Wednesday, May 3, 2017

ဆာကူရာဦးဌေးအောင်အကြောင်း နဲ့ သင်ဘာကြောင့်မအောင်မြင်သေးသလဲ..

ဆာကူရာဦးဌေးအောင်ာအကြောင်း (Sakura Htay Aung, Hla Lay Sein) နဲ့ သင်ဘာကြောင့်မအောင်မြင်သေးသလဲ..

အမှိုက်ကရွှေဖြစ်၍ အောင်မြင်ခဲ့ရခြင်း
*******************************************
December 29, 2016 
ကျွန်တော်ဘ၀အတွေ့အကြုံဆောင်းပါးများရေးခြင်းဟာ လူငယ်များအတွက် ဗဟုသုတရစေခြင်းငှာ ရေးခြင်း ဖြစ်ပါတယ်။ အတုယူဖွယ်ရာများကို ရေးသားခြင်းဖြစ်၍ မကြိုက်လျှင်မဖတ်ပါနှင့်။ အကျိုးအကြောင်းမသိလျှင် မကောင်းပြော၍ မဝေဖန်ပါနှင့်ဟု မေတ္တာရပ်ခံလိုပါတယ်။

-ကျွန်တော်ကား ၀ယ်/ရောင်းဘ၀သို့ ကူးပြောင်းခြင်းဟု ဆိုခဲ့ပြီးဖြစ်ပါတယ်။
-အချို့ကဝေဖန်ကြတယ်၊ ပွဲစားဆိုတော့ မုသားကင်းမည်မဟုတ်ဟု ဆိုကြတယ်။
-အမှန်တော့ ကျွန်တော်ကားပွဲစားအလုပ် ယနေ့အထိမလုပ်ဘူးပါ။
ကားဝယ်/ရောင်းဟုဆိုသော်လည်း၊ နိုင်ငံခြားမှကားမှာ၍ ပြည်တွင်း၌ပြန်ရောင်းခြင်းအလုပ်ကို စတင်လုပ်ခြင်းဖြစ်ပါတယ်။

အဲ့ဒီလို ကားမှာ၍ ရောင်းဝယ်ခြင်းအလုပ်မှာလည်း ၃/၄ စီးခန့်သာ ပြည်တွင်းကားကုမ္ပဏီ အေးဂျင့်များထံမှတဆင့် မှာယူတင်သွင်းရောင်းချခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် မိမိကိုယ်တိုင် ဂျပန်နိုင်ငံ Kobe မြို့မှ Choko Trading ကားကုမ္ပဏီကိုယ်စားလှယ်အဖြစ် စတင်လုပ်ကိုင်ပြီး၊Sakura Auto နာမည်နဲ့ ကားအရောင်းအ၀ယ်အလုပ်ကို တွဲဖက်လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။
ကားကုမ္ပဏီကိုယ်စားလှယ်အဖြစ် စတင်လုပ်ကိုင်တဲ့အချိန်တုန်းက မော်တော်ကားအင်ဂျင်နှင့် ကားတစ်စီးလုံး၏ အစိတ်အပိုင်းများတင်သွင်းခြင်း၊ မော်တော်ဆိုင်ကယ်နှင့် TV၊ Video၊ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ မိတ္တူကူးစက် စတဲ့ လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်းအလုပ်ကိုလည်း တစ်ပြိုင်တည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါတယ်။ 

ထိုအချိန်က ဤကဲ့သို့တင်သွင်းရောင်းချတဲ့လုပ်ငန်းဟာ အကျိုးအမြတ်အလွန်များပြီး၊ လူအများ မလုပ်ကိုင်နိုင်သေးသည့်အတွက် (၃)နှစ်ခန့် လျှို့ဝှက်စွာလုပ်ကိုင်၍၊ နေ့ချင်း၊ ညချင်း ကြီးပွားခဲ့ခြင်းဖြစ်ပါတယ်။ 

ဦးနေ၀င်းအစိုးရခေတ်က မော်တော်ယာဉ်များတင်သွင်းခွင့်မှာ အကန့်အသတ်ရှိသကဲ့သို့ ပြည်ပမှ တင်သွင်းရသည့် မော်တော်ဆိုင်ကယ်၊ အင်ဂျင်အပိုပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကိုလည်း ပြည်ပ၀င်ငွေရရှိသောသူများသာ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ရသောခေတ် ဖြစ်ပါတယ်။ ယနေ့ခေတ်ကဲ့သို့ ကားကုမ္ပဏီများ၊ လျှပ်စစ်ကုမ္ပဏီများ၊ Showroom ကြီးများဖြင့် ရောင်းချခွင့်ရရှိသော ခေတ်မဟုတ်ခဲ့ပါ။

အမွှမ်းတင်၍ပြောရလျှင် ကျွန်တော်ကိုယ်တိုင်ပင်လျှင် မိမိကိုယ်မိမိ အံ့သြရလောက်အောင် ဆူနာမီ လှိုင်းလုံးကြီးများကဲ့သို့လည်းကောင်း၊ သိန်းထီကြီးများ အကြိမ်ကြိမ်ပေါက်သကဲ့သို့လည်းကောင်း၊ ၀င်ငွေ ကောင်းခြင်းဖြစ်ပါတယ်။
ထိုအချိန်က အထိုက်အလျှောက်လုပ်ငန်းပြ၍ အခွန်ဆောင်ခဲ့သော်လည်း အများနည်းတူ အခွန်ရှောင်ခဲ့ ဖူးပါတယ်။ ၀င်ငွေကောင်း၍လည်း ပိုလျှံငွေများဖြင့် ရန်ကုန်မြို့တွင်း အိမ်ခြံမြေများအား ၀ယ်ယူဖြစ်ခဲ့တယ်။ တပ်မတော်အစိုးရတစ်ခေတ်ပြောင်းတော့ အိမ်၊ ခြံ၊ မြေ ဈေးကောင်းလို့ ထောခဲ့ဖူးပါသည်။ ဒါကြောင့် အစိုးရခေတ် တစ်ခေတ်ပြောင်းတိုင်း ကိုယ်ကလိုက်ပြောင်းနိုင်ဖို့လိုပါတယ်။


ကျွန်တော့်အဖေ၏သွန်သင်မှု တစ်ခုရှိခဲ့ပါတယ်။ “ငါ့သားရန်ကုန်မြို့ကြီးဟာ မြို့တော်တစ်ခုဖြစ်တော့ နယ်ပယ်အသီးသီးက စီးပွားရေးကောင်းသူများ ပြောင်းရွှေ့အခြေချတဲ့နေရာတစ်ခုပဲ၊ ဒီတော့ အိမ်၊ ခြံ၊ မြေ ဈေးဆိုတာ ဘယ်တော့မှမကျဘူး၊ အတက်ပဲရှိမှာ။ ငွေပိုရင် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးပဲ။ အရှုံးမရှိတဲ့ အလုပ်ပဲ”ဟု ပြောခဲ့ဖူးပါတယ်။

အရောင်းအ၀ယ်အလုပ်ဆိုတာ အရှုံးအမြတ်ရှိတတ်သေးတယ်။ အဲ့ဒီရန်ကုန်မြို့ပေါ်ကမြေကွက်တွေဟာ တိုးလာမှာမဟုတ်ပဲ ၀ယ်သူတွေတိုးနေတဲ့အတွက် ရောင်းမဲ့မြေကွက်တွေဟာ နေရာကောင်းတွေမှာ တဖြည်းဖြည်းရှားပါးလာလိမ့်မယ်လို့ သတိပေးပြောခဲ့ဖူးတယ်။ ကျွန်တော်စဉ်းစားကြည့်တော့လည်း ဟုတ်နေတယ်လေ။ ဒီတော့ကျွန်တော် ငွေပိုငွေလျှံရှိတိုင်း အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးအားပြု လုပ်ဖြစ်တယ်။ 

တစ်ဖက်ကလည်း ၀င်ငွေအရမ်းကောင်းတဲ့ ကားကြီးအင်ဂျင်နှင့် အပိုပစ္စည်းတင်သွင်းရောင်းချခြင်း ဆိုင်ကယ်နှင့်လျှပ်စစ်ပစ္စည်း တင်သွင်းရောင်းချခြင်းတို့ကိုလည်း ပို၍ပို၍ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါတယ်။ မော်တော်ကားအရောင်းအ၀ယ်ဟာ အရင်းအနှီးများပြီး အကျိုးအမြတ်ကျတော့ ရာခိုင်နှုန်းကနည်းတယ်။ ဒီတော့ကျွန်တော်က ကားအရောင်းအ၀ယ်လုပ်ငန်းကို ကြိုပွိုင့်ရောင်းတဲ့အလုပ်ပဲ အလုပ်များတယ်။ ကားမရောက်ခင် ၀ယ်/ရောင်းတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သဘောမျိုး ကြိုရောင်းတာများပါတယ်။

ကားကြီးအင်ဂျင်နဲ့ အပိုပစ္စည်းတစ်စီးစာတင်သွင်းရင် အမြတ်က(၂)ဆလောက် အနည်းဆုံးမြတ်ပါ တယ်။ ဂျပန်အမှိုက်ပုံကကောက်ပြီးဝယ်တဲ့ ကားကြီးတစ်စီးကိုဖြတ်တောက်ပြီး သစ်သား package လုပ်ပြီး ရန်ကုန်ကို တင်သွင်းလာရင် ပစ္စည်းကမရောက်သေးဘူး ရောင်းလို့ကုန်နေပြီလို့ ပြောရလောက်အောင် ၀ယ်အားက ရှိခဲ့တယ်။

အဲ့ဒီအချိန်တုန်းက မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မန္တလေး စတဲ့ဒေသတွေမှာ ကားကြီးတပ်ဆင်တဲ့ လုပ်ငန်းတွေက အလုပ်ဖြစ်ကြတယ်။ ယာဉ်မှတ်ပုံတင်ခွင့်ပြုတဲ့ နည်းလမ်းတွေကလည်း ရှိနေတော့ ရောင်းအား တအားကောင်းတယ်။ ကျွန်တော့်လို ဂျပန်ကျပစ္စည်း တင်သွင်းရောင်းချတဲ့သူကလည်း လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲရှိပါတယ်။ မလေးရှားပီနန်ကျပစ္စည်းဆိုတာ စက်လှေနဲ့ဝင်တာတွေရှိပေမယ့် တရားဝင် သွင်းလာတာမဟုတ်တော့ ယာဉ်လိုင်စင်မှတ်ပုံတင်လို့မရလို့ ကျွန်တော်လို ဂျပန်ကျပစ္စည်းက စင်ပေါ်ကို ရောက်တဲ့ခေတ်တစ်ခေတ်ပေါ့။ ဒါပေမဲ့ မကြာပါဘူး (၃)နှစ်လောက်တော့ လုပ်စားလိုက်ပြီး အတော်လည်း ၀င်ငွေကကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂျပန်ကျပစ္စည်းတွေကို နောက်ပေါက်တင်သွင်းလာတဲ့သူတွေ အလျိုလျိုပေါ်လာပြီး၊ စင်္ကာပူကနေလည်း တစ်ဆင့်တင်သွင်းတဲ့သူတွေကပေါ်လာတော့၊ ဈေးကွက်ပျက်ပြီး အကျိုးအမြတ်ကလည်းနည်းလာလို့ ကျွန်တော်လည်းလုပ်ကွက်ပြောင်းဖို့ ဖြစ်လာတယ်။


ဒါနဲ့(၈၈)အရေးအခင်းဖြစ်ပြီး တပ်မတော်အစိုးရတက်လာတဲ့အချိန်မှာ ကားသွင်းခွင့်တွေ အရင်ခေတ် ထက်ပိုပြီး ဖွင့်ပေးလိုက်တယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ယာဉ်နှင့်စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကနေ ချုပ်ကိုင်ပြီး၊ မော်တော်ယာဉ်များကို အပ်ကုန်နဲ့ရောင်းတဲ့စနစ်တွေ စတင်ပေါ်လာတယ်။ ဒါကြောင့် အပ်ကုန် စနစ်နဲ့ရောင်းတဲ့လုပ်ငန်းမှာ အကြီးအကျယ်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ကျွန်တော်လိုဌာနနဲ့ အပ်ကုန်လုပ်တဲ့ ကုမ္ပဏီတွေ အဲ့ဒီအချိန်က အခု(၂၀)လောက်ရှိမယ်ထင်တယ်။ အကျိုးအမြတ်များခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဂျပန်ကိုတစ်လ တစ်ခေါက်၊ နှစ်ခေါက်လောက်သွားပြီး ကားပတ်ရှာတဲ့အလုပ်လည်း လုပ်ဖြစ်ပါတယ်။ နောက်ပြီး ကားသင်္ချိုင်းက ကားများကို သံရည်ကြိုဈေးနဲ့ဝယ်ပြီး တစ်ကျပ်တန်ကို တစ်ဆယ် အမြတ်နဲ့လည်း ရောင်းလို့ရတဲ့ကားတွေ အများအပြားဝယ်ယူရရှိခဲ့လို့ ဂျပန်မှာလည်း ကုမ္ပဏီထောင်ဖြစ်ခဲ့ပြီး၊ ဂျပန်မှာပဲ လူမသိသူမသိ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်က တည်ဆောက်ရေးလုပ်ငန်တွေလည်း တပ်မတော်အစိုးရက အများကြီး တိုးချဲ့ လုပ်ကိုင်လာတဲ့အချိန်မှာ ကျွန်တော်လည်း တည်ဆောက်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖြစ်လာတယ်။ ဒါပေမဲ့ ခရိုနီတွေလို ကျပ်တစ်ရာတန်ကို တစ်ကျပ်နဲ့ အပေးအယူလုပ်ပြီး စီးပွားရှာခဲ့တဲ့လုပ်ငန်းမျိုးတော့ မလုပ်ခဲ့ဖူးပါဘူး။ ဘာလုပ်ငန်းပဲ လုပ်လုပ် လက်ဦးမှုရရန်လိုပြီး သူများထက် ခြေနှစ်လှမ်း၊သုံးလှမ်းသာခဲ့လို့ အကျိုးအမြတ်လည်း ပိုရခဲ့တယ်လို့ဆိုရင် မှားမယ် မထင်ပါဘူး။


၁၉၉၀ ခုနှစ်နောက်ပိုင်း -
ဒီအချိန်မှာပဲ တရုတ်ပြည်မှာလည်း နယ်စပ်ကနေ တရားမ၀င် ကားတင်သွင်းမှုလုပ်ငန်းတွေက တွင်ကျယ်လာတယ်။ အဲ … ဒါပေမဲ့ သူတို့ကဘယ်မောင်းမဟုတ်ရင် လုံးဝမ၀ယ်ပါဘူး။ ဒါကြောင့် ကျွန်တော် တရုတ်ပြည်အကြိုက် ကားတွေကိုတင်သွင်းပြီး ဘယ်မောင်းပြောင်းတဲ့အလုပ်ကို လုပ်ခဲ့ရသေးပါတယ်။ နောက်တော့ ကိုရီယား-ဂျပန်ကနေ တရားဝင် Transit Trade နဲ့ဘယ်မောင်း အသစ်စက်စက်တွေ ၀ယ်သွင်းပြီးရောင်းတဲ့ အလုပ်လည်း လုပ်ခဲ့ရပါသေးတယ်။ လုပ်တဲ့သူလည်းနည်းပြီး ပြည်ပအဆက်အသွယ်က ရှိပြီးသားဆိုတော့ အကျိုးအမြတ် ကလည်း သူများထက်ပိုရတယ်လို့ ဆိုရပေမယ်။
ပျော်လည်းပျော်စရာကောင်းခဲ့ပါတယ်။ ယာဉ်တန်းကြီးများနဲ့ ရန်ကုန်ကနေ မူဆယ်မြို့ရောက်တဲ့အထိ မရပ်မနားမောင်းခဲ့ရတဲ့ခရီးစဉ်တလျှောက် လူငယ်ဘ၀ မမောမပန်းနဲ့ကူညီခဲ့ကြတဲ့ တပည့်များနဲ့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေများလည်း အစဉ်သတိရကျေးဇူးတင်လျက် ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရုတ်ပြည်မကြီးအစိုးရက တင်းကျပ်မှုတွေလုပ်လာလို့ နယ်စပ်ရောက်ပြီးသား ကားများ အရှုံးခံရောင်းရတဲ့ အဖြစ်နဲ့လည်း ကြုံခဲ့ရပါသေးတယ်။ ဒါတောင်တစ်ချို့က ကျွန်တော့်ကို မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ပြီး ကြီးပွားတယ်လို့ အထင်နဲ့စွပ်စွဲခဲ့ကြသူတွေ ရှိခဲ့ဖူးပါတယ်။ 

ပြောရရင်တော့ စီးပွားရေးလောက အောင်မြင်မှုဆိုတာ ကိုယ်ကလက်ဦးမှုရပြီး လမ်းစဖောက်ခဲ့တဲ့ အလုပ်ကိုလုပ်မှ အကျိုးအမြတ်ကလည်းများပြီး ခြေလှမ်း ၂/၃လှမ်း ရှေ့ရောက်နေမှ အကျိုးအမြတ်ဆိုတာ သူများထက်ပိုရှိတာကို ကြုံခဲ့ရပါတယ်။ နောက်တော့ ကိုယ့်လိုပဲလိုက်လုပ်တဲ့ သူတွေများလာတော့ အကျိုးအမြတ်က မလွယ်တော့ဘူးပေါ့။

ကျွန်တော် Sakura ဆေးရုံးကြီးကို စဖွင့်တယ်။ စင်ပြိုင်မရှိသေးတဲ့ အချိန် ၃/၄ နှစ်တော့ ကိုယ်တစ်ယောက်ထဲ စင်ပေါ်မှာပေါ့။ နောက်တော့ ကိုယ့်လိုအဆင့်မြင့်တဲ့ ဆေးရုံတွေက တစ်ခုပြီးတစ်ခုပေါ်လာတော့ ၀န်ထမ်းတွေကလည်းပြောင်း၊ အထူးကုဆရာဝန်တွေကလည်း ဆေးရုံအသစ်တွေက မက်လုံးတွေပေးပြီးခေါ်တော့ အချိန်တွေလျှော့ပြီး ပြောင်းထိုင်ဖို့လုပ်ကြတော့၊ Market Share တွေခွဲဝေပေး ရတာဖြစ်လာပြီး ၀င်ငွေကျတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရသေးတယ်။ ကိုယ်ကလည်း Service Promotion မလုပ်နိုင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုက ဘဏ်အပ် ငွေတိုးတောင် မကိုက်တဲ့အထိ ၀င်ငွေကျလာတာနဲ့ လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။

-စီးပွားရေးလုပ်တယ်ဆိုတာ စွန့်စားရပါတယ်။ လောင်းကစား လုပ်သလိုပါပဲ။ ငွေလုံးငွေရင်းနဲ့ ဈေးကွက် ကို ဖောက်ရတဲ့အခါလည်း ရှိပါတယ်။
-ဆိုလိုတာကတော့ အောင်မြင်မှုတစ်ခုရဖို့အတွက် ဈေးကွက် အသစ်ကို ဖော်ထုတ်နိုင်ရပါမယ်။
-ကိုယ်လုပ်မယ့်လုပ်ငန်းဟာလည်း ဈေးကွက်ကျယ်ပြန့်ပြီး ရေရှည်ဝယ်လိုအားရှိတဲ့ လုပ်ငန်းမျိုးဖြစ်ဖို့ လိုပါတယ်။
နောက်ပြီး ရောင်းအားမကျအောင် ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ်ပေးနေနိုင်ဖို့ လိုပါတယ်။

ယနေ့ခေတ်မှာ Brand Market Competition တွေက အရမ်းများလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့်လုပ်ငန်းဟာလည်း ဈေးကွက်ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့ နာမည်ကြီး Brand ဖြစ်ဖို့ လိုအပ်လာပြီလို့ ပြောချင်ပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ တစ်ခန်းရပ်ပါရစေခင်ဗျား … ။
Credit Hla Lay Sein
Link..
https://www.facebook.com/groups/252302281624404/permalink/616012851920010/
.
.
///////////////////////////

ရှယ်ပရစေ
Penzar
သင်ဘာကြောင့် မအောင်မြင်သေးတာလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။
သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လဒ်လာပ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ တကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့...
၁။ ပိုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။
၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။
၃။ စကားမပြောတတ်လို့။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။
၎။ အချိန်မရှိလို့။ မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက် ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကို်ယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။
၅။ ၀ါသနာမပါလို့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀ါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ၀ါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။
၆။ စဉ်းစားကြည့်အုံးမယ်။ ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။
Ref: WeChat

Like

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်မြို့က ပန်းခြံတွေကို အလကားနီးပါးဈေး (တစ်စတုရန်းပေ ၁ကျပ်) ဖြင့် ငှားရမ်းခြင်းများကို မြို့တော်စည်ပင်အဖွဲ့ဝင်(ဟောင်း) ဆာကူရာဦးဌေးအောင်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ကာကွယ်ပြောကြားခြင်း။ 

Zarni Tike added 2 new photos.

ရန်ကုန်မြို့က ပန်းခြံတွေကို သူခိုးဈေးနဲ့ ငှားရမ်းခဲ့တဲ့ တရားခံ အစစ် သွားလေသူ ဘပြောင်ဖြစ်ကြောင်း ရှင်းပြီ
ပြည်သူ့ဥယျာဉ်ကို ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဟု ရှင်းလင်း
========================
" ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ " ဟူသည့် သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်အနီး ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေများကို သဘာဝကမ္ဘာ (Natural World) ကုမ္ပဏီသို့ ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆာကူရာ ဦးဌေးအောင်က တုံ့ပြန်ပြောဆိုလိုက်သည်။
" ပြည်သူ့ဥယျာဉ်လိုဟာမျိုးဆိုတာ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ ငှားတာလို့ ကျွန်တော် သိရပါတယ်။ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ တိုင်းအစိုးရ ကနေပြီးတော့ လမ်းညွှန်ပြီးတော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါကလည်း လုပ်ထုံးလုပ်နည်းအရ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း ချုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ အဲ့လိုပဲ ချုပ်ပေးခြင်းဖြစ်ပါတယ်။ ဒါကိုပြောတဲ့ ရည်ရွယ်ချက်က ဒီလိုပြောခြင်းပဲဖြစ်ပါတယ် " ဟု ဦးဌေးအောင်က မီဒီယာများကို ပြောသည်။
" ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ " ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာနောင်းသတင်းဌာနက မေလတတိယပတ်အတွင်းက ရေးသားခဲ့သည့် သတင်းဆောင်းပါးအပေါ် ရန်ကုန်မြို့ရှိ M 3 Food Centre တွင် ယနေ့ (မေ ၂၉) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများသို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနောင်း သတင်းဌာန၏ အဆိုပါ သတင်းဆောင်းပါးတွင် " တိုင်းဒေသကြီးအစိုးရက ငှားလိုက်ပါဆိုရင် စည်ပင်ကစာချုပ်ချုပ်ပေးလိုက်ရတာပဲ။ ပြည်သူ့ဥယျာဉ်ဆိုရင် ဘာထူးလို့လဲ။ ၀န်ကြီးချုပ်အမိန့်နဲ့ငှားတာပဲ "ဆိုသည့် စကားနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။
" ဦးမြင့်ဆွေ ၀န်ကြီးချုပ်လက်ထက်မှာ အပေါ်က လမ်းညွှန်ချက်နဲ့လုပ်တာ၊ ဦးမြင့်ဆွေသည် သူ့သဘောနဲ့ သူလုပ်တာ မဟုတ်ဘူး " ဟု ဦးဌေးအောင်က ပြောသည်။
အဆိုပါ ပန်းခြံများငှားရမ်းစဉ်က စည်ပင်ကော်မတီဝင်အဖြစ် ဦးဌေးအောင်က တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။
ငှားရမ်းခွင့်ပြုမှုမှာ ရွှေတိဂုံဘုရား နောက်ဘက်မုဒ်အနီးရှိ ပြည်သူ့ဥယျာဉ် အတွင်းမှ မြေဧက ၈၀ ခန့်ကို ၂၀၁၁ ခုနှစ်လောက်က Natural World ကုမ္ပဏီသို့ တစ်ပေ ၆ ကျပ်နူန်းဖြင့် ၂၅ နှစ် ဖြစ်သည်။
အဆိုပါ ပန်းခြံငှားရမ်းခ သဘောတူညီချက်အတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု ဧပြီလ ၅ ရက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီးလွတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင်ဖော်ပြထားကြောင်းလည်း ဆောင်းပါးတွင် ပါရှိသည်။
Source: Mizzima
ZN.H

မှတ်ချက်
တကယ်တော့ ဘ၀အောင်မြင်ခြင်းဆိုတာ ငွေကြေးချမ်းသာခြင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ငွေကြေးချမ်းသာဖူးချင်တာ လူ့သဘာဝဆိုတော့ ကြိုးစားကြတာပေါ့လေ။ ရန်ကုန်တိုင်း
စည်ပင်ကော်မတီဝင်အဖြစ် ဦးဌေးအောင် ရွေးကောက်ပွဲအနိုင်ရ တာဝန်ယူခဲ့ရသေးသည်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
Risk Management & Many Turning point of my life. 2
ဒုတိယမြောက် ဘဝအပြောင်းအလဲ
ကျောင်းသားဘ၀ (၇)တန်းမှ (၁၀)တန်းအထိ နှစ်စဉ်လူရည်ချွန် ရွေးခြယ်ပွဲ ပါဝင်ဆင်နွှဲခွင့်ရသော Top Ten စာရင်းဝင် ကျောင်းသားဖြစ်ခဲ့သော်လည်း ကံကြမ္မာအလှည့်အပြောင်း မှာ ကျွန်တော် (၁၉၇၅) ခုနှစ် မတ်လ (၁၀)တန်း စာမေးပွဲတွင် အင်္ဂလိပ်စာအမှတ် (၃၈)မှတ်ဖြင့် (၄)ဘာသာဂုဏ်ထူးရခဲ့သော်လည်း၊ B list ဖြင့်သာ (၁၀)တန်းကို အောင်မြင်ခဲ့ပြီး စိတ်ဓါတ်လည်း အလွန်အမင်းထိခိုက် ခံစားခဲ့ရဖူးပါသည်။ သို့သော် တနှစ်အပုတ် မခံဘဲ GTI ဆက်တက်ပြီး RIT သို့ ၀င်ခွင့်ဆက်ပြီး ဖြေလို့ရကြောင်း သူငယ်ချင်းများ၊ ဆရာသမားများမှ အားပေးစကားပြောလာသဖြင့် ၀င်ခွင့်လျှောက်လွှာ တင်ရန်နှင့် မေးခွန်းဟောင်းများ စာအုပ်ဝယ်ရန် ရန်ကုန်သို့ ချီတက်ခဲ့ပါသည်။ ထိုစဉ်က (၈)တန်းအောင်၍ ရန်ကုန်၊ နတ်မောက်လမ်း စက်မှုလက်မှု အထက်တန်းကျောင်းတက်နေသော ငယ်သူငယ်ချင်း ကိုမင်းလွင်အေးမှာ GTI ပေါင်းကူးဝင်ခွင့် ရထားသူဖြစ်၍ သူနှင့်အတူ ပြည် GTI သို့ လျှောက်ထားရန်၊ ၀င်ခွင့်ဖြေရန် ဦးဆောင်၍ ကူညီခဲ့သူ ဖြစ်လေသည်။ ကံအားလျော်စွာ GTI ၀င်ခွင့်ရ၍ (၁၀)တန်းပြန်မတက်တော့ဘဲ ပြည် GTI သို့ (၃)နှစ်တာ ခရီးဆက်ပါတော့သည်။
ကျွန်တော်တို့ ကျောင်းသားဘ၀ အလွန်ပျော်စရာကောင်းပါတယ်။ ဘာသာရပ်တူ သူငယ်ချင်းများ အပြင် ဘာသာရပ်မတူသော သူငယ်ချင်းများ အဆောင်တွင် အတူနေကြရသဖြင့် တတန်းကြီး၊ တတန်းငယ် သူငယ်ချင်းများမှာလည်း ညီအစ်ကိုလို ပေါင်းသင်းဆက်ဆံခဲ့ကြရပါတယ်။
ကျောင်းသားဘ၀ ကျောင်းဆင်းချိန် ကျောင်းပိတ်ချိန် အားလပ်သည့်အချိန်များတွင် ပြည်မြို့အတွင်း လည်ပတ်ခြင်း၊ မြို့သစ်အတွင်း လည်ပတ်ခြင်း၊ လဖ္ဘက်ရည်ဆိုင်ထိုင်၍ သီချင်းနားထောင်ခြင်းတို့မှာ ကျွန်တော်တို့ ကျောင်းသားဘ၀ အပန်းဖြေရာအချိန်တွေ ဖြစ်ခဲ့ပါတယ်။
GTI ဒုတိယနှစ် တက်တုန်း (၁၀)တန်းစာမေးပွဲ ပြန်ဖြေဖြစ်တယ်ဗျာ။ Bio ဂုဏ်ထူးနဲ့အောင်တော့ တဖက်ကလည်း RIT မရရင် မျောက်သစ်ကိုင်းလွတ်မဖြစ်အောင်ဆိုပြီး GTI တတိယနှစ်မှာဘဲ စာပေးစာယူ ပထမနှစ်ကို တက်ဖြစ်တယ်ဗျ။ ပထမနှစ်က ပုသိမ်ကောလိပ်မှာ အနီးကပ် (၁)လ တက်ပြီး စါမေးပွဲ ဖြေရတယ်ပါတယ်။စါပေးစါယူဆိုပေမဲ့ စါတကယ်သင်ရပြီး စါတကယ်တတ်ခဲ့ကျတယ်ဗျ။ဒုတိယနှစ် ကနေ ကျောင်းတဲ့အထိ ရန်ကုန်တက္ကသိုလ်ကို ပြောင်းပြီးတက်ဖြစ်ခဲ့တယ်။
GTI ကျောင်းသားဘ၀ ရည်းစားမရှိခဲ့ဖူးဘူးဗျ။
ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ကျောင်းမှာ Civil နှင့် EPမေဂျာ(၂)ခုဘဲရှိတဲ့အတွက် ထိုစဉ်က EPတွင် မိန်းကလေးလက်မခံသောကြောင့် Civil တွင်သာ မိန်းကလးရှိပြီး၊ မိန်းကလေးမှာလည်း တတန်းလျှင် (၁၀)ဦး
ပြည့်အောင်ပင် မရှိခဲ့ဖူးပါ။ ကြိုက်စရာ ချောချောလှလှကလည်း အပေါ်တန်းကြည့်ကြည့်၊ အောက်တန်းကြည့်ကြည့် ရှားပါးပါဘိနဲ့ဗျာ။
ဒါပေမဲ့ ရီစရာဖြစ်ခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားဘဝ
ပြောရရင် ရည်းစားစာလိုက်ပေးခြင်း အတွေ့အကြုံပါဘဲ။ အောက်တန်း ပထမနှစ်က ကျောင်းသူလေး (၁)ယောက်ကို မျက်စိကျမိတယ်ဗျ။
ဒါနဲ့ သူငယ်ချင်းတွေက ကြိုက်ရင် ရည်းစားစာလိုက်ပေးကွာဆိုပြီး မြှောက်ပေးတဲ့သူက မြှောက်ပေးတော့ သူငယ်ချင်းရေးပေးတဲ့ ရည်းစားစာကို ကိုင်ပြီး လိုက်ပေးခဲ့ဖူးတဲ့ဗျ။။ကျွန်တော်က ရီးစါးစါမရေးတတ်ဘူးဗျ။ရီးစါးစါလိုက်ပေးတော့လည်း ကြည့်ပါဦးဗျာ ရီစရာပါဘဲ။ ကျောင်းဆင်းချိန် ကျောင်းနောက်ဘက် ဈေးတန်းလေးကို ဖြတ်ပြီး၊ မြို့သစ်ထဲက သုံးဘီးဂိတ်ကို သွားတဲ့လမ်းမှပေါ့ဗျာ။ ကျွန်တော်ရည်းစားစာပေးတဲ့ ပထမနှစ်
ကျောင်းသူက Day ကျောင်းသူ ဆိုတော့ ကျောင်းဆင်းရင် အဲ့ဒီ့လမ်းကြောင်းအတိုင်း ပြည်မြို့ထဲကို သုံးဘီးစီးပြီး ပြန်နေကြဗျ။ မြှောက်ပေးတဲ့သူရှိတော့လည်း ကွေးအောင်ကတဲ့သူကလည်း ကတာပေါ့ဗျာ။ ကျွန်တော်ကလည်း ငယ်ငယ်တည်းက လုပ်ချင်ရင် အရှက်မရှိလုပ်တတ်တဲ့ကောင်ဆိုတော့ ကျောင်းဆင်းတာနဲ့
့ နောက်ကနေ အပြေးလိုက်ပြီး ကျောင်းခြံကျော်ကာ ရည်းစားစာအတင်းလိုက်ပေးတော့တာဗျ။ ကျောင်းဝင်းထဲ မပေးရဲဘူးဗျ သူတိုင်ရင် အရေးယူခံရမှာဗျ။
သူကလည်း မယူဘူးဗျာ။ ဒီတော့ ဘယ်ရမလဲ လွယ်အိတ်ထဲ အတင်းလိုက်ထည့်တာပေါ့ဗျာ။ ဒါလည်း မရဘူးဗျာ။ ထုတ်ပီး ဈေးတန်းထဲလွှင့်ပစ်တော့ ကျွန်တော့်မှာ လိုက်ကောက်ပြီး နောက်တခေါက်လိုက်ထည့် လိုက်ပေးပေါ့ဗျာ။ ပြန်စဉ်းစားမိရင်.. ဟားဟား..ရယ်ရတယ်ဗျာ။ လွယ်အိတ်ထဲက ထုတ်ပြီး လွှင့်ပစ်လိုက်
ကျွန်တော်က လိုက်ကောက်ပြီး ပြန်ထည့်လိုက်နဲ့ သုံးဘီးဂိတ်ကို ရောက်ပြီး သုံးဘီးထွက်တဲ့အထိ ပါဘဲဗျို့။
အရှက်ကိုလုံးလုံးမရှိတော့တာ။ပတ်ဝန်းကျင်ကသူ
တွေကိုလည်း ဂရုကို မစိုက်နိုင်ပါဘူးဗျာ။ မြှောက်ပေးတဲ့ သူငယ်ချင်းကလည်း ပြည်၊ ၀က်ထီးကန်သားဗျ သူက ကျွန်တော်ထက် (၄)နှစ်လောက်အသက်ကြီးပြီး အတွေ့အကြုံကလည်း ရှိတော့ " ဟေ့ကောင် ဒီလိုဘဲ တပတ်လောက်တော့ ကြိုးစားရတယ် " ဆိုလို့ ကျွန်တော်လည်း ဒုက္ခခံလိုက်တာ တပတ်သာပြည့်သွားတယ် လက်မခံဘူးဗျာ။ ဒါနဲ့ ကျောင်းသားဘ၀ ရည်းစားထားဖို့စိတ်ကို လုံးဝစွန့်လွှတ်လိုက်ပြီး ကျောင်းစာဘဲ ဖိလုပ် ဖြစ်တော့တာပေါ့ဗျာ။
နောက်မှ တွေးပြီး ရှက်လည်း ရှက်မိပါရဲ့ဗျာ။
ကျွန်တော်တို့တုန်းက GTI (၅) ကျောင်းပေါင်းပြီး ပထမရတဲ့သူဟာ Gold Metal ပေးတာဆိုတော့ နောက်ဆုံးနှစ် အသည်းအသန်ကြိုးစားရတာပေါ့ဗျာ။ ဒါပေမဲ့ဖြစ်ချင်တော့ ကျွန်တော် နောက်ဆုံးနှစ် ကျောင်း (၅)ကျောင်း ပေါင်းထုတ်တဲ့ အောင်စာရင်းမှာ ပါမလာတော့ဘူးဗျာ။လိုက်လံစုံစမ်းတော့မှ နိုင်ငံသားစိ
စစ်တဲ့ကိစ္စ ထောက်ခံချက်မရလို့ဆိုပြီး ကျန်ခဲ့လေရောဗျာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်က ဟိုတုန်းထဲက စနစ်မကျခဲ့တာပါ။ ကျွန်တော်လည်း စိတ်အရမ်းတိုပြီး စက်မှု/စိုက်ပျိုးရုံးချုပ်အထိ လိုက်စုံစမ်း
တော့ လ.၀.က ပြန်စာက ကျောင်းနဲ့ ရုံးချုပ်ကြားမှာ
ပျောက်ပြီး၊ ဒုက္ခရောက်ရပါလေရော ဒါနဲ့ ဟင်္သာတ လ.၀.က ကို ပြန်ပြီး၊ ဒုတိယနှစ် ကတည်းက ပြန်ထားတဲ့ ပြန်စာကို ရှာပြီး၊ စာနံပတ်နဲ့လိုက်တော့မှ ရုံး
ချု ပ်ဝင်စာမှတ်တမ်းမှာ ရှိနေပြီး၊ စာရွက်က ပျောက်နေတာလို့ သိရတော့ ၀မ်းလည်းနည်း၊ စိတ်လည်းအနှောင့်ယှက်ဖြစ်ခဲ့ရဖူးပါတယ်။ဒါနဲ့ကျွန်တော့်
အောင်စာရင်းကို နောက်ဆက်တွဲ ထုတ်ပြန်ပေးရတဲ့ အဆင့်မှာဘဲ ပါတော့တာပေါ့။ ကျွန်တော်တို့တုန်းက နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးရင် ကျောင်းထောက်ခံချက်နဲ့ ဘယ်မှာမဆို အလုပ်ဝင်လို့ ရတဲ့ဗျ။ အဆက်အသွယ်ကောင်းရင် ကောင်းသလို နေရာကောင်းရတာပေါ့ဗျာ။
ကျွန်တော်ကတော့ ဦးလေးကျောင်းဆရာနဲ့ မယားညီအစ်ကိုတော်သူအင်ဂျင်နီယာမှုးကြီး အကူအညီနဲ့
ဗိုလ်တထောင်ဆောက်လုပ်ရေး (ဒေသ - ၅)မှာ
အလုပ်ဝင်ဖြစ်တယ်ဗျာ။ တာဝန်ကျတာက ၃၅လမ်းအပေါ် ဘလောက်က ကျောက်တံတားမြို့နယ် အင်ဂျင်နီယာရုံမှာပါ။အဲဒီလမ်းထဲမှာ မင်းသမီး ပေါက်စ
တင့်တင့်ထွန်း ကလည်းနေတော့လူငယ်သဘာဝ ထုံးစံ အတိုင်းပေါ့ ဟဲဟဲ***-
စစချင်းADMရာထူးနဲ့ အဲ့ဒီခေတ်က(၁၈၅)ကျပ်တောင် ရတာဗျ။ ထမင်းလခ ပေးစားရင် တလမှ(၉၀)ဘဲ ကျတယ်ဆိုတော့လူတယောက်အတွက်ကောင်းကေါင်း လောက်တယ်ဗျာ။အခုခေတ်ကျောင်းဆင်းတွေလို တော့ ခက်ခက်ခဲခဲ မရှိဘူးဗျ။ ဒီလိုနဲ့ ရန်ကုန်မှာ ခြေကုတ်ယူပြီး RIT ဆက်တက်ဖို့ ၀င်ခွင့် ကျူရှင်တွေတက် ပြီး ၀င်ခွင့်ဖြေတါ(၂)ကြိမ်တိတိ ကြိုးစါးပေမယ့် မအောင်မြင်ခဲ့ဖူးဗျာ။
ကျွန်တော်လိုချင်တာတွေရအောင် ကြိုးစားခဲ့တယ် ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ရပ်တန့် မနေပဲဆက်ပြီး ကြိုးစားဖို့ လမ်းကြောင်းတွေ ရွေးဖြစ်ခဲ့တယ်။ ကံတရားက စီမံထားပြီးသားဆိုတာ မှန်ပါတယ်။ဒါပေမဲ့ မိမိက
လည်း ကြိုးစားနေမှ အဲ့ဒီ့ကံတရားရဲ့ စီမံတာကို မှန်မှန်ကန်ကန်ရောက်မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော် ရောက်တဲ့နေရာမှာ ရတဲ့ တက်ကို လှော်ပြီး ရေဆန်ကို တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ဆုံးရှုံးလိုက်ရတာတွေ ကို တွေဝေ မနေပဲ ရပ်တန့် မသွားပဲ ရှေ့သို့ သာ ချီတက်လျှောက်လှမ်းနေဘို့အရေးကြီးကြောင်း သင်္ခန်းစါရယူနိုင်ခဲ့ခြင်းပါ။
ဒါဟာကျွန်တော့ ဘဝ ရဲ့ တတိယမြောက် အပြောင်းအလဲစခြင်းပါပဲ။

Risk Managementning & Many Turning point of my life. 3
ပြည် GTI ကျောင်းပြီးစ ကျောက်တံတားမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်စဉ် အတွေ့အကြုံများ ပြောပါရစေ။
ရန်ကုန်ရောက်တော့ တည်းခိုစရာ ဆွေမျိုးအိမ်ဆို၍ ခြံအမှတ်(၁၉) ယောမင်းကြီးလမ်းတွင် အဖေ၏ ညီမ၀မ်းကွဲသာ ရှိ၍ တိုက်ခန်းကျဉ်းလေးတွင် အားနာပါးနာဝင်၍ တည်းခိုရလေသည်။ ထိုအိမ်မှ နေ့စဉ်လမ်းလျှောက်၍ (၃၅)လမ်း အပေါ်ဘလောက်တွင် ရှိသော ကျောက်တံတားမြို့နယ်၊ ဆောက်လုပ်ရေးရုံးသို့ ရုံးတက်ရလေသည်။
ကျောက်တံတားမြို့နယ်သည် ထိုခေတ် ထိုအခါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်ရုံး စိုက်ရာ နယ်မြေ ဖြစ်ပြီး စာရင်းစစ်ချုပ်ရုံး၊ ကညနရုံးချုပ်၊ ရုပ်ရှင်ရုံများ၊ ပင်စင်ဦးစီးရုံးနှင့် အကောက်ခွန်မင်းကြီးရုံး၊ ဆိပ်ကမ်းမင်းကြီးရုံး၊ ဘဏ်များနှင့် စာတိုက်ဆက်သွယ်ရေး နှင့် စသည့် အခြားသော ဌာနကြီးများ၏ ရုံးချုပ်များ ရုံးစိုက်ရာ နယ်မြေဖြစ်လေသည်။
ကျွန်တော်တို့မြို့နယ် အင်ဂျင်နီယာရုံးသည် ထိုအစိုးရရုံးကြီးများ၏ ရေမီးလျှပ်စစ်နှင့် အဆောက်အဦးပိုင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းအား လုပ်ဆောင်ရသော ရုံးဖြစ်သောကြောင့် မြို့နယ်အင်ဂျင်နီယာ (AE) (၁) ဦး၊ အဆောက်အဦး (SAE) မြို့ပြအင်ဂျင်နီယာ (၂)ဦး၊ ရေသန့်အင်ဂျင်နီယာ (SAE) (၂) ဦး နှင့် လျှပ်စစ်အင်ဂျင်နီယာ (SAE) (၂)ဦး အပါအ၀င် JE (၁၀) ဦးခန့်ဖြင့် ဖွဲ့စည်းပုံကြီးမားသော ရုံးဖြစ်လေသည်။
ထိုစဉ်အခါက ၀န်ကြီးဌာနများမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအား မိမိတို့ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်မရှိဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနမှပင် တာဝန်ယူ၍ လုပ်ကိုင်ပေးရခြင်းဖြစ်သည်။ လက်သမား၊ ပန်းရံ၊ သံချီသံကွေး၊ သံပန်း စသည့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်ပြည့် တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းဖြစ်လေသည်။ ပြင်ပသို့ ကန်ထရိုက် ပုဒ်ဖြတ်ပေး၍ ခိုင်းစေသော လုပ်ငန်းများ အလွန်ရှားပါးသော ခေတ်ဖြစ်လေသည်။
ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ကျွမ်းကျင်ဝန်ထမ်းများနှင့် နေ့စားပုတ်ပြတ်လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ခန့်ထားပေးနိုင်သော ဌာနကြီးတစ်ခု ဖြစ်လေသည်။ ထိုသို့ လုပ်ငန်းများ ကြီးမားသည့် မြို့နယ် ဖြစ်၍ ADM တစ်ဦးမဖြစ်မနေ လိုအပ်သဖြင့် ကျွန်တော့်အား ခန့်ထားခဲ့ခြင်း ဖြစ်လေသည်။ ထိုခေတ်ထိုအခါက ACE အဆင့် တာဝန်ရှိသောသူမှ ခန့်ထားနိုင်သော လုပ်ပိုင်ခွင့်ရှိပေသည်။ ယခုခေတ်တွင် ညွှန်ချုပ်အဆင့်/ ဦးဆောင်ညွှန်ကြားရေး မှူးအဆင့်မှသာလျှင် ခန့်ထားနိုင်သော အခြေအနေဖြစ်ပေသည်။
လုပ်ငန်းခွင်ဝင်၍ ၂ လခန့်ကြာသော် AEမှ ရုံးအပေါ်ထပ် ထပ်ခိုးတွင် နေထိုင်ခွင့်ပေးသဖြင့် ကျွန်တော်နှင့်အတူ SAE (မြို့ပြ) မှ ဦးစိုးကြည်တို့ နှစ်ဦးနေထိုင်ခဲ့ဖူးပါသည်။ ထိုစဉ်က SAE များမှာ လုပ်ငန်းရှိ၍ ငွေရွှင်သောကြောင့် မနက်တိုင်း မနက်စာစားလျှင် ကျွန်တော်အား အမြဲခေါ်၍ တယောက်တလှည့် ကျွေးမွေးဧည့်ခံကျလေသည်။ ကျွန်တော်တို့ အမြဲထိုင်ဖြစ်သော လက်ဖက်ရည်ဆိုင်မှာ ထိုခေတ်ထိုအခါက နာမည်ကြီးသော ဘားလမ်း (ယခု မဟာ ဗန္ဓုလပန်းခြံလမ်း) အပေါ်ဆုံးဘလောက်တွင်ရှိသော လမ်းဘေးပလက်ဖောင်းတွင် ဖွင့်လှစ်ထားသည့် "ရွှေလှေကား" လက်ဖက်ရည်ဆိုင်ပင် ဖြစ်ပေသည်။ အပေါ်ထပ်သို့ တက်သည့်လမ်းလှေကားထိပ် ပလက်ဖောင်းပေါ်တွင် ဖွင့်လှစ်ထားခြင်းကြောင့် "ရွှေလှေကား" ဟု နာမည်ပေးထားခြင်း ဖြစ်ပေသည်။ စီနီယာကြီးများမှာ အင်ဂျင်နီယာတို့၏ တတ်အပ်သော ပညာမျိုးစုံ နေ့စဉ် လမ်းညွှန်သင်ကြားပေးခြင်းနှင့် လုပ်ငန်းခွင်တွင်လည်း လက်တွေ့ကွပ်ကဲ အုပ်ချုပ်မှုများအား သင်ကြားပေးခဲ့၍ ပညာစုံရခဲ့ဖူး ပေသည်။
ကျွန်တော် (၉)လခန့်သာ ကြာပါသည်။ RIT ပေါင်းကူးဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက် အလုပ်မှ ထွက်လိုက် ပါသည်။ အလုပ်မထွက်ခင် နေစရာရှာရပါတော့သည်။ ထိုစဉ်က ပြည် RIT ဆင်း EP မှ အင်္ဂပူမြို့ ဇောင်းတန်းရွာသား ကိုသန်းထွေးဆိုသူ သူငယ်ချင်းနှင့် အတူ ညနေပိုင်းတွင် ဗိုလ်အောင်ကျော်လမ်း၊ အပေါ်ဆုံးဘလောက်တွင် ရှိသော ဆရာ ဦးမောင်မောင်လွင် ကျူရှင်တွင် ၀င်ခွင့်စာမေးပွဲ သင်တန်းအား တက်နေချိန်ဖြစ်ပါသည်။ ကိုသန်းထွေးမှာ မြောက်ဥက္ကလာပ၊ ပုရွက်ဆိတ်ကုန်းဘူတာအနီး ကြံခင်းစုရပ်ဖက်တွင် ရှိသော ဝေနေယျသုခ ဘုန်းကြီးကျောင်းတွင် တည်းခိုနေသည်ကို သိရှိရသဖြင့် ၄င်းအကူအညီဖြင့် ဆရာတော်ထံတွင် နေခွင့်လျှောက်ထားရာ ဆရာတော်မှ ခွင့်ပြုသဖြင့် နေစရာနှင့် ဘုန်းကြီးကျောင်းတွင် ကပ်စားသော ကပ္ပိ္ပယ ဘုန်းကြီးကျောင်းသားဘ၀သို့ ရောက်သွားပါတော့သည်။ ဘုန်းကြီး ကျောင်းသား လုပ်ရတာမလွယ်ဘူးဗျာ.. ကပ္ပိ္ပယဆိုတဲ့အတိုင်း
**ကပ်စားတဲ့သူဆိုတော့ သူတို့ကျောင်းကိုလာရင် မျက်မုန်းမကြိုး အောင်လို့
**ပိပိရိရိနေပြီး ရေနွေးလေးချပေး၊ လက်ဖက်သုတ်၊ ဂျင်းသုတ်ရှိရင်လည်း ဘုန်းကြီးမပြောခင် အလိုက်သိသိ **ခခယယနဲ့ ကျောင်းဒကာ ကျောင်းအမတွေကိုလုပ်ပေးရတယ်ဗျ။
နောက်ပြီး ဘုန်းကြီးကျောင်းသားလေးတွေ မရှိရင် အာရုံဆွမ်းချိုင့်ကို အလှူဒကာအိမ်လိုက်ပြီး ယူတဲ့ အလုပ်လည်းလုပ်ရတယ်ဗျာ။ မနက်အာရုံဆိုရင်လည်း ဆရာတော်နဲ့ ဘုန်းကြီးတွေ ကပ်ဖို့ ရေနွေးတည် ဆွမ်းထချက်ရတာက အလုပ်တစ်ခုဗျ။ ဘုန်းကြီးကျောင်းသားဘ၀ (၃)လလောက် ဆိုပေမဲ့ ပြောရမယ်ဆိုရင် အများကြီးရှိသေးတယ်ဗျာ။ ဒီလောက်နဲ့ပဲ တခန်းရပ်တာပေါ့။
ထိုစဉ်က ဘုန်းကြီးကျောင်းဒကာတစ်ဦး၏ သားဖြစ်သူ ကိုတင့်ဆွေဆိုသူမှာ ကလော GTI ဆင်းဖြစ်ပြီး၊ ကျွန်တော်တို့နှင့်အတူ ၀င်ခွင့်ဖြေရန် ကျောင်းတွင်လာရောက်၍ အတူတူစာကျက်ခဲ့ကြဖူးလေသည်။ တခါတရံ နားမလည်သော သချာင်္ဘာသာရပ်များနှင့် အင်္ဂလိပ်ဘာသာများအား ကျွန်တော်မှ ကူညီ၍ ရှင်းပြခဲ့ရဖူးလေသည်။ သို့သော် ဆရာလုပ်သူ ကျွန်တော်မှာ ၀င်ခွင့်စာမေးပွဲတွင် မေးခွန်းမှားဖြေခဲ့၍ ၀င်ခွင့်မရခဲ့ပေ။ ထိုသူငယ်ချင်းကိုတင့်ဆွေ (Civil)နှင့် ကိုသန်းဆွေ (EP)တို့မှာ ၀င်ခွင့်ရရှိသွားခဲ့ကြလေသည်။ ကျွန်တော်၏ မိမိကိုယ်ကို အထင်ကြီးခဲ့မှု Over Confidence ကြောင့် မေးခွန်း အလှည့်အပြောင်းလုပ်ထားသည်ကို သေသေချာချာမဖတ်ဘဲ မှားဖြေခဲ့ခြင်းကြောင့် ၀င်ခွင့်နှင့် လွှဲခဲ့ရတော့သည်။
စာမေးပွဲဖြေပြီးလျှင်ပြီးခြင်း မရမ်းကုန်းမြို့နယ်၊ အလုပ်သမားရှာဖွေရေးရုံးတွင် မှတ်ပုံတင်ကဒ်ပြုလုပ်၍ အလုပ်သင် အင်ဂျင်နီယာ (SAE) ရာထူးခေါ်ထားသဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် လျှောက်ထားဖြေဆိုခဲ့ရာ ရွေးခြယ်ခန့်ထားခြင်း ခံရ၍ (၁၉၇၉)ခုနှစ်တွင် လယ်ယာ သစ်တောနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အလုပ်ဝင်ရောက်ခဲ့လေသည်။ ထိုစဉ်က ရန်ကုန်တိုင်း၊ မြို့နယ် (၆)မြို့နယ်တွင် (၁၈/၇၉) ဟုခေါ်သော ဂဠန်စီမံချက်ရေးဆွဲ၍ စည်းကမ်းထိန်းသိမ်းလုပ်ကိုင်သည့် ကာလဖြစ်သဖြ့င်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ချောင်ကြိုချောင်ကြားတွင် ချိန်းတွေ့သော စုံတွဲများအား ဖမ်း၍ ရပ်ကွက်ရုံးသို့ ပို့ပေးရသော အလုပ်များလည်း လုပ်ခဲ့ရဖူးပေသည်။
ထိုဌာနတွင် လုပ်ကိုင်စဉ် တိရစ္ဆာန်ရုံးအတွင်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်စဉ် ငါးပြတိုက်တာဝန်ခံပြတိုက်မှုးနှင့် ရင်းနှီးခင်မင်ခဲ့၍ ယခင် မဂိုလမ်းဟုခေါ်သော ယခုရွှေဘုံသာလမ်း အလယ်ဘလောက်တွင် "အေးရတနာဆေးခန်း" လေးအား အတွင်းပိုင်း Decoration လုပ်သည့် လုပ်ငန်းအား ယုံကြည်စွာ အပ်နှံခဲ့သဖြင့် ပြင်ပလုပ်ငန်းအား စတင်လုပ်ကိုင်ခွင့်ရခဲ့လေသည်။ ထိုမှ တဆင့် ရွှေဘုန်းရှိန်ဆေးခန်းပြုပြင်ခြင်းစသည့် လုပ်ငန်းလေးများ အဆိုပါ ရွှေဘုံသာလမ်းအတွင်း လုပ်ကိုင်ခွင့် အဆက်အ သွယ်များရခဲ့၍ အပိုဝင်ငွေများ ရရှိခဲ့ဖူးလေသည်။
ငယ်စဉ်ကပင် ကျွန်တော့်အတွေးတခု အမြဲတန်းပေါ်နေသည်မှာ ရှေ့သို့ တက်လှမ်းနိုင်ခဲ့မည့် လမ်းကြောင်းအား ရှာကြံနေခြင်းပင် ဖြစ်သည်။ အလုပ်သင် အင်ဂျင်နီယာ (SAE) အဖြစ်လုပ်ကိုင်နေသည့် တိရစ္ဆာန်ဥယျာဉ်သည် အင်ဂျင်နီယာ ဖွဲ့စည်းပုံ အလွန်နည်းပြီး AE အဆင့်သာ အမြင့်ဆုံးရှိသည့်ဌာနဖြစ်သဖြင့် ဆောက်လုပ်ရေး (သို့မဟုတ်) ဆည်မြောင်းဌာနမှ SAE ရာထူးများ ပေါ်ပေါက်ပါက ၀င်ရောက်ဖြေဆိုရန် အစဉ်တစိုက် ကြိုးစားနေချိန်ဖြစ်ပေသည်။ ကံအားလျော်စွာ ဆည်မြောင်းဦးစီးဌာနမှ SAE ရာထူးများ ခေါ်ဆိုရာ ကျွန်တော်လည်း ၀န်ကြီးဌာနတခုတည်းဖြစ်၍
ဌာနပြောင်းလျှောက် ရန်အတွက် အဆက် အသွယ်ရှာ၍ ချဉ်းကပ်ကြိုးစားရာ အမေ၏ မောင်အရင်းကဲ့သို့ ခင်မင်သူ ပြုပြင်ထိန်းသိမ်းရေးလေတပ်မှ ဗိုလ်မှူးကြီးခင်မောင် သိန်း၏ အကူအညီဖြင့် ၄င်း၏ သူငယ်ချင်းဖြစ်သူ ဆည်မြောင်းမှ EE ဦးဘအေးအား စာရေးပေး၍ သွားရောက်တွေ့ဆုံရာ အလွယ်တကူပင် ဆည်မြောင်းရုံးချုပ်တွင် ရုံးထိုင်လျှက်ရှိသော EE ဦးဘအေးမှ SAE (မြဲ/ကြိုး)ရာထူး အား ခန့်ထားပေးခဲ့ခြင်း
ကြောင့် ဆည်မြောင်းတွင် စတင်တာဝန် ထမ်းဆောင်ရန် ဖြစ်လာတော့သည်။ ကျွန်တော့်အား လူရင်း သဖွယ် စီမံကိန်းရှိသော နယ်ဒေသများသို့ သွားလိုက ပို့ပေးမည်ဟု ဆိုသော်လည်း ကျွန်တော်မှ ရန်ကုန်တွင်သာ နေလိုကြောင်း ခွင့်တောင်းခဲ့သဖြင့် ကျွန်တော်အား ဂျပန်ပညာရှင်များ ရုံးထိုင်သည့် ၈မိုင်ခွဲ မောရ၀တီလမ်းတွင် ဂျပန်ပညာရှင်များ နှင့် တွဲဖက်တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရ သဖြင့် အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရလေတော့ သည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင် စဉ်ကာလ ကပင် ဂျပန်ဘာသာနှင့် အင်္ဂလိပ်အထူးပြု ဘာသာရပ်များအား အချိန်ပို ကျူရှင်တက်၍ လေ့လာခြင်းနှင့် အထက်တန်းရှေ့နေစာမေးပွဲ ဖြေဆိုရန် လစ္စလမ်း အပေါ်ဆုံးဘလောက်တွင် ရှိသော ဆရာကြီးရှေ့နေ ဦးကိုကိုသိန်း ကျူရှင်တွင် တက်ရောက်နေချိန်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်၏ လေ့လာသင်ယူဆဲဖြစ်သော ဂျပန်နှင့် အင်္ဂလိပ်စကားပြော ဘာသာရပ်တို့အား လက်တွေ့အသုံးချခွင့် ရရှိတော့မည်ဖြစ်၍ အတိုင်းမသိ ၀မ်းမြောက်ရခြင်း ဖြစ်လေသည်။
ကျွန်တော် ထိုဌာနတွင် အလွန်ပျော်ခဲ့ပါသည်။ ဂျပန်ပညာရှင်များနှင့် ကြို့ပင်ကောက် နတ်တလင်း၊ ပေါင်းတည်၊ ပြည် စသည့်ဒေသများသို့ တပတ်တန်သည် ၁၀ ရက်တန်သည် ကွင်းဆင်းတိုင်းတာရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ရသော ကြောင့် တိုင်းတာရေးပညာရပ်များလည်း ရရှိသည့်အပြင် ရန်ကုန်ရုံးသို့ ပြန်ရောက်လျှင် တိုင်းတာခဲ့သော လုပ်ငန်းများ Data များအား ပြန်လည်ပြုစု၍ အနာဂါတ် ဆည်များ တည်ဆောက်နိုင်ရေးအတွက် စီမံကိန်း Plan များ ရေးဆွဲ၍ ဂျပန်ပညာရှင်များမှ Report များတင်ရန် ဆောင်ရွက်နေမှုများအား ပညာဆည်းပူးလိုက်ရခြင်းအကျိုးများ ရရှိခဲ့လေသည်။
ထိုစဉ်က ဂျပန်ပညာရှင်များနှင့် ခရီးသွားစဉ်ကာလတလျောက် စားစရိတ်အား ဂျပန်များမှ ကျခံပေးပြီး နေထိုင်ရန်အတွက် ရောက်ရာမြို့နယ်များရှိ ဌာနဆိုင်ရာအစိုးရဧည့်ဂေဟာများတွင် တည်းခိုနေထိုင်ခဲ့ရဖူးသည်။ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလ များသောအားဖြင့် ရန်ကုန်-ပြည် လမ်းတလျောက် ဇီးကုန်းမြို့နှင့် ပေါင်းတည်မြို့များတွင် စခန်းချနေထိုင်ခဲ့ပြီး ဇီးကုန်းမြို့ဈေးကြီးအနီး မီးရထားသံလမ်းအကျော် (ဇီးကုန်းမှ ဘော်ဘင်ကြိုးဝိုင်း သစ်တော သို့သွားသည့် သစ်ထုတ်လုပ်ရေးလမ်းပေါ်တွင်ရှိသော) "ရှိန်း" စားသောက်ဆိုင်သည် ကျွန်တော်တို့အဖွဲ့ စတည်းချ စားသောက်ရာ နေရာဖြစ်ပါသည်။
ဂျပန်ပညာရှင်များမှလည်း ဂျပန်ကားစကားပြောတတ်ခြင်းကြောင့် ပိုမိုခင်မင်ရင်းနှီးမှုများ ရှိလာ၍ လူငယ် ဖြစ်သော ကျွန်တော့်အား ဂျပန်တွင် ပညာသင်လေ့လာဆည်းပူးရန် တိုက်တွန်းမှုများ ကြောင့်လည်းကောင်း၊ ဖခင်မှာ ထိုစဉ်က ကျွန်တော်နေထိုင်ခဲ့သော အမှတ် (၅၂/၁)၊ တတိုင်းမွှေးလမ်း၊ (၁၄/၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တွင် ကျန်းမာရေးအလွန်အမင်းဆိုးရွားနေသဖြင့် ဆေးကုသမှုခံယူရန် ရောက်ရှိနေသော ဖခင်ကြီးအား တစ်ဦးတည်း ထားခဲ့ရခြင်းတို့ကြောင့် ကျွန်တော့်မှာ နယ်ခရီးထွက်လိုက် ရန်ကုန်ပြန်လိုက်ဖြင့် အလုပ်လုပ်ရန် အဆင်မပြေသဖြင့် အလုပ် ထွက်ရန်နှင့် ဂျပန်သို့သွား ရန် စိတ်ကူးပေါ်ပေါက်လာပါတော့သည်။
ထိုစဉ်က ကျွန်တော်နယ်သို့ ခရီးထွက်နေသည့် အချိန်ကာလများတွင် ကျွန်တော့်အမေ၏ ညီအစ်မအရင်းကဲ့သို့ ခင်မင်သော ငယ်သူငယ်ချင်း အဒေါ်ဒေါ်အုန်းကြည်မိသားစုမှာ တရပ်ကွက်တည်းနေထိုင်၍ ကျွန်တော်မရှိခိုက်တွင် ကျွန်တော်၏ ဖခင်အား လာရောက်ပြုစု၍ အတူနေပေးကြသည့် မိတ်ဆွေကောင်းများလည်း ရှိခဲ့သောကြောင့် (၂၂)နှစ်သား အရွယ် ကျွန်တော်ကဲ့သို့ လူငယ်တစ်ဦးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်စေခဲ့ပါသည်။
၎င်းအပြင် ကျွန်တော်နေထိုင်သော အိမ်မှာလည်း အမေ၏ မောင်အရင်းကဲ့သို့ ခင်မင်ရသူ ထိုစဉ်က မြောက်ဥက္ကလာပမြို့နယ်၊ ကောင်စီအလုပ်အမှု့ဆောင် ဦးခင်မောင်အေးမှ မိမိဘာသာ ပြုပြင်၍ နေထိုင်ရန် အခမဲ့နေထိုင်ခွင့်ပေးခဲ့သဖြင့် တိရစ္ဆာန်ဥယျာဉ်တွင် အလုပ်ရလျှင်ရခြင်း ဝေနေယျသုခ ဘုန်းကြီးကျောင်းမှ ထိုအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျွန်တော်၏ အမေသည် လူချစ်လူခင်ပေါများပြီး မွေးချင်းမရှိ (ဥတလုံး) သောကြောင့် သူငယ်ချင်းများ အားအရင်းအချာကဲ့သို့ နေထိုင်ခဲ့သူဖြစ်သဖြင့် ကျွန်တော်အား တူအရင်းသဖွယ် စေတနာ အရင်းခံဖြင့် ကူညီခဲ့ကြခြင်းဖြစ်လေသည်။
ထိုအထောက်အပံ့များကြောင့် ကျွန်တော်၏ဘ၀အောင်မြင်မှုလမ်းကြောင်းတွင် ကြီးမားသော တွန်းအား များကို ဖြစ်စေခဲ့သည်။ ကျွန်တော့်တွင် စိတ်ဓါတ်ကျခြင်း၊ အားငယ်ခြင်းနှင့် တွေဝေစေခြင်းတို့အား လုံးဝမဖြစ်စေပဲ ထိုသူတို့၏ နွေးထွေးသောကူညီမှုများကြောင့် စိုးရိမ်ကြောင့်ကြမှုကင်းဝေးသော အနာဂတ်ခရီးဆက်ရန် အားဆေးကြီးများပင် ဖြစ်ပေတော့သည်။ ကျွန်တော်၏ဘဝ ငယ်ငယ်ရွယ်ရွယ်နှင့် အပြောင်းအလဲ အချိုးအကွေ့များသည်လည်း မြန်ဆန်လွန်းလှပေသည်။ ဂျပန်ပညာရှင်များနှင့် အနယ်နယ်အရပ်ရပ်သို့သွား၍ ဒေသဆိုင်ရာ မြို့နယ်ပါတီကောင်စီ အဆင့် များသို့ ဝင်ရောက်ကူးလူး ဆက်ဆံလုပ်ကိုင်နေရသော အရာရှိငယ် ဘ၀မှ အလုပ်ထွက်နိဂုံးချုပ်၍ Pick-up မော်တော်ယာဉ် တစ်စီး ၀ယ်ကာ ကားမောင်းသမားဘဝသို့ ပြောင်းရန် ဖြစ်လာပါတော့သည်။
အလုပ်မထွက်ခင် ကျွန်တော့်တွင် (၂)နှစ်အတွင်း အတော်ကလေး ငွေစုမိဆောင်းမိခဲ့ပါသည်။ ထိုခေတ် ထိုအခါက S.A.E လစာမှာ (၃၂၀-၄၄၀) စကေးဖြစ်ပြီး လစဉ် လစာမှာ အသားတင်စုမိဆောင်းမိသည့်အပြင် နယ်များသို့ ခရီးထွက်စဉ်တွင်လည်း ရောက်ရာမြို့နယ်များတွင် ပါတီ/ကောင်စီလူကြီးများအား အပူကပ်၍ ထိုစဉ်က ပြင်ပပေါက်ဈေး (၃)ဆခန့် သက်သာသော ဌာနဆိုင်ရာမှ ရောင်းချပေးသည့်ပစ္စည်းများအား ၀ယ်ယူ၍ ရန်ကုန်သို့ သယ်ယူရောင်းချသော အလုပ်အားလည်း တစ်ဖက်တစ်လမ်းဝင်ငွေရှာခြင်းတို့ကြောင့် ထိုခေတ် ထိုအခါက ကားဟောင်းတစ်စီးဝယ်ယူရန် လုံလောက်သောငွေကြေး ကျပ် (၅)သောင်းကျော်ခန့် စုဆောင်းမိပြီ ဖြစ်ပေသည်။
သို့သော် ထိုစဉ်က သင်္ဘောချ ယာယီနံပါတ် Pickup ကားတစ်စီးတန်ဖိုးမှာ တစ်သိန်းဝန်းကျင်ခန့် ဖြစ်၍ ကျွန်တော် ကားဝယ်ရန် အမေ့အား အပူကပ်ရပါတော့သည်။ အဖေမှ ကျွန်တော်အလုပ်ထွက်၍ စီးပွားရေးလုပ်ရန်၊ နိုင်ငံခြားသွားရန် ငယ်ငယ်ရွယ်ရွယ်နှင့် စွန့်စားခြင်းအား မနှစ်သက်သော်လည်း ကားဝယ်ရန် ငွေကျပ်နှစ်သောင်းသာ ထုတ်ပေးပြီး အမေမှ ကျွန်တော့်အား ယုံကြည်စိတ်ချစွာဖြင့် သူမ၏ လက်ဝတ်ရတနာများ ထုခွဲရောင်းချ၍ ရင်းနှီးရန် ကိုယ်တိုင်လိုက်၍ ရန်ကုန်-ရွှေဘုံသာလမ်းရှိ ရွှေဆိုင်တွင် ရောင်းချပေးပါတော့သည်။ ထိုစဉ်က ရွှေဈေးမှာ တစ်ကျပ်သား ကျပ် (၂၀၀၀)ခန့်သာရှိပြီး အမေ့ရွှေ (၁၅)ကျပ်သားခန့်အား အကုန်ရောင်းပေးပါတော့သည်။
ကျွန်တော်စုဆောင်းငွေနှင့် မိဖမှ ထုတ်ပေးသော ငွေစုစုပေါင်းတစ်သိန်းခန့်နှင့် ကျွန်တော် ကားသမားဘ၀သို့ ဆင်းသက်ရန် သင်္ဘောချ ယာယီနံပါတ်မော်တော်ယာဉ်လေး (၁)စီးအား ၀ယ်ယူရန် ကားပွဲစားတန်းတွင် ရှာပုံတော် ဖွင့်ပါ တော့သည်။ ထိုစဉ်က ကားပွဲစားတန်းမှာ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်တွင် ဖြစ်သည်။ ကျွန်တော် အလုပ်မထွက် ခင်ကြိုတင်၍ ကားမောင်းသင်တန်းအား ယခင်တာမွေ အ၀ိုင်းအနီးတွင် ရှိသော မိုးဒီဇယ်စက် ပြင် ကားမောင်းသင်တန်းတွင် တက်၍ အမောင်းသင်ထားခဲ့ပါသည်။ မှတ်မှတ်ရရ ကျွန်တော်အလုပ်ထွက်သည့် လသည် ကျွန်တော် (၂၃)နှစ်ပြည့်သည့် (၁၉၈၁) ဇူလိုင်လဖြစ်ပါသည်။ ကျွန်တော်အလုပ်ထွက်ပြီး အချိန်သိပ်မကြာပါ။ ကျွန်တော်ကား တစ်စီးဝယ်ဖြစ်သွားသည်။ မှတ်မှတ်ရရပါပဲ (၁၉၈၁) ခု စက်တင်ဘာလဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်၏ ဘ၀ ပထမဆုံးသော ကိုယ်ပိုင်ကားလေး ည-၈၁၃၂ ဖြင့် ကျွန်တော်၏ ဘ၀ တတိယအကွေ့ကားသမားဘ၀ စပါတော့သည်။
.
.



ည/၈၁၃၂ လိုင်းကားသမားဘ၀မှ ကားဝယ်ရောင်းသမားဘ၀ အကူးအပြောင်း****-****-*****-*** (၁)
Mazda Familia (Presto) ၅ချိတ် ကလေးတစ်စီး ၀ယ်လိုက်တယ်။ ၉၇၅၀၀/- (ကိုးသောင်းခုနှစ်ထောင့်ငါးရာတိတိ) ပေးလိုက်ရတယ်။ ဘင်္ဘောချ ယာယီနံပတ်လေးနဲ့ဆိုတော့ လူအထင်ကြီးတဲ့အချိန်ပေါ့။ မှတ်မိပါသေးတယ်။ RIT ၀င်းထဲလည်း တပတ်လောက်သွားပြီး ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်တို့ G Hall ရှေ့တို့မှာ မြောက်ကြွကြွ သွားလုပ်လိုက်သေး။ ကားဝယ်ပြီး အနောက်ဖက်ထိုင်ခုံနဲ့ အမိုးဘော်ဒီတင်ဖို့ ရှာပုံတော်ဖွင့်တော့ တာမွေ၊ ကျောက်မြောင်း ဘိုလိန်းလမ်းကြီးပေါ်က "ထွန်း"ဘော်ဒီရုံကို ရှာတွေ့တာနဲ့ အဲဒီအလုပ်ရုံမှာ အပ်ဖြစ်တယ်။
အဲဒီအချိန်က အမိုးကိုင်းနဲ့ ထိုင်ခုံတစ်စီးလုံးအပြီးအစီး ၃၉၀၀/- ကျတယ်ဗျ။ ပြဿနာက ကျွန်တော့်မှာ ပေးစရာငွေ က အပြည့်မရှိတော့ဘူး။ "ထွန်း"ဘော်ဒီရုံက ပိုင်ရှင်ဦးတင်အေးနဲ့ကလည်း ခုမှသိပြီး အကြွေးပြောရမှာဆိုတော့ အခက်သားလားဗျ။ ဘော်ဒီအမိုးကိုင်းတပ်ပြီးရင် မြန်မာပြည်တစ်ပတ်ဘုရားဖူးအော်ဒါကလည်း ရထားတယ်ဗျ။ အဲဒီက စရံငွေ ၁၅၀၀/-ရမှ ပေးနိုင်မှာဆိုတော့ "ထွန်း"ဘော်ဒီရုံပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ကျန်ငွေ ခဏလောက်ဆိုင်းပေးဖို့ ပြောရတာပေါ့ဗျာ။
ဦးတင်အေးကလဲ စကားစပ်မိတော့ အင်းစိန် GTI (Civil) ဆင်း Senior ကြီးဗျ။ ဒီတော့ အကိုကြီး၊ ညီလေးတွေဖြစ်ပြီး ခင်သွားတော့ သဘောကောင်းကောင်းနဲ့ ဘော်ဒီအကြွေးလုပ်ပေးတာပေါ့ဗျာ။ ကားက Presto 1300 cc ကားလေးဆိုတော့ လူများများတင်လို့ရအောင် ၁၃" ဂွေနဲ့ တာယာကလည်း ပြောင်းတပ်ရသေးတယ်။ လေးကလည်း ပိုးရသေးတယ် ဆိုတော့ ရှိစုမဲ့စုလေး ကုန်ပြီပေါ့ဗျာ။
ဘုရားဖူးအော်ဒါလိုက်ဖို့ ဆီဖိုးကအစ ဘုရားဖူးတွေဆီကဘဲ တောင်းပြီး သုံးရတာဗျ။ အော်ဒါကလဲ အမေ့သူငယ်ချင်း သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာမှာ စက်ချုပ်သင်တန်းဖွင့်ထားတဲ့ အပျိုကြီးဒေါ်ကျင်ထွေးနဲ့ တပည့်သင်တန်းသူ အပျိုလေး များပေါ့ဗျာ။ ဘုရားဖူးသွားတော့ အမေလည်း တခါတည်း မြန်မာပြည်အနှံ့ဘုရားဖူးလိုက်ဖြစ်သွားတာပေါ့။ ကားတစ်စီးလုံး အမေနဲ့ သူ့သူငယ်ချင်း အဖွားကြီး နှစ်ယောက်ကလွဲရင် မချောလေးများနဲ့ ကိုယ် တယောက်ထဲပေါ့ဗျာ။ လူကလည်း စုစုပေါင်း (၁၅)ယောက်ဆိုတော့ ကားနဲ့ဝန်နဲ့မမျှဘူးဗျ။ နောက်ပြီး ကျွန်တော်က ကားမောင်းသက်တစ်နှစ် တောင် မရှိသေးဘဲ Highway တက်မောင်းတာလေ။ သတ္တိကတော့ မသေးဘူး။ တခါမှ မသွားဖူးတဲ့နေရာတွေလေ။ တပြည်လုံးအနှံ့ (၁၅)ရက်ကြာသွားတယ်။ လမ်းမှာ ဘီးပေါက်လဲကိုယ်ဘဲ။ ဖြုတ်တပ် အကုန်လုပ်ပေါ့။ အမေက ၀ိုင်းကူးပေါ့ ဗျာ။ ကားသမားဘ၀ စတာဆိုတော့ ဒီဒုက္ခလောက်တော့ ခံပေအုန်းတော့ပေါ့။
ဘုရားဖူး အော်ဒါပြီးလို့ ရန်ကုန်ပြန်ရောက်တော့ နောက်နေ့ အလုပ်မရှိဘူးဗျ။ တောင်ဥက္ကလာ၊ (၁၄/၃)ရပ်ကွက် ထဲနေတဲ့ အိမ်နီးနားချင်း အမေ့သူငယ်ချင်း ဒေါ်အုန်းကြည်တို့ မိသားစုက အဲ့ဒီအချိန်တုန်းက (၁၀)ရပ်ကွက် ဈေးမှာ အထည် ဆိုင်ဖွင့်ရောင်းကြတယ်ဗျ။ မောင်ဌေးအောင် ကားဆွဲချင်ရင် (၁၀)ရပ်ကွက်ဈေးထိပ်မှာ ဂိတ်ထိုးပြီး အော်ဒါလိုက်ကျတဲ့ သူတွေရှိတယ်။ မင်းအဲဒီမှာ လာလိုက်ထိုးပြီး ဆွဲကြည့်ပေါ့။ တူတော်မောင်ဖြစ်သူ ကိုအောင်မင်းကလည်း အသိကား သမားတွေ ရှိတယ်။ မိတ်ဆက်ပေးမယ်ဆိုတော့ နောက်တနေ့ (၁၀)ရပ်ကွက်ဈေးသွားပြီး ဂိတ်ထိုးဖြစ်တယ်။ အစပိုင်းတော့ အော်ဒါက ချက်ချင်းမရဘူး၊ ဂိတ်က ဘော်ဒါတွေကလဲ လူသစ်ဆိုပြီး မနှိမ်ဘူးဗျ။ ၀ိုင်းကူညီကျတယ်။ Black Taxi ကြားကား ဆွဲတယ် သိမ်ကြီးဈေး၊ စိန်ဂျွန်ဈေး၊ (၁၀)ရပ်ကွက်ဈေးကို တစ်ပတ်ပတ်ပြီး တရားမ၀င်လိုင်းခိုးဆွဲတာအလှည့်နဲ့ လိုက်ကြရတယ်။ အလှည့်မကျသေးခင်မှာ နာရီပိုင်းအော်ဒါရရ နေ့ပြတ်အော်ဒါရရ အလှည့်နဲ့ လိုက်ကျရတယ်။ ကျွန်တော်က လူသစ်ဆိုတော့ အစပိုင်းမှာ ကြားကားဆွဲတာကို မလုပ်ချင်သေးတော့ အော်ဒါဘဲစောင့်လိုက်ဖြစ်တယ်။ (၁၂)ရပ်ကွက်ထဲက သံတမန်အိမ်တွေလှည့်ပြီး ရှေးဟောင်းပစ္စည်းရောင်းတဲ့ သူတွေ နေ့ပြတ်ကားငှားလို့ လိုက်ပို့ဖူးတယ်ဗျ။ နောက်ပြီး အမှုသည်က ပဲခူးမှာ အမှုရှိလို့ဆိုပြီး ရှေ့နေဦးနေလကို ကားနဲ့ပင့်ပြီး ပဲခူးအထိအသွားအပြန်ငှားလို့ လိုက်ပို့ခဲ့ရဖူးတယ်။ အဲဒီတုန်းက ဦးနေလလည်း ရှေ့နေတက်သစ်စလေးပေါ့ဗျာ။ နောက်ပြီး ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ Video ရိုက်တာတို့ ကက်ဆက်ခွေ ဇာတ်လမ်းတို့ အသံသွင်းတာတို့လဲ နေ့ပြတ်လိုက်ခဲ့ရဖူးတယ်ဗျ။
မှတ်မိသေးတယ်ဗျ။ အဲဒီ့တုန်းက ဓနုဖြူကြည်ကြည်သိန်းကို တောင်ဥက္ကလာ (၉)ရပ်ကွက် ထဲမှာ ကြိုပေးရတယ်။ မင်းသားလင်းအောင်ကြီးကို YMCA က အဆောင်မှာ ကြိုပေးရတယ်။ မင်းသား/ဒါရိုက်တာကြည်စိုးကိုလဲ ဥက္ကလာ၊ မေခလာနားက ရပ်ကွက်မှာ ကြိုပေးရတယ်။ နေ့လည် ထမင်းစားချိန် ယခင်လေဟာပြင်ဈေး၊ ယခု Junction City မှာ ဓနုဖြူ ဒေါ်စောရီရဲ့ ဆိုင်သေးသေးလေးမှာ ထမင်းတွေ၊ ဟင်းတွေလဲ သယ်ပေးခဲ့ရဖူးတယ်ဗျ။ အဲဒီ့တုန်းက ကမ္ဘာအေးဘုရားလမ်း၊ ချမ်းမြေ့ရိပ်သာကျောင်းရှေ့လမ်းကြားလေးကနေ၀င်သွားရင် ဂျိုးဖြူပိုက်လုံးကြီးကို ကျော်လိုက်တာနဲ့ ပါရမီစတူဒီယို ဆိုတာ ရှိတယ်ဗျ၊ အဲ့ဒီမှာ ကိုကျော်ဟိန်းတို့ ကောလိပ်ဂျင်နေ၀င်းတို့ နာမည်ကြီးတွေ ခေတ်ကပေါ့ဗျာ..တိပ်ခွေ ဇာတ်လမ်းတွေလဲ ခေတ်စားတဲ့အချိန်ပေါ့။ ကျွန်တော်ကလည်း ကားအော်ဒါလိုက်ပြီး ကားကြိုပို့လုပ်ပေးရတဲ့သူပေါ့ဗျာ။ နေ့စဉ်လိုလို ဆုံကြ တွေ့ကြပေမဲ့ ကျွန်တော်ကို ကားသမားလေးတယောက်လို့ပဲ သိထားပြီး ကားသမားဒရိုင်ဘာလိုဘဲ ဆက်ဆံခဲ့ကြတာပေါ့ဗျာ။ ထမင်းအိုး၊ ဟင်းအိုး ၀ိုင်းကူဝိုင်းချခိုင်းပေါ့ဗျာ။ တခါတခါ သူတို့ အထုတ်အပိုးတွေပါ လာရင်လဲ ၀ိုင်းကူချပေးရတာပေါ့ဗျာ။ အင်ဂျင်နီယာမှ မဟုတ်ပဲ ကားသမား ဒရိုင်ဘာဖြစ်နေပြီဆိုတော့ ဘာမာနတွေ ထားလို့ရမှာလဲ။ Customer Service ပေါ့ဗျာ။ ကျေနပ်အောင်လုပ်ပေးရတာပေါ့။ တခါတခါ ညနေပိုင်းဆိုရင် နောက်ကျရင် အချိန်ပိုမပေးဘဲ ဘီးတတ်သေးတယ်ဗျ။ မင်းသားကြီးလင်းအောင်နဲ့ ဦးကြည်စိုးတို့က မေခလာရှေ့က လမ်းဘေးအရက်ဆိုင်တန်းမှာ ထိုင်ပြီး အပီဆွဲကြသေးတာ၊ ကျွန်တော်က မသောက်တတ်တော့ ထိုင်စောင့်ပေါ့ဗျာ။ သောက်လို့ဝမှ မင်းသားကြီး လင်းအောင်ကို YMCA ပြန်ပို့ပေးဆိုတော့ အတော်မိုးချုပ်မှ အိမ်ပြန်ရောက်တာဗျ။ ဒါနဲ့ကြာတော့ ဒဏ်မခံနိုင်တာနဲ့ ဒီအလုပ်မလုပ်တော့ဘူးဆိုပြီး (၁၀)ရပ်ကွက်ဈေး ကြား ကားပြန်ဆွဲပေါ့ဗျာ။ ကြားကားဆွဲတော့ ပုလိပ်ကလဲ ခဏခဏဖမ်းပေါ့ဗျာ။ တစ်ရက်တော့ စိန်ဂျွန်းဈေး (ယခု ဂျပန်ဆေး ရုံနေရာ) ဂိတ်ထိုးနေတုန်း ကားအော်ဒါလာငှားတယ်ဗျ၊ ဒီလူတွေကလည်း ကျွန်တော့်ကို လူသစ်ဆိုပြီး အချဉ်ဖမ်း တာပေါ့ဗျာ။ အော်ဒါလိုက်မလားပေါ့၊ ထောက်ကြန့်ကနေ ရန်ကုန်ထဲက နေရာတွေကို တကြောင်းပို့ရမယ်။ (၄) နာရီလောက် ကြာမယ်ပေါ့၊ ကားခကတော့ (၂၀၀) တောင် ပေးမယ် ဆိုတော့ အတော် ပျော်သွားတယ်။ တနေကုန် မင်းသားတွေ၊ ရှေ့နေတွေ နောက်အငှားလိုက်တာက (၁၅၀)ဘဲရတာ၊ အခုက (၂၀၀) ကို (၄)နာရီ နဲ့ရမှာဆိုတော့ ဘာအလုပ်လဲပေါ့.. ဆီပုံးတွေပါ ညီရာတဲ့.. လိုက်မှာသာလိုက်ခဲ့ပါပေါ့.. ကျွန်တော့်အနားက လူတွေကလဲ မလိုက်ကြဘူး၊ ဓါတ်သိတွေမို့ ရှောင်ကြတာကို ကျွန်တော်က မနူးမနပ်ကားသမား ပေါက်စဆိုတော့ ငွေမက်ပြီး လိုက်သွားမိတယ်။
အဲ့ဒီတုန်းက ထောက်ကြန့် ရွှေညောင်ပင်ရှေ့က တောကြီးထဲမှာ အနာကြီးရောဂါသယ် (အနူ)တွေ နေကြတယ်။ အဲ့ဒီထဲမှာ တရားမ၀င် အရက်ချက်လုပ်ငန်းလုပ်ပြီး ရန်ကုန်မြို့ထဲက လမ်းဘေးအရက်ပုန်းဆိုင်တွေမှာ လိုက်ဖြန့်တယ်။ ဒါကို ကျွန်တော်က ဘုမသိဘမသိ လိုက်သွားမိတယ်။ ထောက်ကြန့်တောထဲရောက်မှ အခြေအနေကို သိလိုက်ရတယ်။ "ခင်ဗျားတို့ ဆီသယ်ဖို့ ဆိုပြီး အခု အရက်ပုန်းတွေသယ်ဖို့ဆို ကျွန်တော်မလုပ်နိုင်ဘူး ပြန်မယ်" ဆိုတော့ အနားဝိုင်းလာပြီး ချော့တမျိုး ခြောက်တမျိုးနဲ့ တစ်ခေါက်တော့ စမ်းကြည့်ပါဆိုလို့ ကျွန်တော်မှာ ကျေးဇူးရှင် အနာကြီးရောဂါသယ်များ နဲ့ ဖောက်သည် ဖြစ်ခဲ့ရဖူးတယ်။ လမ်းကြောင်းမှာ ယစ်မျိုးနဲ့ ရဲကိစ္စတာဝန်ယူတယ်။ အားလုံးရှင်းပေးမယ်ဆိုတော့လဲ နဲနဲတော့ လုပ်ချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ တစ်ပတ်လောက်လုပ်ဖြစ်သွားတော့ ယစ်မျိုးနဲ့ ရဲက သိသွားပြီး လမ်းမှာ စောင့်ဖမ်းတော့ တာပေါ့။ မောင်းပြေးဆိုတော့လဲ ကျွန်တော့မှာ အတင်းမောင်းပြေးရတာပေါ့၊ တခါတခါတော့လဲ လွတ်ပြီး၊ တခါတခါတော့လဲ ပေးကမ်းပြောဆိုပြီး ရှင်းပေးကြပါတယ်။ ဒါပေမဲ့ ကြာလာတော့ မြို့နယ်စခန်းတွေကလဲ သိလာတော့ လှိုင်ရဲစခန်းက လမ်းမှာ စောင့်ဖမ်းပြီး ရှင်းမရတော့ ရဲစခန်းရောက်တဲ့အထိ ဖြစ်ပါလေရောဗျာ။ ကျွန်တော်လဲ လိုက်မောင်းပို့နေတာကြာပြီ ဆိုတာ သိနေတော့ ကားသမားလဲ မလွတ်ဘူး ကြံရာပါဆိုပြီး အမှုထဲဆွဲထည့်ပါလေရော။ ဒါနဲ့ ဆည်မြောင်းမှာ လက်ရှိလုပ်နေတဲ့ အရာရှိငယ်တစ်ယောက်ဖြစ်ကြောင်း မိသားစုရှိလို့ လစာနဲ့ မလောက်လို့ ကားထွက်မောင်းရတဲ့အကြောင်း ၀န်ထမ်းကဒ်ပြား အဟောင်းလေး ထုတ်ပြပြီး တောင်းပန်တော့မှ စခန်းမှူးလဲ ၀န်ထမ်းဖြစ်နေတာ သိတာနဲ့ ကားသမားနဲ့ ကားကို လွတ်ပေး လိုက်ပြီး ဟိုဆရာတွေကိုတော့ အမှုလုပ်ပြီး တရားစွဲတော့တာပါဘဲ။ ကျွန်တော့်ကိုလည်း ဥပဒေနဲ့ မလွတ်ကင်းလို့ နောင် မလုပ်ဖို့ ပြောပြီး သတိပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်လဲ အဲဒီအလုပ်ကို (၁၅)ရက်လောက်လုပ်ပြီး ဆက်မလုပ်ဖြစ် တော့ပါဘူး။ ဒါနဲ့ (၁၀) ရပ်ကွက်ဈေး ဂိတ်ပြန်ထိုးပြီး ကြားကားဆွဲရပြန်ပါရောဗျာ။ ပုလိပ်ကလဲ ကြားကားဆွဲမှန်းသိနေပြီး အပတ်တိုင်း စောင့်ဖမ်းတော့တာဘဲ။ ခဏခဏ ပေးနေရတာနဲ့ စိတ်ပျက်လာပြီး တရားဝင်လိုင်းဆွဲလို့ရတဲ့ (၁၃)ဂိတ်၊ သင်္ဃန်းကျွန်း BOC ဂိတ်ကနေ မြို့ထဲ ကမ်းနားလမ်း၊ မော်တင်လမ်းထိပ် EPC မှာ ဂိတ်ဆုံးတဲ့ ကားသေး အမြန်ယာဉ်လိုင်းမှာ နံပါတ်အနီ ပြောင်းပြီး လိုင်းဆွဲဖြစ်တော့တယ်။
အဲ့ဒီမှာတင် ကျွန်တော့်ကားသေးသေးနဲ့ Hilux Datsun ကားကြီးတွေကြားမှာ လိုင်းကားဆွဲတဲ့ ဒရိုင်ဘာဘ၀ကို စရောက်တော့တာပါပဲ။ အမြန်ယာဉ်လိုင်းကားသမားဘ၀ (၂၃)နှစ်သားကျွန်တော် အကြောင်းတွေ ရေးရ ပြောရရင် (၈)လ တာ ကာလအတွင်း အတွေ့အကြုံတွေ က ရေးမကုန်နိုင်အောင်ပါဘဲ။ မျက်ရည်ကျလောက်အောင် ပင်ပန်းဆင်းရဲတဲ့ ဒဏ် တွေ ကို ဘယ်လို ကြံ့ကြံ့ခံပြီး ဖြတ်သန်းခဲ့ရတယ်ဆိုတာ အကျဉ်းချုံးပြီး ဆက်လက်ဖော်ပြပေးပါ့မယ်။



Hla Lay Sein
ဘုန်းကြီးကျောင်းသားဘ၀ကျွန်တော်
********************************************
R.I.T ၀င်ခွင့် ပေါင်းကူးစာမေးပွဲဖြေဆိုရန် ကျွန်တော် ၃၅လမ်း၊ ကျောက်တံတားမြို့နယ်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာဌာနမှ အလုပ်ထွက်ရပါတော့မည်။ စာမေးပွဲဖြေဆိုရန် အချိန်(၂)လခန့်သာ ကျန်ပါတော့သည်။ ထိုစဉ်က ဗိုလ်အောင်ကျော်လမ်း အပေါ်ဆုံးဘလောက်တွင် ဆရာဦးမောင်မောင်လွင် ကျူရှင်ရှိပါသည်။ ထိုကျူရှင်၌ ကျွန်တော်နှင့်အတူ ပြည် G.T.I မှ E.P ဘာသာရပ်ဖြင့် ပြီးသော သူငယ်ချင်း အင်္ဂပူမြို့နယ်၊ ဇောင်းတန်းရွာသား ကိုသန်းထွေးလည်း R.I.T ၀င်ခွင့် ပေါင်းကူး ကျူရှင်တက်လျက်ရှိပါသည်။
ကိုသန်းထွေးမှာ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရှိ ဝေနေယျသုခ ဘုန်းကြီးကျောင်းတွင် တည်းခိုလျက် ကျူရှင်တက်နေခြင်း ဖြစ်သည်။ ဆရာတော်မှာ တစ်ရွာတည်းသား ဇောင်းတန်းရွာသားဖြစ်၍ အကူအညီတောင်းခံပြီး တည်းခိုနေခြင်း ဖြစ်သည်။ ကျွန်တော်အလုပ်မှ ထွက်မည်ဆိုပါက အရင်ဆုံး နေစရာ ဘုံပျောက်ပြီဖြစ်ပါသည်။ နေရန်အခက်အခဲဖြစ်၍ သူငယ်ချင်းဖြစ်သူ ကိုသန်းထွေးအား အကူအညီတောင်းခံရာ ဆရာတော်ထံလျှောက်ထား၍ ခွင့်ပြုချက်ရခြင်းကြောင့် ကျွန်တော်အလုပ်ထွက်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။ လကုန်ရက်တွင် လစာထုတ်ပြီး နုတ်ထွက်စာတင်၍ အားလုံးကိုနှုတ်ဆက်လျက် (၃၅)လမ်း ရုံးမှ ဘုန်းကြီး ကျောင်းသို့ ယွန်းရပါလေတော့သည်။ ဘုန်းကြီးကျောင်းမှာ မြောက်ဥက္ကလာပ၊ (ခ)ရပ်ကွက်၊ ဥက္ကာလမ်းထိပ် တည့်တည့်၊ မြို့ပတ်မီးရထားလမ်း ကျော်လိုက်လျင် တွေ့ရပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ဝိုက်တွင်လည်း ဘုန်းကြီးကျောင်းများ တန်းစီလျက်ရှိပြီး ကျွန်တော်တည်းခိုမည့် ဝေနေယျသုခကျောင်းတိုက်သည် ထိုကျောင်းတိုက်များထဲတွင် အကောင်းဆုံးကျောင်းဟု ဆိုရမည်ဖြစ်သည်။ ဘုန်းကြီးကျောင်းတွင် တည်း၍ နေ့စဉ် ပုရွက်ဆိတ်ကုန်း မြို့ပတ်ရထားဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ကျူရှင်တက်ရန် ရထားစီးရလေသည်။ ကျူရှင်မှာ ဗိုလ်အောင်ကျော်လမ်း၊ အပေါ်ဆုံးဘလောက်တွင်ဖြစ်၍ လမ်းလျှောက်ရသည်မှာ ကျွန်တော်တို့လို တောသားများအတွက် သိပ်မဝေးလှသောခရီး ဖြစ်လေသည်။ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်မည် ဖြစ်ကြောင်း အဖေ့ထံသတင်းပို့ ရလေသည်။ အဖေမှာ ဘုန်းကြီးကျောင်းတွင် ကပ်နေလျင် ဘုန်းကြီး ကျောင်းသားဖြစ်၍ လိုက်နာရမည့် စည်းကမ်းများအား မှာတော်မှုလေသည်။
ဆရာတော်နှင့်ကျောင်းသံဃာတော်များအား ၀တ်ကြီး၊ ၀တ်ငယ်ပြုရန်၊ ကျောင်းဝေယျာဝစ္စများအား အလိုက်သိသိ လုပ်ဆောင်ရန်နှင့် ကျောင်းတွင်အ၀င်အထွက်ပြုနေကြသော ကျောင်းဒါယကာ၊ ဒါယကာမများ အပေါ်တွင် ရိုရိုကျိုးကျိုး ဆက်ဆံရန် မှာတော်မူပါသည်။
ကျွန်တော်သည် ငယ်စဉ်ကပင် မိခင်/ဖခင်တို့၏ သွန်သင်မှုကြောင့် ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ ဘုန်းကြီးကျောင်းသားလုပ်ရခြင်းမှာ ခက်ခဲလှသော ကိစ္စမဟုတ်ဟု ထင်မိပါသည်။ ရွာတွင်ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်တိုင်း ရွာရှိဇီးကုန်းဘုန်းကြီးကျောင်းတွင် ပရိတ်ကြီး(၁၁)သုတ်အား နှစ်စဉ် သင်ယူခဲ့ရသဖြင့် နှုတ်တိုက်အာရုံဆောင်နိုင်ခဲ့သူ ဖြစ်ပါသည်။ ထိုအပြင် (၉)တန်းစာမေးပွဲ ပြီး၍ နွေရာသီ ကျောင်းပိတ်ရက်တွင်လည်း ဟင်္သာတမြို့အတွင်း ပတ္တမြားကျောင်းတိုက်တွင် ၀ိပဿနာတရား ပြသော ဘုန်းတော်ကြီး ရှိ၍ အာဏာပါဏာ ကမ္မဌာန်း ဆည်းပူးရန် အဖေကခေါ်၍ အတူတရားထိုင်ခဲ့ဖူးသော အတွေ့ အကြုံ ရှိခဲ့ဖူးသူဖြစ်လေသည်။
ဝေနေယျသုခကျောင်းဆရာတော်မှာ ၀ိပဿနာတရားပြသော ဆရာတော်ဖြစ်၍ မြောက်ဥက္ကလာပ တွင် နာမည်ကြီးသော ကျောင်းတစ်ကျောင်း ဖြစ်လေသည်။ အပတ်စဉ် ဥပုသ်နေ့တိုင်း တရားထိုင်သူ ဒေသခံများ လာရောက်တရားထိုင်လေ့ရှိသောကြောင့် လူအ၀င်အထွက်များသော ကျောင်းတစ်ကျောင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းသားဘ၀ (၂)လခန့်နေထိုင်စဉ်အတွင်း ဆွမ်းစားကျောင်းကိုယ်တော်မှ ဆွမ်းဟင်းကောင်းများပိုပါက ကျွန်တော်တို့(၂)ဦးအတွက် ညစာကို ဂရုစိုက်၍သိမ်းထား ပေးလေ့ရှိသည်။ တစ်ခါတစ်ရံတွင်လည်း ဟင်းပေါင်းဟင်းဖြင့် ညစာစားခဲ့ရသည်လည်း ရှိခဲ့ပါသည်။ ကျောင်းတွင်လည်း ကျောင်းအိပ်ကျောင်းစား ကျောင်းသားကြီးများမှာ ကျွန်တော်တို့(၂)ဦးသာလျင်ရှိ၍ ကိုရင်ငယ်များနှင့် ကျောင်းသားငယ်လေး(၂)ဦးခန့်သာရှိလေသည်။ ကျွန်တော်တို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့် အာရုံဆွမ်း ချက်ခြင်းနှင့် ကျောင်းဝေယျာဝစ္စများအား အသိစိတ်ရှိရှိ တာဝန်ယူခဲ့ကြပါတယ်။ ကျောင်းတွင် နေ့ဆွမ်းမှာ ဖူလုံမှုရှိသော်လည်း အာရုံဆွမ်းဟင်းမှာမူ ရံဖန်ရံခါ အဆင်မပြေပါ။ မနက်တိုင်းဆွမ်းချက်ရပါသည်။ သံဃာကုန်(၁၀)ပါးစာခန့်သာ ရှိသော်လည်း အာရုံဆွမ်းအတွက် ဆွမ်းဟင်းမှာ မကြာခဏ အခက်အခဲ ဖြစ်ရတတ်ပါသည်။ ထိုနေ့များ၌ ကျွန်တော်တို့ ခေါင်းခဲရတတ်ပါသည်။ ဥက္ကာလမ်းထဲတွင်ရှိသော ကုန်စုံဆိုင်သို့ ငါးပိ၊ ငါးခြောက်၊ အ၀ယ်ထွက်ရတတ်ပါသည်။ မန်ကျည်းသီးနှင့် ငရုတ်သီးအကြမ်းတောင့် မှာလည်း မပါမဖြစ် ၀ယ်ရလေ့ရှိသောပစ္စည်းဖြစ်လေသည်။
ဆရာတော်၊ တိုက်အုပ်ကိုယ်တော်နှင့် သံဃာကြီးများစားရန် ငါးခြောက်ဖုတ်နှင့် လက်ဖက်သုပ်၊ ငါးပိရည်၊ တို့စရာလောက်တော့ ဆက်ကပ်နိုင်ရန် စီစဉ်ပေးရပါသည်။ ဆွမ်းစားကျောင်း ကိုယ်တော်အတွက်လည်း အာရုံဆွမ်းကိစ္စသည် မကြာခဏစိတ်ပူရသော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ငါးပိရည်၊ တို့စရာအဖြစ် ကျောင်းတွင်းရှိ ဧကရာဇ်ပင်၊ သီဟိုဠ်သရက်ပင်၊ ဒန့်သလွန်ပင် စသည့်စားပင်များမှ အညွှန့်များမှာ ကျွန်တော်တို့အတွက် ရှားရှားပါးပါး ဟင်းလျာပင် ဖြစ်ပေသည်။ မီးရထားလမ်းနှင့် ကျောင်းခြံစည်းရိုးကြားရှိ ရေကန်သဖွယ်ဖြစ်နေသော ကန်စွန်းရွက်ခင်းမှာလည်း ကျောင်းအတွက် အာရုံဆွမ်းရိက္ခာပင်ဖြစ်လေသည်။ ထိုစဉ်က မနက်စာအား ကျောင်းတွင်ငါးပိရည်နှင့် ပြီးခဲ့သောရက်များ ရှိသကဲ့သို့ တစ်ခါတစ်ရံဘူတာထိပ်တွင် ရှိသော မှုန့်ဟင်းခါးဆိုင်တွင်လည်းကောင်း၊ တစ်ခါတစ်ရံရေအ၀သောက်၍လည်းကောင်း ဖြေသိမ့်ခဲ့ရသော ရက်များ ရှိခဲ့ဖူးပါသည်။ အဖေမှမြို့ထဲတွင် အဆောင်ငှားနေရန်မှာသော်လည်း ကျွန်တော့်မှာကပ်စေးနှဲတတ်၍လည်းကောင်း၊ ဘုန်းကြီးကျောင်းသား ဘ၀ကို ကိုယ်တွေ့စူးစမ်းလိုသောကြောင့်လည်းကောင်း၊ သူငယ်ချင်းလည်း အဖော်ရှိပြီး သွားရေးလာရေး အဆင်ပြေသော နေရာဖြစ်၍ ဘုန်းကြီးကျောင်းတွင် နေရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ R.I.Tသို့ စာမေးပွဲဖြေရန်သွားရာတွင်လည်း မြို့ပတ်စီး၍ ကြို့ကုန်းဘူတာဆင်းပြီး လမ်းလျှေက်လျှင်လည်း သိပ်မဝေးလှပေ။ ဘတ်(စ်)ကားစီးရန်အတွက် ဥက္ကာလမ်း ထိပ်သို့ ထွက်၍ ခေမာသီကားစီးလျှင် ကမ္ဘာအေးလမ်းတစ်လျှောက်၊ မြို့တွင်းဆူးလေသို့ တန်း၍ ရောက်သောကြောင့် အလွန်အဆင်ပြေ ပါသည်။ ဘုန်းကြီးကျောင်းသားဘ၀တွင် ကျွန်တော်အကြောက်ဆုံး နေ့မှာ ဥပုသ်နေ့ပင်ဖြစ်သည်။ ဥပုသ်နေ့တိုင်း၊ ဥပုသ်သည်များအတွက် နေ့လယ်စာစားရန် ထမင်းပွဲ ပြင်ဆင်ပေးရခြင်းနှင့် ပန်ကန်၊ ခွက်ယောက်များ ဆေးကြောရခြင်းအလုပ်မှာ လူငယ်သဘာဝ ရှက်စိတ်ဖြစ်ခဲ့ဖူးပါသည်။ ဥပုသ်သည်များနှင့် အတူ ရွယ်တူမိန်းကလေးများလည်း ပါလာတတ်၍ အလွန်ပင်မျက်နှာပူခဲ့ရဖူးပါသည်။ ဥပုသ်သည်များ မပြန်မချင်း တစ်နေကုန်ရေနွေးကြမ်းအား အဆက်မပြတ်တည်ပေးရခြင်း အလုပ်ကလည်းရှိပါသေးသည်။ တစ်ခါတစ်ရံ ထင်းအခြောက်မရှိ၊ အစိုများဖြင့် သုံးရသဖြင့် မီးခိုးလွန်၍ရေနွေးကြမ်းများ မီးခိုးနံ့နံသဖြင့် ဥပုသ်သည်တို့၏ ဆူပူငြိုငြင်ခြင်းအားလည်း ခံခဲ့ရဖူးလေသည်။
မည်သို့ပင်ဖြစ်စေ ဘုန်းကြီးကျောင်းတွင်တည်းခိုနေထိုင်သဖြင့် ကျောင်းသားတာဝန်ကျေရမည် ဖြစ်ပြီး ဗုဒ္ဓဘာသာတရားနှင့်အညီ သံဃာတော်များအား ၀တ်ကြီး၊ ၀တ်ငယ်ပြုရခြင်းနှင့် ဥပုသ်သည်တို့အတွက် အလုပ်အကျွေး ပြုရခြင်းသည် ကြီးစွာသောကောင်းမှုကုသိုလ်ကြီး တစ်ခုပင်ဖြစ်လေသည်။ အမှန်တကယ်လည်း ထိုသို့စိတ်ကို မွေးမြူ၍ ဘုန်းကြီးကျောင်းသားဘ၀ဖြင့် နေထိုင်ခဲ့ဖူးပါသည်။ ထိုစဉ်က ဦးခင်မောင်အေးမှာ မြောက်ဥက္ကလာပ၊ (၂)ရပ်ကွက်၊ ယခုသံသုမာလမ်းမကြီးပေါ်တွင် နေထိုင်သဖြင့် ဘုန်းကြီးကျောင်းနှင့်လည်း နီးသောကြောင့် မြို့ပတ်ရထားစီး၍ မကြာခဏ အိမ်လည်သွားဖြစ်ခဲ့လေသည်။ တစ်ခါတစ်ရံ ၄င်းအိမ်၌ စေတနာဖြင့် ဖွင့်လှစ်ထားသော အထက်တန်းကျူရှင်တွင် (၁၀)တန်းသင်္ချာအား ၀င်၍ သင်ပေးခဲ့ဖူးပါသည်။ အမေကလည်း ဆွေမျိုးများဟု ပြောထား၍ မကြာခဏသွားရောက်ခဲ့ခြင်းဖြစ်ပါသည်။
R.I.T ၀င်ခွင့် ပေါင်းကူးစာမေးပွဲ ဖြေဆိုပြီး၍ အစိုးရအလုပ်ပြန်လုပ်ရန် အလုပ်ရှာရပြန်ပါသည်။ အလုပ်သမားရုံးနှင့် သတင်းစာများအား နေ့စဉ်ဂရုစိုက်၍ကြည့်ရသည်မှာလည်း အမောပင်။ တစ်နေ့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ အလုပ်သင်အင်ဂျင်နီယာတစ်ဦး အလိုရှိကြောင်း ခေါ်ဆို၍ ၀င်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်၍ ကျွန်တော်တိရိစ္ဆာန်ရုံ၌ အလုပ်ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ နေ့စဉ်ဥက္ကာလမ်းထိပ်မှ ဘတ်(စ်)ကားစီး၍ ကမ္ဘအေးဘုရားလမ်း၊ တိရိစ္ဆာန်ရုံထောင့်တွင်ရှိသော ယခင်ကျောက်တိုင်မှတ်တိုင် (ယခုမရှိတော့ပြီ) ဗဟန်းအ၀ိုင်းအလွန် ဖ.ဆ.ပ.လ အိမ်ရာထိပ်တွင်ဆင်း၍ တိရိစ္ဆာန်ရုံအတွင်းရှိ အင်ဂျင်နီယာရုံးတွင် ရုံးတက်ရလေသည်။ ရုံးမှာ ကမ္ဘားအေးဘုရားလမ်းနှင့်ကပ်လျက်ရှိသော်လည်း အပေါက်မရှိ၍ အ၀င်ဂိတ်ပေါက်မှ ၀င်ရပါသည်။ မြို့ပတ်ရထား စီးပါကလည်း ရန်ကုန်ဘူတာကြီးမှ လမ်းလျှောက်ရပါသည်။ ယခုခေတ်တွင် ဝေးမည်ဟုထင်သော်လည်း ကျွန်တော်တို့ငယ်စဉ်က ထိုခရီးအား လမ်းလျှောက်၍ မသွားလျင် အခြားနည်းလမ်းမရှိသောအခြေအနေ ဖြစ်လေသည်။ ယခုခေတ်လို တက္ကစီများ ပေါပေါများများမရှိ၍ လမ်းလျှောက်သွားရခြင်း ဖြစ်လေသည်။ ကျွန်တော်အလုပ်ရပြီ ဖြစ်၍ ဘုန်းကြီးကျောင်းတွင်လည်း ရေရှည်ဆက်၍ မနေချင်တော့ပါ။ သွားရေး၊ လာရေးအဆင်ပြေပြီး ဈေးပေါပေါ အခန်းတစ်ခန်း ငှားနေရန်ဆုံးဖြတ်ပြီး အခန်းရှာရန် ဦးခင်မောင်အေးအား အကူအညီတောင်းခံရာ ဦးခင်မောင်အေးမှ ၄င်းတွင်အခန်းလွတ်တစ်ခုရှိကြောင်း အလကားသွားနေရန်ခွင့်ပြုကြောင်းနှင့် အခန်းမှာ ပြုပြင်ရန်လိုအပ်ကြောင်းပြော၍ ကျွန်တော့်အား ရုံးပိတ်ရက်တစ်ရက်လိုက်ပြပေးမည်ဟု ရက်ချိန်းပေးလေသည်။ ထိုစဉ်က ဦးခင်မောင်အေးမှာ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကောင်စီဝင်အလုပ်အမှု့ဆောင်တစ်ဦးဖြစ်၍ သြဇာအားဏာရှိသူတစ်ဦးဖြစ်လေသည်။ ရုံးပိတ်ရက် စနေနေ့တစ်ရက်တွင် ကျွန်တော့်အား တောင်ဥက္ကလာပ၊ ၁၄/၃ရပ်ကွက်၊ သေနတ်ပစ်ကွင်းအနီးရှိ တတိုင်းမွှေးလမ်း၊ အိမ်အမှတ်- ၅၂(A)သို့ လိုက်ပြပါသည်။ ဆိတ်ငြိမ် ရပ်ကွက် အရာရှိငယ်များနေထိုင်ရာ တန်ဖိုးနည်းအိမ်ရာဖြစ်၍ ကျွန်တော်လည်းသဘောကျပြီး နေရန်ဆုံးဖြတ် လိုက်ပါသည်။ ဤသို့ဖြင့် ဘုန်းကြီးကျောင်းသားဘ၀ဇာတ်သိမ်း၍ အိမ်နှင့်ရာနှင့်နေထိုင်ရန်ကံက ပါလာသည့် အတွက် ထိုအိမ်ကလေးအားပြင်၍ ၁၉၈၀ခုနှစ်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၃ရပ်ကွက်တွင် စတင်အခြေချ နေထိုင်ဖြစ်ခဲ့ပါတော့သည်။
ဒုတိယအကြိမ်ဘုန်းကြီးကျောင်းသို့ပြန်ရောက်ခြင်း
****************************************************
ကျွန်တော်ကားမောင်းသမားဘ၀ဇာတ်သိမ်းပြီး ၀ယ်/ရောင်း ကားကုမ္ပဏီအေးဂျင့်ဘ၀သို့ ပြောင်းသောအခါ ဒုတိယအကြိမ် ယောက်လမ်း၊ ခြံအမှတ်-(၁၉) အဒေါ်၏တိုက်ခန်းသို့ရောက်ရပြန်ပါသည်။ ဒီတစ်ကြိမ်တော့ အဒေါ်အိမ်၌ကပ်နေရန် မဟုတ်ပါ။ ကားကုမ္ပဏီရုံးခန်းဖွင့်ရန် အဒေါ်၏အခန်းကျဉ်းလေးထဲ၌ စာပွဲတစ်လုံးခင်း၍ ရုံးခန်းလုပ်ခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်၏ Sakura ဘ၀စတင်ချိန် ဖြစ်ပါသည်။ အဒေါ်အားကူညီရန် ထိုခေတ်က စာပွဲတစ်လုံးစာနေရာ (၁၀”x၁၅”)အခန်းရှေ့နေရာလေးအား တစ်လ(၄၀၀)ကျပ်ပေး၍ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဆက်သွယ်ရန် တယ်လီဖုန်းပင် မရှိခဲ့ပါ။ ယောက်လမ်းပေါ်ရှိ ကုလားဗလီအောက်တွင် ဈေးဆိုင် ဖွင့်ထားသော ကုလားဦးတင်ရွှေအား အကူအညီတောင်း၍ ဖုန်းအ၀င်/အထွက်အား အခကြေးငွေ ပေး၍သုံးခဲ့ရပါသည်။ လုပ်ငန်းလည်း အောင်မြင်၍ လူသိများလာသည့်အခါ ရုံးခန်းအား ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်မီးပွိုင့်အနီး သင်္ဘောသားရုံး(SECD)နှင့် မျက်စောင်းထိုးနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါသည်။
၎င်းရုံးခန်းနေရာသည် ပေ (၂၀)ရှိသော ရုံးခန်းဖြစ်ပြီး ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ထွန်း၏ ယောက္ခမကြီး အခန်းဖြစ်ပါသည်။ ကျွန်တော့်အား ဖခင်ကြီးဆေးကုရင်း ခင်မင်ခဲ့သူဖြစ်ပြီး ၄င်း၏မိတ်ဆွေ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအေးမြင့်၏အကူအညီတောင်းခံပေးမှုကြောင့် ကျွန်တော်အားငှားရမ်းပေးခဲ့ခြင်း ဖြစ်ပါသည်။ အခန်းခမှာလည်း တစ်လ(၄၀၀)ကျပ်ပေးရပါသည်။ ရုံးခန်းအဖြစ်ငှားရမ်းခြင်းဖြစ်ပြီး နေ့စဉ်အခန်းသော့အား ကန်တော်ကြီးအလုပ်ဆေးရုံဝင်းအတွင်း ၄င်းနေထိုင်သော တိုက်ခန်းသို့ ပြန်ပို့ပေးရပါသည်။ မနက်တွင် သော့သွားတောင်း၍ ရုံးခန်းဖွင့်ရပါသည်။ နေရာကောင်းသော အခန်းဖြစ်၍ အိမ်ရှင်၏ သတ်မှတ်စည်းကမ်းအတိုင်း ကျွန်တော်လိုက်နာနေထိုင်ခဲ့ပါသည်။ ထိုစဉ်က ဈေးသက်သက်သာသာဖြင့် ငှားပေးခဲ့သော အခန်းဖြစ်လေသည်။ လုပ်ငန်းများအောင်မြင်၍ ရုံးခန်းလည်း အခြေတကျဖြစ်လာသည့်အတွက် ကျွန်တော်မြို့တွင်းသို့ ပြောင်းရွှေ့နေရန်ဖြစ်လာတော့သည်။ ထိုအချိန်က သိမ်ဖြူလမ်း၊ မီးရထား ခုံးကျော်တံတားအဆင်း၊ ဗိုလ်ချုပ်လမ်းထောင့်သို့ မရောက်မီ ကျန်းမာရေးဝန်ကြီးဌာန၏ မျက်နှာချင်းဆိုင်တွင် ပညာရာမိကမဟာကျောင်းတိုက် ရှိပါသည်။ ၄င်းကျောင်းတိုက်အတွင်း ဆရာတော်မှ အဆောင်များဖွင့်လှစ် ငှားရမ်း ထားပါသည်။ ၄င်းအပြင်လုံးချင်းအိမ်များလည်း အတွင်းပိုင်း၌ ဆောက်၍ငှားရမ်းထား ပါသည်။ ထိုသို့ အဆောင်ငှားခွင့်ရရန် ကျွန်တော် ၄င်းဘုန်းတော်ကြီးကျောင်းသို့ ဒုတိယအကြိမ် ဘုန်းကြီးကျောင်းသားအဖြစ် ရောက်ခဲ့ရပြန်ပါသည်။ တိုက်အုပ်ဆရာတော်၏ အပေါ်ထပ်တွင် အခန်းနေသံဃာတော်များနေ၍ ၄င်းသံဃာ တော်များအား အုပ်ချုပ်သောအခန်းထိန်း ဦးပဉ္စင်းဦးသီလ၀ံကိုယ်တော်မှာ ကျွန်တော်၏ကားသမားဘ၀ ဆောင်းပါတွင်ဖော်ပြခဲ့ဖူးသော ကားသမားဘ၀အစ အားကိုခဲ့ရသော ပြည် G.T.I (EP) မှသူငယ်ချင်း သာကေတသားတစ်ဦး ဆိုသူ၏ မိဘများကိုးကွယ်သော ဦးပဉ္စင်းဖြစ်ပါသည်။ ထိုသူငယ်ချင်း၏ အကူအညီဖြင့် ဦးပဉ္စင်းဦးသီလ၀ံ အိပ်ရာဘေးကုတင်အောက်တွင် ဖျာတစ်ခင်းစားအိပ်ရန်နေရာလေးရ၍ နေခဲ့ရပါသည်။ ထိုစဉ်က ကျွန်တော်ဂျပန်မှတင်သွင်းလာသော အင်ဂျင်ပစ္စည်းများအား ထိုဘုန်းတော်ကြီးကျောင်းတွင် စုပုံထား၍ အရောင်းအ၀ယ် လုပ်ခဲ့ရပါသည်။ ကျွန်တော့်ဘ၀ အစမှာ ပစ္စည်းထားစရာနေရာပင်မရှိ ဆိုင်ခန်းပင် ငှားနိုင်ရန် အခြေအနေမရှိခဲ့ပါ။ ထိုအင်ဂျင်ပစ္စည်းများ ထုပ်ပိုးလာသော အထပ်သားပြားများ သစ်သားများဖြင့် ဦးပဉ္စင်းဦးသီလ၀ံ၏ နေရာလေးအား သပ်သပ်ထုပ်လုပ် အခန်းဖွဲ့၍ ကျွန်တော်အိပ်ရန်နေရာလေးရရန် ကာရံခဲ့ပါသည်။ အရောင်းအ၀ယ်လုပ်ငန်းလည်းဖြစ်၍ ငွေကြေးကလည်းလက်ထဲတွင် မကြာခဏရှိနေ၍ အခန်းလေးကာရံခွင့်တောင်းကာ အခန်းတံခါးလုပ်၍ သော့ခတ် လုံခြုံမှုရှိအောင် လုပ်ရပါတော့သည်။ သိပ်၍ ကြာကြာမနေလိုက်ရပါ၊ ဆရာတော်ကျောင်းကြီးဘေးကပ်လျက်ရှိသော ကားဂိုဒေါင်ပါသည့် အိမ်တစ်လုံးမှ အိမ်ငှားများဆင်းသွား၍ နေရာလွတ်ပါတော့သည်။ ထိုအိမ်လေးတွင် ငှားရမ်းခွင့်ရရန် ကားဂိုဒေါင်အပါအ၀င် (၂၅၀)ကျပ်ဖြင့် ငှားရမ်းနေထိုင် ဖြစ်ပါတော့သည်။ ထိုစဉ်အခါက မြို့လယ်ခေါင်ရှိ တိုက်ခန်းများတွင် ဈေးကြီး၍ ဘုန်းကြီး ကျောင်းဝင်းအတွင်းမှ အိမ်အားငှားရမ်း နေထိုင်ရခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ကားကုမ္ပဏီအေးဂျင့်ဘ၀အစ အနေဆင်းရဲခြင်းဒုက္ခအား ကြိတ်မှိတ် ကြိုးစားခံယူရင်း ကျွန်တော့်လုပ်ငန်းများလည်း အရမ်းအောင်မြင်လာ ပါသည်။ ထိုအချိန်၌ ကျွန်တော်အား ရုံးခန်းငှားပေးထားသော ဆရာကြီးဒေါက်တာခင်ထွန်း (ဆီးနှင့်ကျောက်ကပ်အထူးကု) ကယုံကြည်မှုရှိလာ၍ ရုံးခန်းတွင်နေလိုက နေထိုင်နိုင်ကြောင်း ခွင်ပြုလာပါသည်။ ထိုအခါမှစ၍ ကျွန်တော် ဘုန်းကြီးကျောင်းတွင်းမှ တစ်ဖန်ပြန်လည်လွတ်မြောက်၍ ဗိုလ်အောင်ကျော်လမ်းရှိ ရုံးခန်းသို့ပြောင်းရွှေ့နေထိုင် ဖြစ်ပါတော့သည်။ ဘ၀တစ်ခုအောင်မြင်မှုရရန် အကြိမ်ကြိမ်အလီလီဒုက္ခများစွာ ဖြတ်သန်းလျက်မဆုတ်မနှစ် ဇွဲလုံးလဖြင့် ကြိုးစားသော်လည်း ကျွန်တော်အား ကူညီထောက်မပေးမည့်သူများအစဉ်တကျ မရှိခဲ့ပါလျင် အကြိမ်ကြိမ်ပြိုလဲနိုင်ပြီး ယခုကဲ့သို့အချိန်တိုအတွင်း အောင်မြင်မှုရရှိမည် မဟုတ်ပါ။ ဘာသာတရားအား ယုံကြည်သက်ဝင်မှုကြောင့် ကူညီစောင့်ရှောက်သူများ ပေါ်ပေါက်လာသလို မိမိမှလည်း ရိုးသားကြိုးစား၍ ကျေးဇူးတရားအဖန်ဖန်ထားနိုင်ပါမှ အောင်မြင်မှုကို တက်လှမ်းနိုင်မည် ဖြစ်ပါသည်။ ခုတုံးလုပ်၍ တက်သွားလိုသော စိတ်ဓာတ်ရှိသူများသည် ပြိုလဲသွားသောအခါ ဖေးမကူညီမည့်သူ မဲ့ရလေတော့သည်။
ကျွန်တော့်ဘ၀တွင် ကူညီဖေးမလမ်းပြခဲ့သူများ အကြိမ်ကြိမ်ရှိဘူးခဲ့သလို ထိုသူများ၏ကျေးဇူးကိုလည်း အခွင့်ရလျင် ပေးဆပ်သိတတ်မှုကြောင့်ပို၍ပို၍ ချစ်ခင်ကူညီချင်သူများ ပွားများလာရပြီ ယုံကြည်အားကိုးမှုများ ကြောင့်လည်း စီးပွားဖက်များတိုးလျက် ငွေကြေးရင်းနှီးပံ့ပိုးမှုများလည်း ပွားများလာကာကြီးပွား တိုးတက်ရခြင်း ဖြစ်ပေသည်။
ထိုအချိန်မှစ၍ ငွေကြေးစုဆောင်းပြီး အိမ်ခြံမြေများဝယ်ယူ၍ စီးပွားရေးအကျဖက်သို့ ပြန်မရောက် နိုင်လောက်အောင် အခြေခိုင်ခဲ့ပြီး ယခုကဲ့သို့ ဘ၀တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
P.S-
*******
ကျွန်တော်အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်စအချိန် ကပင်လျှင် ဘုန်းကြီးကျောင်းအား အုတ်တံတိုင်းကာ၍ ဂိတ်တံခါးများ လှူဒါန်းခြင်းနှင့် ဆရာတော်ကျောင်းသို့ မကြာခဏ အလှူအတန်းပြုခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆရာတော်ကြီးမှာ အလွန်ပင်သက်တော်ကြီးပြီ ဖြစ်၍ ကျန်းမာရေး မကောင်းတော့သော်လည်း ကျွန်တော်ကျောင်းသို့ရောက်၍ ဖူးတွေ့သည့်အခါတိုင်း မှတ်မိ၍ သတိရှိနေသေးသည်မှာ ၀ိပဿနာအမြဲမပြတ် ပွားများနေသော သူတော်စင်တို့၏ စရဏ အားကောင်းခြင်းဟု ယုံကြည်မိပါသည်။ ယခုအခါ လမ်းကောင်းပြီဖြစ်၍ ရထားလမ်းအား ကားဖြတ်မောင်းလျက် ကျောင်းဝင်း အတွင်းသို့ ကားဖြင့်ဝင်ရောက်နိုင်ပြီဖြစ်သည်။ ဝေနေယျသုခကျောင်းတိုက်ကြီး(ဒေါင်းနားကျောင်း)၏ ပဓာနနာယက၊ မယ်လမုစေတီတော်မြတ်ကြီး၏ သြ၀ါဒစရိယ၊ မြောက်ဥက္ကလာပမြို့နယ်သြ၀ါဒစရိယ ဖြစ်တော်မူသော သက်တော်ရှည် ဆရာတော်ဘုရားကြီး အရှင်ဘဒ္ဒန္တနန္ဒာသာရ၏ နှစ်(၁၀၀)ရာပြည့်အကြိုပူဇော်ပွဲကို ၁၃၇၈-ခုနှစ်၊ ကဆုန်လဆန်း(၉)ရက်၊ ၁၅-၅-၂၀၁၆(တနင်္ဂနွေနေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့်၊ လမ်းကြုံပါက ဝေနေယျသုခကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးအား ၀င်ရောက်ဖူးမြော်နိုင်ပါကြောင်း ဘုန်းကြီးကျောင်းသားဟောင်း ကျွန်တော် Sakura ဦးဌေးအောင်က နှိုးဆော်အပ်ပါသည်။


No comments:

Post a Comment