟု အမိန့်ထွက်လာလေသည်။ ကြက်ရင် အုပ်ပါ တကောင်လုံးကို နူးနေအောင် ပေါင်းထားပြီး ကြွေးသည်။ ရိုးရိုးနေ့တွေမှာလည်း ဖောင်ကြီးဟင်း သည် ဆိုးသည်ဟုမဆိုနိုင်ပါ။

သာသနာရေးဌာန မန္တလေးတိုင်းမှုး အန်ကယ်ကြီးမှာ အသက် ၅၀ နီးပါတော့မည်၊ သူ့ကုတင် သည် ကျွန်တော်နှင့် ခြေချင်းဆက် အနေအထားဖြစ်၏၊ အိပ်ရာဝင်ခါနီးသော် သူ့ကုတင်ပေါ် တွင် ထိုင်ရင်း ကျွန်တော်တို့ မသိသေးသည့် နိုင်ငံတော်ရေးရာ ဗဟုသုတများကို ပြောပြတတ် သည်။ လက်ဝဲသုန္တရ အမတ်ကြီး ဦးမြတ်စံ မှာ မဲဇာတောင်ခြေ ရတုပိုက်စုံရေးရာတွင် မန္တလေး ရွှေမြို့တော်ကို လွမ်း၍ ရေးသည် ဟု ကျွန်တော်ကထင်နေသည်။ သူက ဦးမြတ်စံခေတ်က ရွှေနန်းတော်သည် ရွှေဘိုမှာ ရှိ ကြောင်း ရတုထဲက ဘုရားတွေမှာ ရွှေဘို ကဘုရားတွေဖြစ် ကြောင်းရှင်းပြလေသည်။ ခင်ဦး သား ကျွန်တော်သည် အရင် ကထိုအကြောင်းတွေကို မသိခဲ့ပေ၊

ဆရာမောင်ထင်၏သား ဆရာဝန် ကိုဝင်းထင်မှာ ကျွန်တော်နှင့် နံပါတ် ကပ်လျက် ကသ ၉၁ ဖြစ်သည်။ အနေ နီး၍ ရင်းနှီးလာသောအခါ သူ့အဖေ နှင့်တွေ့နိုင်ရန် ကျွန်တော်နှင့် ဆရာဝန် ကိုကံဦးတို့ ကို သူ့ အိမ်သို့ အလည်ခေါ်လေသည်။ ဆရာကြီးကို ကျွန်တော်တို့ ဂိတ်ပါတ်(စ) ရသည့် တနေ့မှာသွားတွေ့ကြလေသည်။ သူတို့အိမ်မှာ ဗြိတိသျှ တွေဆောက်းသွားသော ရှေး အိမ် ကြီးဖြစ်ပြီ ICS ခေါ် အရာရှိကြီးတွေ၏ နေအိမ်ဟု ကျွန်တော်ထင်သည်။ ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် နိုင်ငံရေးအတူတူ လုပ်ခဲ့ ကြသော စာရေးဆရာကြီးကို ကျွန်တော်တို့ စကားတွေပြော မေးခွန်းတွေမေး လုပ်ခဲ့ကြ သည်။ ဆားမလောက် မှာတာဝန်ကျသော ဆရာဝန် ကိုဝင်းထင် ကို သင်တန်းဆင်းပြီးကထဲက ကျွန်တော်မတွေ့ရတော့ပေ၊

သွားဆရာဝန်ကိုအောင်မင်းမှာ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်၏ သား ဖြစ်ပါသည်။ သူသည် ဟိတ်ဟန်မရှိ အလွန်ရိုးဖြောင့်သူတဦးဖြစ်ပြီး အလွန် ခင်စရာကောင်းသည်။ တင်းနစ် ကစား၊ ဂေါက်ရိုက် ပြီး အားကစား လိုက်စားသည်။ မြန်အောင်မှာ တာဝန်ထမ်းရသော အခါ သူ့အိမ်သည့်ကျွန်တော့် စားအိမ်သောက်အိမ်၊ သူသည် ယိုးဒယား နိုင်ငံ အရမ်ညာပရာထက် မှာ ၃ နှစ်လောက် အလုပ်လုပ်စဉ်က သူ့အိမ်သို့ ၂ ခေါက်ကျွန်တော်ရောက်သည်။ တခါ သူခရီးထွက်မှာမို့ အိမ်သော့ပေးသွားရာ ကျွန်တော် တစ်ပါတ်ခန့် သောင်တင်နေခဲ့ဘူးသည်။

တခါသော် ကိုအောင်မင်း သည် သူ့အိမ်မှ ရေဒီယိုယူလာပြီး အင်္ဂလိပ်သီချင်းတွေ ကို လက်ချာ နားချိန်မှာဖွင့်သည်။ ရေဒီယိုကို လက်ချာခမ်းထဲယူခြင်းသည် ဖောင်ကြီးမှာ ကြီးမား သော ပြစ်မှု ဖြစ်နေလေသည်။ ဘယ်သူက လက်တို့လိုက်သည်မသိ၊ တန်းစီ၍ စခမ်းရုံးရှေ့ အဆောင်တွေ ကိုပြန်ဘို့ အလုပ်မှာ “ရေဒီယိုပေး ရေဒီယိုပေး” ဆိုပြီး တရားခံ ဖမ်း ဖမ်းပါလေသည်။ ရေဒီယို မှာ ကျွန်တော့် အိပ်ထဲမှ ထွက်လာလေရာ ကျွန်တော်သာတရားခံဖြစ်သွားလေသည်။ ကျွန်တော် သည် ကျောင်းသား ထူးချွန်ဆု ကို မရနိုင်တော့ပေ၊ သင်တန်းဆရာက “ခင်ဗျား အပြစ်ရှိတယ် သတိဆွဲ “ ဟုဆိုကာ ကျွန်တော့်ကို အပစ်ပေးသည်။ ပြစ်ဒဏ်ကိုကား ကျွန်တော် မမှတ်မိတော့ပြီ။ ဤဖြစ်ရပ်ကြောင့် အခင်မင်ဆုံး မိတ်ဆွေတဦးကား ကို ရလိုက်လေသည်။

အစိုးရသည် ဖောင်ကြီးသင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ ၀န်ထမ်းတွေကို ကိုယ်ခန္တာ ကြံ့ခိုင်မှု ရှိစေရန်၊ ဆိုပါက ကျွန်တော်လက်ခံပါသည်။ သို့ပါသော်လည်း စစ်တပ်လို အမိန့်နာခံ တတ်စေရန်၊ အစိုးရ၀ါဒသဘောတရားတွေ ကိုလက်ခံလာစေရန် ဖွင့်သည်ဆိုပါက သူတို့ ရည်ရွယ်ချက် သည်မအောင်မြင်ပါ။ ကျွန်တော်တို့သည် သင်တန်းဆရာတွေ အကိုင်အတွယ် မတတ်သည်နှင့် အစိုးရအပေါ်ပိုပြီးနာကျည်း၍သာလာကြလေသည်။ သင်တန်းဆရာတွေမှာ စစ်တပ်မှ တပ်ကြပ်ကြီးတွေ၊ ရဲတပ်ကြပ်တွေ ၊ ထိုဆရာတွေ၏ ပညာ အဆင့် အတန်း နှင့် အဘယ်ပုံ ဆရာဝန် အင်ဂျင်နီယာတွေကို စည်းရုံးသိမ်းသွင်းကြပါမည်နည်း၊ စစ်ပညာ သင် သည် ဆိုသည် မှာ ရိုင်းစိုင်းရမည်ဟု သူတို့ အရိုးစွဲနေပုံရသည်။

အကောင်းဆုံးကျောင်းဆု ဆိုတာကရှိသေးသည်။ လူတော်တော်များများက မက်ကြလေသည်။ ဆရာဝန်တော်တော်များများ က သင်တန်းရုံး သို့သွားပြီး သင်တန်းဆရာတွေနှင့် ရောကြ ပေါင်းကြ လေသည်။ သူတို့သည် စစ်ပညာသင်ခြင်း မှလျှော့ပေါ့ပေးမည့် သက်သာမည့် Light Duty ဖြစ်စေ၊ အကောင်းဆုံး ကျောင်းသားဆု အတွက် ဖြစ်စေ ထိုဆရာများနှင့် သင့်တင့် အောင် ပေါင်းကြရသည်။ သင်တန်းရုံးမှာ အချိန်ကုန်နေတတ်ကြသော ဆရာဝန် အုပ်စုကို ကျွန်တော်တို့ ကြည့်မရကြပေ၊ ထိုအုပ်စုထဲမှပင် ကျောင်းသားထူးချွန်ဆုကို ရသွားကြ လေ သည်။ အခုပြန်စဉ်းစားကြည့်တော့ သူတို့လုပ်တာမမှားပါ။ လူဆိုသည်မှာ မိမိ ရောက်ရှိနေသော အခြေအနေကို မှန်မှန်ကန်ကန် မြင်တတ် နားလည်တတ်ဖို့ လိုလေသည်။

သင်တန်း ဆရာဦးအောင်မြင့်ထွန်းမှာ ဥပဒေဌာနမှဖြစ်သည်။ သူသည် မန္တလေး တက္ကသိုလ် တက်စဉ် က ကျွန်တော်အစ်ကိုနှင့် တဆောင်တည်းနေခဲ့ရဘူးသည်။ ကျွန်တော့် ကိုမြင်သော် “ခင်ဗျား ကိုတင်သန်းရဲ့ ညီလား” ဟုဆိုကာရဲရဲ ကြီးနှုတ်ဆက်လေသည်။ ကျွန်တော်နှင့် ကျွန်တော့် အစ်ကိုမှာ အသက်ကွာသော်လည်းရုပ်ချင်းက ဆင်ဆင်တူလေသည်။ ကျွန်တော့် အိပ်ထဲ မှ ရေဒီယိုကို ဆွဲထုတ်သွားသူမှာလည်း ဦးအောင်မြင့်ထွန်းသာ ဖြစ်ပြီး ကျွန်တော်သည် သူ့ကို စိတ်မဆိုးမိပေ၊ ရေဒီယိုနားထောင်တာကို အပြစ်ဟုလုပ်သော စံနစ်ကိုသာ စိတ်နာမိလေသည်။

ဟိုယခင်အပါတ်များက သင်တန်းမဆင်းမှီ LRP (Long Range Penetration) ခေါ်သည့် စစ်ဝတ် အပြည့်အစုံဝတ်ခါ ခရီးရှည်လမ်း လျှောက်ရသည်။ ပင်ပန်းသောကြောင့် သင်တန်းသား တယောက်ကို ဆေးရုံတင်လိုက်ရသည်။ နောက်တွင် အသက်ဆုံးပါးသွားသည်ဟု လည်းကြား ရသည်။ ကျွန်တော်တို့ သင်တန်းမှာ LRP ကို ပယ်ဖျက်ပေး သည်။ ခရီးရှည် လမ်းမလျှောက် ရတော့၊ ရေနံ ဘူမိဗေဒအရာရှိ ကိုလွင်ဦးမှာ LRP ချီတက်ရင်း သေနတ်အလေးကြီးနှင့် ဒုက္ခရောက်နေသော ဆရာဝန်မလေးကို အကူအညီပေးရာမှ သံယောဇဉ်တွေ ဖြစ်ခါ အိမ်ထောင် ကျသွားလေသည်။

ကျွန်တော်တို့အတန်းထဲက ဆရာဝန်မလေးတွေလည်းလှကြပါသည်။ သွားဆရာဝန်မ Patricia မှာ ကရင်မ ဖြစ်ပြီးအလွန်လှသည်။ အတန်းစဉ်ဖြတ်သွားတိုင်း ဆရာမ၏ အလှကို အဝေး က သာ ကျွန်တော်တို့ ကြည့်နိုင်လေသည်။ စည်းကမ်းက တင်းကြပ်လွန်းသည်။ နှလုံးသား ရေးရာ ကိစ္စတွေကို ဖောင်ကြီးမှာ ကျွန်တော်တို့ ဦးစားမပေးနိုင်ပြီ။ ထုတ်ပေးထားသော ယူနီဖေါင်းတွေ မှာ ဆိုက်အမျိုးမျိုး တိုင်းချုပ်မဟုတ်သောကြောင့် အချိုးမကျကြပေ၊ ယောင်္ကျားလေးတွေ က ကိစ္စမရှိ၊ အလှအပ ပိုင်ရှင်များမှာ သူတို့ အလှအပ မပျက်စေရန် သီကြ ကျင်းကြ လုပ်ပြီးမှ ၀တ်ကြရသည်။ ယူနီဖေါင်းက ပုံစံမကျသော်လည်း ဆရာမ Patricia မှာ အလှမပျက်ချေ၊

(၂)
စင်္ကာပူမှာ တက္ကသိုလ်မသွားမှီ ၀င်ခွင့်လက်မှတ်ရပြီ ဆိုသည်နှင် ကျွန်တော့်သားကြီး ကို စစ်တပ်တွင် ၂ နှစ် တာဝန်ထမ်းရမည်ဆိုသော စည်းကမ်းအရ ကျွန်တော်တို့ လွှတ်လိုက်ရ သည်။ အမေ ကတော့ မျက်ရည်တစမ်းစမ်းပေါ့၊ ကျွန်တော်ကတော့ သားကြီး ယောင်္ကျား ကောင်း တယောက် ဖြစ်ဖို့ စစ်သင် တန်းသည် လိုအပ်သော သင်တန်းဖြစ်သည်ဟုခံယူပါ သည်။

သား ကို လိုက်ပို့သည့်နေ့ က မိဘတွေကို “သူ့သားတွေကို ဒီလိုထားပါတယ် “ ဟု သူတို့ သင်တန်း ကျောင်း ကို တပါတ် လှည့်ပြပါသည်။ သူတို့အိပ်ဆောင် ထမင်းစားဆောင် ထမင်း ဟင်းတွေမှာ ကယ်လိုရီ မည်မျှပါသည်။ သူတို့ အ၀တ်အစားမှာ ဘာတွေဖြစ်ပါသည်ဟု ပြပြီး ပရိတ်သတ်ကို နေ့ လည်စာကျွေးပါသည်။ စင်္ကာပူ အစိုးရက ကျွန်တော့်သား၏ စစ်ပညာ သင်ကြားနိုင်ရေး အတွက် ပိုက်ဆံတွေ သောက်သောက်လဲ အကုန်ခံတာကို ကျွန်တော်တို့ မြင်ကြရပါသည်။

၃ ပါတ်အကြာ အခြေခံသင်တန်းအောင်ပြီးသော် သားကြီးအိမ်ပြန်လာသည်။ သားကိုကြည့်ရ သည်မှာ ဘာမှ စောဒက တက်လိုဟန်မရှိ၊ ၊ အမေက မေးခွန်းတွေ တွင်တွင်မေး၊ သားဖြစ် သူက ပေါ့ပေါ့လေး ဖြေနှင့် အမေလုပ်သူလည်းဘ၀င်ကျသွားပုံရသည်။ သားသူငယ်ချင်း မိန်ကလေး တွေ က ဤသင်တန်းကိုတက်စရာမလိုပေ၊ အတန်းတူတွေက သူတို့ စစ်သင် တန်း ကာလ ၂ နှစ်အတွင်း အတန်းတွေ တက်သွားကြလေသည်။

ကျွန်တော်တို့ ဖောင်ကြီးသင်တန်း က ၁၄ ပါတ်လောက်ဘဲ ကြာလိုက်သည်။ သားတို့ က၂ နှစ် အချိန်ပေးရတာဆိုတော့ သားတို့ ပညာရေးမှာ ၂ နှစ်နောက်ကျရလေသည်။ နှစ်နှစ် သင်တန်း ဆင်းရုံနှင့်မပြီးသေး စစ်တပ်က မွန်းမံသင်တန်းဟဆိုကာ ၆ လအကြိမ် ၂ ပါတ်ကြာ သွားပြီး တာဝန်ထမ်း ရတာကရှိသေးသည်။ ဘယ် ကုမ္ပဏီမှာရောက်နေနေ၊ သူတို့ခေါ်လျင် သွားပြီး တာဝန် ထမ်းကြရလေသည်။ ဖောင်ကြီးသင်တန်းဆင်းထားသောကျွန်တော် သည် သားကို စစ်တပ် ကခေါ်ပြီး အလုပ်ခိုင်းတာကို စိုးရိမ်ကြောင့်ကြဖြစ်မနေမိပေ၊

(၃)
ဘ၀ အတွက်အကောင်းဆုံးမိတ်ဆွေ များကို တက္ကသိုလ်မှာ ပညာသင်နေချိန်တွင် ရနိုင်သည် ဟု ဆိုကြသည်။ ကျွန်တော့်အဖို့မှာမူ ဖောင်ကြီးတွင် ခင်မင်ခဲ့ရသူများမှာလည်း တသက်လုံး ပေါင်းသင်းရမည့်မိတ်ဆွေတွေသာဖြစ်လာကြလေသည်။ ဖောင်ကြီးဆင်းလာတော့ စိတ်သစ် လူသစ် ဖြစ်လာတာလည်းမှန်ပါသည်။ အစိုးရကတော့ ထုံးစံ အနိုင်း သင်တန်းပြီးသည်နှင့် ကျွန်တော်တို့ ဘ၀ ကြီးသည် ဖောင်ကြီးနှင့် ဘာမှ မဆိုင်တော့သလို လုပ်လေသည်။

တက္ကသိုလ် တွေမှာ Alumni အသင်းတွေရှိသလို ဖေါင်ကြီး Alumni ဟုရှိစေချင်သည်။

ဖောင်ကြီး သင်တန်း သင်ရိုး ညွှန်တမ်းကိုလည်း Management ဘာသာရပ်ကိုသင်ပေးမည့် သင်ရိုးညွှန်းတမ်းပါအောင် ဆွဲစေချင်သည်။ ခေါင်းဆောင်မှု ဘာသာရပ်ကို အလေးထားပြီး သင်ပေး စေချင်သည်။ တက်လာကြသော အရာရှိ ကြီးငယ်တို့သည် အစိုးရ ယန္တရားကြီးတွင် တနေရာ ဆီမှ ပါဝင်ကြရမည့်သူတွေ မဟုတ်ပါသလော၊ သင်တန်းအတွက် ကုန်ကျရမည့် ငွေကြေးသည် သင်တန်းသား၏ဘ၀ တလျှောက်လုံး သုံးသွားနိုင်သည့် ပညာရပ်တခုခု ကို သင်ပေး လိုက်နိုင် သည် ဆိုလျင် အစိုးရ အဖို့ ငွေကုန်ရကြိုး နပ်ပေပြီ။

ကျွန်တော်ဖောင်ကြီးသင်တန်း တက်နေချိန်မှာ ရသော လစာကို သုံးစရာမလိုခဲ့ပေ၊ သင်တန်းပြီး သော် ထိုစဉ်ကငွေ ရ၀၀ ကျော် ပေးရသော ဆီကို နာရီ တလုံးကိုဝယ်နိုင် လေသည်။ အမေ့ ကို ထိုခေတ်က ငွေ ၁၀၀၀ အပ်နိုင်သေးသည်။ ထိုအချက် တခုတည်းနှင့်ပင် ဖောင်ကြီးကျောင်း စီစဉ်ပေးသူတွေ ကို ကျေးဇူးတင်ထိုက်နေပေပြီ။




Note:
ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် လ/ထ ကထိက ဒေါ်ခင်ဝင်းနိုင် အတွက် ဂုဏ်ပြု တင်ပြပါသည်။ ကိုသန်းလွင် (BE Engineer 1977) သည် င်ငံဝန်ထမ်းမှ ထွက်ခွင့်ရပြီး၊ ဆလမ်ဘာဂျာရေနံကုမဏီတွင် နိုင်ငံတကာသို့ နှစ်ပေါင်း၂၀ခန့်လုပ်ကိုင်ပြီး၊ ယခုစင်ကာပူတွင် လုပ်ငန်းရှင်အဖြစ် မိသားစုနှင့်နေထိုင်ပါသည်။ ငယ်စဉ်က လူရည်ချွန် ရွေးချယ်ခံရသူတစ်ဦးဖြစ်ပြီး ..အစိုးရဝန်ထမ်းဘဝ ဖောင်ကြီးတွင် ၆လ သင်တန်းတက်ခဲ့ရပုံကို ယခုခေတ် ဖောင်ကြီးဆရာ၊ ဆရာမ၊ သင်တန်းသားများအတွက် မျှဝေလိုက်ပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။ မုရန်..
 



Khin Win Naing ကျမတို့သည် သင်တန်းသားများအား lectureသင်ရုံဖြင့်မပြီးပါ။စိတ်ဓာတ်၊ အမြင်မကောင်းသည့်ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းပါပြောင်းလဲသွားစေရန်အတွက်တာဝန်ရှိပါသည်။
ငုင်းတို့၏mindset,attitute&knowledge& skill ကို changesဖြစ်စေရန်တာဝန်ရှိပါသည်။
 တက္ကသိုလ်ကြီးကို ခေတ်နဲ့အညီပြောင်းလဲနိုင်ရန်မှာ ဘုရားသခင်သာတတ်နိုင်၏။ဝိုင်းဝန်းဆုတောင်းပေူရန်သာရှိပါသည်။


........................

ပုံ - ၁
၂၀၁၅ ခုနှစ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)  ကထိက ဒေါ်ခင်ဝင်းနိုင်နှင့် ကျောင်းသားများ

ပုံ - ၂
၂၀၁၇ အောက်တိုဘာ၊ မင်းအောင်ခိုင် နှင့်ဖောင်ကြီး ဇေယျ၉၃  မိတ်ဆွေများ (စင်ကာပူ)

No comments:

Post a Comment