"လေးပစ်သူက ဘုရားကျွန်တော်"
အဆင်းရဲဆုံးနိုင်ငံမှာ ကမ္ဘာ့အချမ်းသာဆုံး အုပ်ချုပ်သူတွေ ထွက်လာတဲ့ ကိုယ်တို့ရွှေပြည်ကြီးမှာ “ဒါတင် ဘယ်ကမလဲ ဘိုးဘိုးရဲ့ ဒီ့ထက်တောင်တတ်သေးတယ်။” ဆိုတဲ့ အံ့လောက်စရာ အခြင်းအရာတွေကလည်း ကုန် မကုန်နိုင်ပါဘုး။ လူကယ်ပြန်ဝန်ကြီးအသစ်က ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီကယ်တင်ဖို့ ဇီးရိုးဘတ်ဂျက်နဲ့ စ နေရပါတယ် လို့ အော်နေချိန်မှာ ပြည်နယ်နဲ့တိုင်းအသီးသီးက ရံပုံငွေတွေဟာ တစ်နေရာကို ကျပ်သန်းထောင်ပေါင်းများစွာ စာရင်းကွာပြီး အပျောက်ရိုက်ထားတာ တွေ့ရပါသတဲ့။ ကွာပါတယ် ပျောက်ပါတယ် အခိုးခံရပါတယ်တောင် မပြောရဲဘူး။ ပြောရင် လူလွှတ်ပြီး နောက်စေ့သေနတ်နဲ့ အပစ်ခိုင်းမှာ ကြောက်လို့ မရဲတရဲလေး ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖွရရှာတယ်။ သတင်းသမားတွေဆီပါ ပွစလောင်းလန်သွားတဲ့အခါကျတော့မှ “ကဲ ဟိုမှာ ပြောကုန်ပြီနော်။ အဲ့ဒါ ဘယ်လိုလုပ်ပေးမှာတုန်း။ ပြော။” ဆို လမ်းမတော်ဖိုးတုတ်ဆီ ဖာကြွေးဖဲကြွေးလိုက်တောင်းသလို စိတ်ကောင်းဝင်နေတုန်း “သောက်စကားမများနဲ့။ အင့်။” ဆို ပြန်များပေးလိုက်ရင် ကျောက်ခဲရေပေါ်ရချေသေးရဲ့ လို့ သဘောထားပြီး သူ့အရိပ်အကဲလေး စောင့်ကြည့်နေရတာ။
လူဆိုတာ ယုတ်မာပြီဆိုရင်လည်း အသည်းမာမာနဲ့ အဆုံးထိယုတ်မာနိုင်မှ သရဖူဆောင်းတာလေ။ အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့စကားသာ မှန်ချင်မှ မှန်မယ်။ အာဏာရှင်မျိုး ညှာရိုးမရှိဆိုတာကတော့ သွေးထွက်အောင်တင်မဟုတ်ဘူး။ အသက်ထွက်အောင်ကိုမှန်တာ။ ကိုယ်သေရင်သေ မသေရင် သူသေမှ စခန်းသိမ်းလိမ့်မယ်။ အရှင်မထွက်ဘူးဆိုတာ ဒါကိုပြောတာ။ ဟိုမှာ တစ်နိုင်ငံလုံးကို ခေါင်ကအုပ်ပြီး ဇိကုပ်ထားတဲ့သူကတောင် ကြောင်များလို ငါ့ဆီက ချေးတစ်တုံးတောင် ပြန်ရလိမ့်မယ် မထင်နဲ့ ဆို အစဖျောက်ထားတာ နောက်လူက “အေးလေ တဖြေးဖြေးတော့ ပြန်ခွဲဆပ်ပါ့မယ်။” စကားလေးလည်းရရော ဝမ်းသာလွန်းလို့ ကျွမ်းဆယ်ပတ်လောက် လှိမ့်ထိုးနေကြရတယ်။
ကျောင်းသားဘဝ စိတ်ကျန်းမာရေးဆေးရုံကို သွားတဲ့အခါ အဲသည်က နှစ်ရှည်လူမမာတချို့က “ကိုကိုရေ။ သူများကို တစ်ကျပ်လောက် ပေးပါလား ဟင်။ သူများ ဆေးလိပ်သောက်ချင်လို့ပါ။” လို့ လိုက်လိုက်တောင်းကြတယ်။ သနားပါတယ်လေ ဆို ပေးလိုက်မိရင် သူ့ခမျာ ဝမ်းသာလွန်းလို့ ထခုန်ပြီး “ဟဲ့ ကောင်မတွေ။ ငါ့ကိုကိုက သဘောကောင်းတယ်တော့။ ဒီမှာ မုန့်ဖိုးတွေပေးနေတယ်။ လာကြ လာကြ။” ဆို အော်ခေါ်လိုက်တာ ဝိုင်းဝိုင်းကိုလည်ရော။ အခုလည်း “မကွေးကကိုကိုက သဘောကောင်းတယ်တော့။” လို့ အော်ထည့်လိုက်တော့ စစ်ကိုင်းကကိုကို ပုသိမ်ကကိုကိုတွေဆီ အရူးမီးဝိုင်း ဆက်ဖြစ်သွားတယ်လေ။ ကျန်တဲ့ဆယ့်တစ်တိုင်းက ကိုကိုတွေလည်း အီးတောင် မပေါက်ရဲဘူး။ စားထားတဲ့ ရွှေနံ့ငွေနံ့တွေ သူများရမှာစိုးလို့။ စဉ်းစားကြည့်လေ။ ဒီလောက်များတဲ့ ပမာဏကို အထက်ကမသိအောင် သူတို့သဘောနဲ့သူတို့ “ဥုံဖွ အပ်ချလောင်း။ မရှိတော့ဘူး။ ပျောက်သွားပြီ။ ပြန်မတောင်းနဲ့။” လုပ်ရဲပါ့မလား။ အမိန့်နာခံမှ သည်နေရာရတဲ့သူတွေဟာ အထက်က ညွှန်ကြားချက် တစုံတရာမလာပဲ ဒီပိုက်ဆံလောက်နဲ့တော့ သူတို့ဘဝ မလဲဘူး။ ပိုက်ဆံတွေက ကိုယ်တွေမှာသာ မမြင်ဖူးလို့ မူးမြစ်ထင်နေတာ။ သူတို့တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုနဲ့စာရင် အဲ့ဒါ အကြွေ၊ အနုတ်၊ မဖုတ်လောက် မသုပ်လောက်။ ဒါမျိုးလောက်နဲ့ ရွာရိုးမလျှောက်ဘူး။ (လျော်သာလျော်လိုက်ပါ အဘရယ်။ ဘတို့အတွက် ငွေရေးကြေးရေး ခွေးချေးပါ။)
သူတို့အဆိုအရတော့ အဲသည်ပိုက်ဆံတွေကို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် သုံးလိုက်တယ် လို့ အသံထွက်တယ်။ ဒါကတော့ ဟုတ်နေရင်တောင် ဖွင့်ပြောလို့ မဖြစ်တဲ့ကိစ္စပေပဲ။ ပါတီက အစကတည်းက နိုင်ငံပိုင်အဆောက်အဦတွေကို ပါတီပိုင်ပြုထားတယ်ဆိုတာကို “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” အတင်း မုန်လာဥလုပ်ထားတာ။ အခု ဒေသဖွံ့ဖြိုးရေး ရံပုံငွေတွေကို မဲဆွယ်တုန်းက နေ့စားခပေးဖို့ ထမင်းထုပ်ဝေဖို့ သုံးတယ်ဆိုရင် မတရားသင်းကြေငြာဖို့ပဲ ရှိတော့တယ်။ တရားဝင်ပါတီအဖြစ် ရပ်တည်ဖို့ စည်းကမ်းနဲ့မညီတော့ဘူး။ အဲ့ဒါကြောင့် ပြာပြာသလဲ “အာဟာ ဟုတ်လည်း ဟုတ်ပဲနဲ့။” ဆို သူတို့နဲ့ မသက်ဆိုင်ပါဘူး။ တစ်ပြားမှ မယူပါဘူး။ ဘုရားစူး ကျမ်းစူး ကျိန်နေကြတယ်။ အဲသမှာတင် မြသလွန်လည်း တကယ်နိုင်၊ စက္ကိန်းတဲလည်း မကယ်နိုင်နဲ့။ တို့ဘဘကြီး ရေနစ်သွားပြီး အရစ်ကျဆပ်ပါ့မယ် ဖြစ်သွားရှာတာ။ စွေစောင်းတို့ ဖျာကောင်းတို့ကမှ ခိုင်းပြီး ထိုးကျွေးခံရတာ မဟုတ်ဘူး။ လူကြီးတွေလည်း ဆွမ်းခံရင်း ငှက်သင့်ချင်သင့်တာ သဘောပေါက်ပလား။
ဒီအခါကျတော့ သူ့နောက်ကလူတွေမှာ ဒီသိုင်းကွက်နဲ့တော့ မဖြစ်ချေဘူးဆိုပြီး ပါတီနဲ့ ဘတ်ဂျက်အကြားမှာ ဓါးစာခံထားဖို့ အဖွဲ့အစည်းတစ်ခုခုတော့ ရှိမှဖြစ်မယ်ဆိုပြီး ဖောင်ဒေးရှင်းတွေ ဝင်ခုလာတယ်။ မပိမရိ ရှိလိုက်တာလေ။ နိုင်ငံတော်ဘဏ္ဍာလည်း မဟုတ်ပါဘူး။ ဒေသဖွံ့ဖြိုးရေး ရံပုံငွေဆိုလို့ ဒေသဖွံ့ဖြိုးရေးအလုပ်လုပ်မယ့် ဖောင်ဒေးရှင်းဖွဲ့ပြီး အဲသည်အဖွဲ့ကို လှူဒါန်းလိုက်တာပါတဲ့။ ဖြစ်မှဖြစ်ရလေ။ သူ့စိတ်သူ့သဘော သူလှူချင်တိုင်းလှူရအောင် သူ့ယောက္ခမပေးတဲ့အမွေကျနေတာပဲ။ တရားဝင်လုပ်ရကိုင်ရမယ့် သူ့နောက်ကအစိုးရဆီမှာကျ ဇီးရိုးဘတ်ဂျက်နဲ့ထားခဲ့ပြီး ဘယ်သူမှမသိဖူး မကြားဖူးတဲ့ဖောင်ဒေးရှင်းကျမှ သက်လုံးပုံ ယုံပလိုက်တယ်ပေါ့။ ဇရပ်တစ်ဆောင် ကျောင်းဆောင်တစ်ခုတောင်မှ တိုင်ထောင်မြေတူး မလုပ်ပဲနဲ့လေ။ ဒါဆိုရင် တက်လာတဲ့အစိုးရတိုင်းဟာ ကိုယ့်လက်ထက်မှာ ဘတ်ဂျက်မှန်သမျှ ကိုယ့်သဘောနဲ့ကိုယ် ထင်သလိုစီမံပိုင်ခွင့်ရှိတယ် လို့ ယူဆရမှာလား။
ယူဆချင်ယူဆ မယူဆချင်နေပါလေ။ ရန်ကုန်တမြို့လုံးရှိရှိသမျှ နိုင်ငံပိုင်မြေပေါ်က ဌာနဆိုင်ရာ အဆောက်အဦတွေအကုန် ပုဂ္ဂလိကလက်ရောက်ကုန်တာ ကြာပါပေါ့။ ဘယ်ဈေး ဘယ်စာချုပ်နဲ့များ ငှားရမ်းရောင်းချလိုက်သလဲ သိရရင် အံ့သြလွန်းလို့ သေနိုင်တယ်။ “ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က အစိုးရပိုင် ၄ထပ်တိုက်ကို တစ်လ သိန်း၂၀၀ နဲ့ငှားပြီး KFC ကို အောက်ထပ်တစ်ခုထဲပဲ တစ်လ သိန်း၆၀၀ (USD 50000) နဲ့ပြန်ငှားတယ်။ ဒုတိယထပ်လဲ ငှားစားတယ်။ ဘယ်မှာ တံဆိပ်ခေါင်းခွန် အမြတ်ခွန်တွေ နိုင်ငံတော်က ရပါသလဲ။ ဖြေကြားစေလိုပါတယ်။” တဲ့။ လွှတ်တော်မှာ မေးယူရရော။ အဲ့ဒါ စကြာဝဠာထဲက ကြယ်မှုန်ကလေးတစ်ပွင့်စာပဲ ရှိသေးတာ သိလား။
သက်တမ်းစေ့လို့ အိမ်ပေါ်ကဆင်းပေးရတုန်းက စိုက်ထားပြီးသားမြက်တောင် အချပ်လိုက်ခွာယူပြီး “နင်တို့ကို စေတနာမရှိလို့ မထားခဲ့တာ။” လို့ ပြောင်ပြောင်ဖွင့်ပြောတဲ့သူတွေဟာ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ဌာနဆိုင်ရာဘတ်ဂျက်တွေကိုလည်း တစ်ပြားမှ ထားခဲ့ဖို့ စေတနာရှိစရာ အကြောင်းမမြင်ပါဘူး။ “မင်းတို့သိပ်အားကိုးတဲ့ အစိုးရလေ။ အုပ်ချုပ်ကြည့်ပစေဦး။ နောက် မလုပ်တတ်မကိုင်တတ်နဲ့ ကမောက်ကမဖြစ်တော့မှ ငါတို့ ပြန်လာခဲ့မယ်။ ဒီပညာတွေ ငါတို့ကလွဲ ဘယ်သူမှ တတ်တာမဟုတ်ဘူး။ ကိုင်း အခု မလုပ်တတ်တော့ဘူး မဟုတ်လား။ ဖယ်။ ငါတို့ ပြန်လုပ်မယ်။” အဲသလို Plan B ကြီးနဲ့ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်နေတဲ့သူတွေဟာ အခုလိုမျိုး ဖနောင့်နင်း အကြေးလှန်လာမှာစိုးလို့ အစောကြီးကတည်းက “နောက်ကြောင်းပြန် အရေးမယူရ။ ယူတဲ့ကောင် တေတေး။” လို့ ချည်ပြီးတုပ်ပြီး ချုပ်ပြီးနှောင်ပြီးသားပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ဘာမှလာပြောမနေနဲ့။ ပါတီပုံရိပ်ကို ထိခိုက်ရင် တရားစွဲပလိုက်မယ်။ သည်လိုသာ ညောင်မြစ်တွေတူးလိုက် ပုတ်သင်ဥတွေပေါ်လိုက်။ အတောမသတ်နိုင်ခဲ့ရင် အမျိုးသား ရင်ကြားစေ့ရေးတွေ အလှမ်းဝေးပြီး “တိုင်းပြည်ဆူပူ မငြိမ်မသက်မှုတွေကြောင့် တပ်မတော်က မလွှဲမရှောင်သာ” ဆိုတဲ့ ဒုံရင်းဘဝကို ပြန်ရောက်သွားဦးမယ်။
ရောက်လည်းရောက်ရောက်ပေါ့လေ။ ကြောက်စရာမရှိပါဘူး။ ကိုယ့်အသက် ငါးဆယ်။ အနှစ်ငါးဆယ် အာဏာရှင်အောက်နေခဲ့ပြီးမှ နောက် ဆယ်နှစ် ဒီအတိုင်းထပ်နေရလဲ ဘာအရေးလဲ။ သူတို့လက်မလွှတ်လည်း ကိုယ်သေရင်လွတ်မှာ။ ပူစရာမရှိ။ သန်းခေါင်ထက်တော့ ညဥ့်မနက်တော့ပါဘူး။ ခုမှတော့ မထူးဘူး။ စားရဲရင် စားပလေ့စေ။ သူတို့စားနေတာ ဘာတွေလဲ သိအောင် ကျွဲပါးစောင်းတီးဦးမယ်။ မှတ်မိသေးလား။ နာဂစ်ဖြစ်တော့ လူတွေသောက်သောက်လဲ သေလိုက်တာလေ။ မသေပဲကျန်တဲ့သူတွေလည်း ဘဝကိုပျက်ကရော။ အဲသည်ဒုက္ခသည်တွေကို စာနာသနားလွန်လွန်းလို့ သူများတကာက လှူထားတန်းထားတာကလေးတွေကို သူတို့လက်ထဲ တကယ်မထည့်ပဲ ပေးချင်ဟန်ဆောင် ဓါတ်ပုံလေးရိုက် မှတ်တမ်းထားပြီး ကိုယ့်အိပ်ထဲကိုယ်ဖြည့်တဲ့သူတွေ မရှိဘူးလား ရှိသလား။ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်မှာ ဒီလိုလူမျိုးတွေ ရှိတယ်ဆိုရင်တောင် မယုံနိုင်စရာကြီးပါလေ။ အဆင်းရဲဆုံးတိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တွေ ကျေးလက်ဒေသတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ ရည်စူးလျာထားထားတဲ့ ပိုက်ဆံငွေကြးတွေကို ကိုယ်ကျိုးစီးပွားအတွက်ပဲသုံးသုံး၊ ကိုယ့်ပါတီ အာဏာရဖို့ပဲ သုံးသုံး။ စောစောက နာဂစ်အလှူငွေတွေကို ဘုံးတဲ့ အကုသိုလ်နဲ့ ဘာမှ မထူးဘူး။ အတူတူပဲ။ စားရဲရင် စားပစေ။ စားရက်ရင် စားပစေ။ ဒီပိုက်ဆံတွေနဲ့ သူဋ္ဌေးကြီး လုပ်ဦးမယ်ပေါ့။ ဝန်မင်းအမတ်မင်း ပြန်လုပ်ဦးမယ်ပေါ့။
ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား လုပ်နေပြန်ပြီ။ အစကတည်းက ပြည်သူလူထုအပေါ် စေတနာ ဆယ့်ငါးပြားဖိုးလောက်ရှိရင် ဒီဘူတာတောင် ဆိုက်မလာဘူး။ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သောအခါမှလည်း ရှိလာမှာ မဟုတ်ဘူး။ ပိုက်ဆံဆိုတာ သေရင်သယ်သွားလို့ မရပေမယ့် မသေခင် ဝယ်သွားလို့မရတာ ဘာတစ်ခုမှမရှိဘူး။ ဘုရားခိုးလူသတ်တဲ့ထောင်ထွက်တောင် ဘုန်းကြီးက လှမ်းရှိခိုးခိုင်းလို့ရတာ ပိုက်ဆံပဲ။ အဲဒီပိုက်ဆံတွေ အခု ဘယ်သူ့လက်ထဲမှာလဲ ပြောကြည့်လေ။ မင်းတို့ပြန်ပေးမယ့်အစားတော့ လူငှားပြီးလှေမှောက်အောင် လုပ်ပလိုက်မယ်။ ဟွင်းဟွင်း။ အဲ့ဒါကြောင့် ပိုက်ဆံဆို ဘယ်နည်းနဲ့ရရ။ ရတဲ့နည်းနဲ့ ရှာတယ်လေ။ ရသာရင် ဘနဖူးသိုက်တူးတယ်ဆိုတာ ကလေးကွက်တွေ။ မဟာမုနိရင်ဘတ်တောင် ဖောက်ပါတယ်ဆိုမှ။
မြင်တယ်နော်။ ဖတ်ရင်းဖတ်ရင်းနဲ့ ဘယ်မှမရောက်။ အဲ့ဒီနားတင် တဝဲဝဲလည်နေတာ။ အဲ့ဒါ Blame Game ခေါ်တယ်။ ထွက်ပေါက်မရှိဘူး။ အဖြေမရဘူး။ မသကာ ပိုက်ဆံတွေ ပြန်ရမယ်ဆိုရင်တောင် တော်သေး။ သူများကို ရိုက်ချင်တယ်ဆို ကိုယ့်လက်ထဲ အရင် တုတ်ရအောင် လုပ်ရမှာ မဟုတ်လား။ အဲ့ဒါလေးတစ်ခုပဲ သေချာစဉ်းစား။ တုတ်က ဘယ်သူ့ဆီမှာလဲ။ နိုင်ငံတော်ခရီးစဉ်နဲ့ အခုလေးတင် လေယာဉ်ဆိုက်တဲ့ ဥပဒေအကြံပေးကြီးမှာ လုံခြုံရေးတစ်ယောက်မှ မရှိပဲ လူပုံအလယ် အသတ်ခံရတယ်။ တိုင်းပြည်ဆူအောင်ပူအောင် မီးရှို့နေတဲ့သူကျတော့ အစိုးရကားပေါ် ရဲအစောင့်အရှောက်နဲ့ ခလုတ်မထိ ဆူးမငြိအောင် စောင့်ရှောက်ထားတာ မြင်တယ် မဟုတ်လား။ မြင်အောင်သာ ကြည့်ကြပါလေ။ တကယ်လို့များ မေမေ့နားက အစောင့်အရှောက်တစ်ယောက်ယောက်က လူငယ်သဘာဝ မျိုးချစ်စိတ်တွေ တက်ကြွလာပြီး အင်ဒီယာဂန္ဒီကို လုပ်ကြံသလို လုပ်ကြံလာရင် ဘယ်သူက ကာကွယ်ပေးနိုင်မှာလဲ။ အာဏာဟာ သေနတ်ပြောင်းဝမှာရှိတယ်ဆိုတဲ့ စကားသာမှန်ရင် အဲသည်သေနတ်မောင်းခလုပ်က ကိုယ့်လက်ထဲမှာ ရောက်နေသင့်တာပေါ့။ ရောက်ပြီဆိုမှ အေးမြတ်သူအိုက်တင်ကလေးနဲ့ချိန်ပြီး “မပေးဘူးလား ပေးမလား။ ပြော။” ဆိုရင် နှစ်ခါတောင် တောင်းစရာမလိုဘူး။ ပေါက်ပြီလား။
အခုလေးတင် သူတို့ထဲမယ် ထရန်စဖာတွေ ပရိုမိုးရှင်းတွေကိုင်ပြီး ကစားကွက်အသစ်တွေ ပြင်နေပြီ။ ကတိကဝတ် သစ္စာအသစ်တွေ ပေးကုန်ကြပြီ။ အဲ့ဒါ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်နေတာလား။ ပြောနေကြတာ ၂၀၂၀ ကျ ကာချုပ်ကြီးက သမ္မတဝင်ရွေးမှာတဲ့။ ဟဲဟဲ။ သူသမ္မတလုပ်ရင် သူခန့်ခဲ့တဲ့ ကာချုပ်အသစ်က သူနင်းခဲ့တဲ့အကွက်တွေ ပြန်နင်းမယ်ဆိုရင် သူဘယ်လိုလုပ်မလဲ။ ဝဋ်တွေလည်ရချေသေးရဲ့။ ဆဒ္ဒန်ဆင်မင်းကြီးလုပ်ချင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းစောင့်။ လောလောဆယ်တော့ သောနုထိုရ်လို ကိုယ်လိုချင်တာ အရယူဖို့ လေးနဲ့မြားတော့ ရှိမှ။ နေနှင့်ဦးပေါ့ကွာ။ ကျိုက်ထီးရိုးရောက်မှ သေနတ်တစ်လက် ဝယ်ကိုင်ဦးမယ်။ ပြန်မချစ်ရင် သတ်ပစ်မယ် စာတမ်းနဲ့။
No comments:
Post a Comment