Wednesday, April 26, 2017

ဗိုလ်ချုပ်ကြီးစိန်ဝင်းလိုလူမျိုးတွေ များများပေါ်လာတယ်ဆိုရင် တပ်မတော်အတွက်စံပြပါ။


ဗိုလ်ချုပ်ကြီးစိန်ဝင်း (ကာကွယ်ရေးဝန်ကြီး ၂၀၁ရ)
"ရှားမှရှား တကယ့်ယောက်ကျား"
မြန်မာ့တပ်မတော်မှာ စစ်ဗိုလ်ချုပ်ပေါင်းများစွာရှိတဲ့အနက် သတင်းစင်တဲ့ ဗိုလ်ချုပ်တွေက အနည်းစုဖြစ်ပါတယ်။ အဲဒီသတင်းစင် တဲ့ ဗိုလ်ချုပ်တွေထဲမှာ ထင်ရှားတာကတော့ ဗိုလ်ချုပ်ကတ်စိန်၊ ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်လွန်းမောင် တို့ပါပဲ။
ကျန်တာတော့ အားလုံးသိကြတဲ့အတိုင်း ငါမလုပ်၊ ငါ့သားသမီးလုပ်၊ ငါနဲ့မဆိုင်၊ ငါမပိုင် ဆိုပြီး ရူးချင်ယောင်ဆောင်နေကြတဲ့သူ တွေပဲများပါတယ်။ ပြည်သူကစစ်တပ်ကိုမုန်းတာ အာဏာရှိတုန်းမှာ အဲဒီလို အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ အဘတွေ၊ အဘကတော်တွေကြောင့်လည်း ပါပါတယ်။စားစရာမရှိလို့ မစားတာနဲ့ စားစရာရှိရဲ့သားနဲ့ မိမိသီလကို အကျိုးအပေါက်မခံဘဲ အာဏာအလွဲသုံးစားမလုပ်တာဟာ ကွာခြားပါ တယ်။
အခုတလော လေကာ (လေကြောင်းရန်ကာကွယ်ရေးတပ်) တွေက အရာရှိစစ်သည်တွေ သူတို့တပ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအကြောင်ကိုတော်တော်လေး ချီးကျူးပြော ဆိုနေကြတာ သတိထားမိကြမယ်ထင်ပါတယ်။ အင်မတန် စစ်သားပီသပြီး အဂတိတရား ကင်းရှင်းတဲ့ အာဏာအလွဲသုံးစားမလုပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်တယ် လို့ကြားရတော့ သာဓုခေါ်မိပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတပ်ရင်းမှူးဘဝက တစ်ရက် ရုံးခန်းတစ်ခုဘေးက လမ်းလျှောက်လာရင်း တပ်ခွဲမှူးဗိုလ်မှူးနှစ်ယောက် စကားပြောသံကြားလို့ နားစွင့်ကြည့်လိုက်တယ်။
“သူငယ်ချင်း စစ်တပ်မှာ တပ်ရင်းမှူး တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမှ မရှိရင် အဲဒီတပ်ရင်မှူး တော်တော် အသုံး မကျတာလို့ ပြောရမှာပဲကွ။” ဆိုတဲ့စကားသံကိုကြားလိုက်ရတယ်။“အေး…ဟုတ်တယ်သူငယ်ချင်း၊ တပ်ရင်းမှူးတစ်ယောက်ဖြစ်မှတော့ ကိုယ်ပိုင်အိမ်လေး၊ ကားလေးတော့ ရှိသင့်တာပေါ့ကွာ။” လို့ ကျန်တဲ့တစ်ယောက်ကထောက်ခံပြောဆို ပါတယ်။
သူတို့နှစ်ယောက်စကားသံတွေကိုကြားလိုက်ရတဲ့ အဲဒီအချိန်က တပ်ရင်းမှူးးဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာအံ့သြခြင်းကြီးများစွာနဲ့စိတ်မကောင်းဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ စစ်သားဆိုတော့ စိတ်လည်းတိုသွားတာပေါ့။ဒါနဲ့ တပ်ရင်းမှူး ဒု တိယဗိုလ်မှူးကြီးစိန်ဝင်းဟာ အဲဒီအရာရှိနှစ်ယောက်ကို သူ့ရုံးခန်းခေါ် ပြီး ဆုံးမစကားပြောပါတယ်။
“အေး…ငါဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားပီသစွာပဲ အလုပ်လုပ်တယ်။ မင်းတို့ပြောတဲ့ အိမ်တွေ၊ ကားတွေ ငါ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့နေနေသာသာကွာ၊ အတွေးထဲမှာတောင်မရှိဘူး။ စစ်သားဆိုတာ ကုန်သည်ပွဲစားမဟုတ်ဘူးကွ။ ဘာဖြစ်ရင်ဘယ်လိုနေရမယ်ဆိုပြီး ဈေးတွက်တွက်လို့မရဘူး။ စစ်သားဟာ စစ်သားပီသအောင်နေ မှသာ သိက္ခာရှိတဲ့ စစ်သား ဖြစ်တော့မပေါ့။ မင်းတို့လည်း စစ်သားတွေဆိုရင် စစ်သား ဆန်ဆန်တွေး၊ စစ်သားဆန်ဆန်စဉ်းစား၊ မဟုတ်တမ်းတရားလုပ်ပြီး ချမ်းသာဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။” လို့ ပြောဆိုဆုံးမပါတယ်။ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ ဗိုလ်ချုပ်ဖြစ်တဲ့အထိ သူပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ် ။ နောက်ပိုင်း မနေနိုင်တဲ့ စီးပွားရေးပြေလည် နေတဲ့ တပည့်တပန်းဟောင်းတချို့က ပံ့ပိုးလို့ နိုင်ငံတော်က ပေး တဲ့မြေကွက်လေးမှာအိမ်လေးတစ်လုံးဆောက်ထားတယ်လို့ သိရပါတယ်။
အခု ဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တဲ့သူက တပည့်တွေနဲ့တွေ့တော့ သူ့အိမ်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေကလည်းနှောင်းဗိုလ်ချုပ်များ အတုယူသင့်တဲ့စကားတွေဖြစ်ပါတယ်။
“ကဲ ငါအိမ်ရှိပြီကွာ။ ဒ.ါ…ငါ့အိမ်ပဲဆိုပါတော့ အိမ်ဆောက်ပြီးတဲ့ကာလ ၃နှစ်အတွင်းမှာ ငါဒီအိမ်လေးမှာ ၂ရက်ပဲ အိပ်ဖူးသေးတယ်။ ၃ရက်မြောက်မအိပ်ခင် ငါ သေရင် လည်းသေသွားနိုင်တာပဲကွ။ ဒါဆိုရင် ပိုင်ဆိုင်မှုဆိုတာ ဘဝမှာ အရေးပါလို့လား။ လူဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်ချည်းသေသွားနိုင်တာပဲ။ ဒါ့ကြောင့် အလိုရမ္မက်မကြီးနဲ့။ ကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်း အလုပ်က စစ်သားအလုပ်ပဲ။ ဒီတော့ ကိုယ့် အသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲ သေသေ ချာချာ အားထည့်ပြီးစနစ်တကျလုပ်။ မဆိုင်တဲ့ စီးပွားရေးအလုပ်တွေ မတရားရှာဖွေရတဲ့အလုပ်တွေကို စိတ်မဝင်စားနဲ့။” လို့ သူက တပည့်တွေကိုပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်စစ်လာတဲ့အခါမှာလည်း ငါးဟင်းနဲ့သာထမင်း စားလေ့ရှိပြီး အစားအသောက်နဲ့ပတ်သက်လို့ ဇီဇာမကြောင်ဘူးဆိုတာလည်း လေကာ လောကအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ပြီးတော့တပ်မတော်မှာ ထူးခြားတယ်လို့ပြောရမယ့်ကိစ္စကတော့ တပ်စစ်ဆေးပြီး ပြန်ခါနီးကျရင် သူ့ကိုဧည့်ခံကျွေးမွေးတဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ တပ်ရင်းမှူးးကို အမြဲလိုလို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူ့ကြောင့် အောက်က တပ်ရင်းတွေကို ဝန်မပိစေချင်တဲ့သဘောပါ။ (လေးစားလိုက်တာ အဘရေ၊ ကျွန်တော်တို့ကြုံဖူးတဲ့ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ ကတော့ ပေးတာ ယူ၊ ကျွေးတာစား၊ တိုက်တာသောက်ပြီး အော်ဟစ်ငေါက်ငမ်းပြန်သွားကြတာချည်းပါပဲ။)
သူဟာ မနက် ၄နာရီခွဲ ပုံမှန်ထပြီး လမ်းလျှောက်လေ့ရှိပြီး လမ်းလျှောက်ရင်း ဘုရားစာဆို၊ ပရိတ်/ပဌာန်းရွတ်၊ မေတ္တာပို့ အမျှဝေ လေ့ရှိတယ်လို့လည်း သိရပါတယ်။
ညဘက်တွေမှာ သူ့ဆီကို ဂျင်းသုပ်သွားပို့တဲ့အချိန်တိုင်းမှာလည်း ဂျင်းသုပ်လာပို့တဲ့ အရာရှိငယ်လေးတွေကို ကြည်သာရွှင်ပျတဲ့ မျက်နှာထားနဲ့“အေး.. အေးကွာ ကျေးဇူးတင်ပါတယ်။” လို့ မပျက်မကွက် အလေးထားပြောလေ့ရှိ ပါတယ်။ အသေးအဖွဲလေးက အစ လက်အောက်ငယ်သားရဲ့ activity လုပ်ရပ်အပေါ် အသိအမှတ်ပြုကြောင်းပြသတာပါ။ ဒါဟာ လူကြီးလူကောင်းဆန်တဲ့ စာနာစိတ်ရှိတဲ့ သူတွေရဲ့ အပြုအမူပါ။
“အဘ ဦးစိန်ဝင်းက ကားကို ထုတ်ပေးတဲ့ ဓါတ်ဆီပိုတာ ပြန်အပ်တယ်။ သသနမှာတုန်း က ညနေတိုင်း အရာရှိတွေ Fatigue လုပ်ရင် သူ့အတွက်မြက်ပေါက်စရာ ဧရိယာ တစ် ကွက်ပေး ရတယ်.။(အဲဒီတုန်းက ဗိုလ်ချုပ်နော်) ကိုယ်တိုင်မြက်ပေါက်တယ်.။ သူ့အိမ်မှာ တပ်ထောက်က သစ်သားဆက်တီပဲရှိတယ်။ သားသမီးတွေကိုလည်း အင်မတန် ထိန်းသိမ်းတာတော်တယ်။ သူ့သားသမီးတွေက အဝတ်အစား အလန်းကြီးတွေ မဝတ်ဘူး။ သပ်သပ်ရပ်ရပ်နဲ့ ယဉ်ယဉ်ကျေးကျေး မွန်မွန်ရည်ရည်နဲ့ စာကြိုးစားတယ်။ လေကြောင်းရန်အရာရှိချုပ်ဖြစ်လာတော့ တပ်စစ်သွားရင် ခြေလှမ်းကျဲကြီးတွေနဲ့နောက်က PSO ကပြေးလိုက်ရတယ်။ ခုချိန်ထိ ဗိုက်မထွက်၊ အရပ်ကလည်း အမြင့်ကြီးပါ။ တကယ်ရှာမှရှားတဲ့ လူမှန်ကြီးပါ။” လို့ လေကြောင်းရန် ကာကွယ်ရေး တပ်က အရာရှိ တစဦးက ပြောပါတယ်။
အရာရှိတွေ Fatigue လုပ်ရတယ်ကြားလို့ ကျွန်တော်တော့ တော်တော်လေး အံ့သြသွားပါတယ်။ နိုင်ငံတကာမှာတော့အထူးသဖြင့်ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အရာရှိရော အခြားအဆင့်ပါ Fatigue လုပ်ရတာမရှိပါဘူး။ အဲဒီအလုပ်တွေလုပ်ဖို့ အရပ်သား ဝန်ထမ်းတွေခန့်ထားပါတယ်။
ကျွန်တော်တို့တပ်မတော်မှာကတော့ ကျွန်တော်တို့အဖေလက်ထက် ရိုင်ဖယ်ခေတ်မှာ အရာရှိတွေ Fatigue လုပ်/ မလုပ်မသိရ ပေမဲ့ ကျွန်တော်တို့ G3 ခေတ်မှာတော့ ဘယ် အရာရှိမှ Fatigue လုပ်တာမတွေ့ဖူးပါဘူး။ ဒါတွေအားလုံး အခြားအဆင့် စစ်သည် တွေ ရဲ့တာဝန်ချည်းပါပဲ။
ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးစိန်ဝင်းလိုလူမျိုးတွေ များများပေါ်လာတယ်ဆိုရင် တပ်မတော်အတွက်စံပြအဖြစ် အလွန်အားထားရမယ့် အရာရှိကြီးတွေ မွေးဖွားလာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ကျွန်တော့်ပို့စ်အဟောင်းလေးကို တခြားသူပြန်ရှဲထားတာတွေ့လို့ အမှတ်တရ ပြန်တင်လိုက်တာပါ။

ရဲကျော်သူရ
မှတ်ချက် - ဒီစာရေးတုန်းက ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ အခု ဗိုလ်ချုပ်ကြီး
အဆင့်နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်နေပါကြောင်း ..။
Ye Kyaw Thura added 3 new photos.
February 23, 2016

No comments:

Post a Comment