Wednesday, January 10, 2018

NLD အစိုးရ အဖွဲ့ ဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်မည့် သတင်း ထွက်ပေါ် (Irrawaddy Website)

တရက်အကြို လူအပြောင်းအလဲ သတင်းထွက်လာတာ မှန်၏။
.
အာဏာရပြီး ၂ နှစ်ကျော် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး တချို့၊ ပြည်နယ် နှင့် တိုင်း ဝန်ကြီးချုပ် တချို့နှင့် ဝန်ကြီး တချို့ ပြောင်းလဲမှု ရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေသည်။
NLD အစိုးရ အဖွဲ့ဝင်များ မကြာခင် အပြောင်းအလဲ ဖြစ်မည်ဟု ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း ကလည်း ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း အသေးစိတ်ကို ပြောဆိုခွင့် မရှိကြောင်းလည်း ၎င်းက ဆိုသည်။
နေပြည်တော်တွင် ရှိနေသည့် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးကမူ ယခု အပြောင်းအလဲများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူရဦးရွှေမန်းနှင့် တိုင်ပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိ အပြောင်းအလဲတွင် သေချာနေသူတဦးမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီဖြစ်ပြီး ဝန်ကြီးချုပ်သည် ရိုးသားသူ တဦး ဖြစ်သော်လည်း ထက်မြက်သူ တဦး မဟုတ်ခြင်းကြောင့် ၎င်း၏ နေရာတွင် ထက်မြက်သည့် အမျိုးသမီးတဦးနှင့် အစားထိုးရန် ရှိကြောင်း NLD အစိုးရ နှင့် နီးစပ်သူ တဦးကလည်း ပြောသည်။
ကချင်၊ ကယား၊ ရှမ်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနသာၤရီတိုင်း ဝန်ကြီးချုပ် များသည်လည်း အနားပေး ခံရနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ကျန်တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ဆက်လက် တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။
ရန်ကုန်တိုင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးဝင်းဦးက“ဘောလုံးကစားကွက်နဲ့ ပြောရရင်တော့ အခုက ဒုတိယပိုင်း ပြန်စနေပြီ။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်တဲ့အပြင် တဖက်ကို ပေးဂိုးတွေ ပေးလိုက်ရတယ်။ တဖက်က ထိုးနှက်ချက်တွေ ပြဿနာတွေက ကိုယ့်ဘက်ကို အများကြီး။ အနိုင်ဂိုး မသွင်းနိုင်တော့ ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကလည်း စိတ်ပျက်နေ ပြီ။ ဒီအချိန်မှာ လူလဲမှ ရတော့မယ်”ဟု ပြောသည်။
လူလဲ၍ ကစားကွက် ပြောင်းရာတွင် မှန်ကန်သည့် အပြောင်းအလဲဖြစ်စေရန် ခိုင်မာသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပြီး ထိုသို့ မဆောင်ရွက်နိုင်ပါက ၂၀၂၀ တွင် တပါတီတည်း အနိုင်မရတော့ဘဲ ပါတီစုံ နိုင်ငံကြီး ဖြစ်လာမည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စု အဆင့် ဝန်ကြီးများထဲတွင်လည်း ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်၊ စက်မှုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်နှင့် ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့သည် ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက် ပြီး ဝေဖန်မှု များစွာ ရင်ဆိုင်နေရပြီး အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း NLD အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရ သည်။
NLD ပါတီမှ မဟုတ်သည့် ဝန်ကြီး သူရ ဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာ ဝင်းမြတ်အေး တို့မှာ နာမည်ကောင်းများ ရရှိနေကြောင်းလည်း သိရသည်။
မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက လက်ရှိ အစိုးရ၏ ၂ နှစ် သက်တမ်းအတွင်း ပြည်သူများ မျှော်မှန်းသည့် အနိမ့်ဆုံး မျှော်မှန်းချက်များကို ဖော်ဆောင်ရာတွင် အားရကျေနပ်စရာ မရှိသလို ၂၀၁၅ ရွေးကောက်ပွဲ အလွန် တွင် NLD အစိုးရသည် စာမေးပွဲ မအောင်ခဲ့ကြောင်း၊ အောင်မှတ်မရသဖြင့် လက်ရှိအချိန်တွင် အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးမှုများ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသည်။
“မူဝါဒ အပိုင်းရော လူပုဂ္ဂိုလ် အပိုင်းရော ပြောင်းသင့်၊ လဲသင့်တဲ့သူတွေ အားလုံးကို ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ မြင် တယ်။ လူပုဂ္ဂိုလ်ပဲ ပြောင်းရုံနဲ့ မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေ မပြောင်းရင်လည်း ဘာမှ ထူးလာမှ မဟုတ်ဘူး။ အစိုးရ အဖွဲ့ထဲမှာရော လွှတ်တော်ထဲမှာရော လွှမ်းမိုးနေတဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ကို ကြိုးနီစနစ်၊ ဗျူရိုကရေစီ ယန္တရားတွေကို ဖြေလျှော့ ပြီးတော့ ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီ”ဟုလည်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။
ထို့အပြင် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေသည့် နိုင်ငံရေးရာထူး ရယူထားသူများကိုလည်း ပြန်လည် ဆန်းစစ်သင့်ပြီး လက်ရှိ အစိုးရက တာဝန်ပေးထားသူများ၏ ငြိမ်းချမ်းရေး ရရှိရေး စွမ်းဆောင်ရည်၊ စိတ်ဝင်စားမှုနှင့် အားကြိုး မာန်တက် ဆောင်ရွက်နိုင်သည့် အပိုင်းများတွင် အားနည်းချက်များစွာ ရှိနေကြောင်း၊ စီးပွားရေးပိုင်းတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာမည့် အလားအလာများကို တွန်းအားပေးနိုင်မည့် ဝန်ကြီး ဌာန များရှိ ဝန်ကြီးများကို ပြောင်းလဲသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ယခု အပြောင်းအလဲ သတင်းများကို ကြိုဆိုကြောင်း၊ ယခုတခေါက်တွင် လူပြောင်းရုံသာမက အောက်ခြေ ဗျူရိုကရေစီ ယန္တရားကိုပါ တွဲ၍ ပြောင်းလဲရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက လူလဲသော်လည်း အကျိုးမရှိဘဲ အရင် လူများ ခံလိုက်ရသလို ဆက်ခံနေရဦးမည်ဟု ယူဆကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။
“နိုင်ငံရေး ရာထူးဖြစ်တဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ လဲရုံနဲ့ မရဘူး။ ဒီတခါ လဲတဲ့သူက အောက်က ဗျူရိုကရေစီ ယန္တရား ကို မောင်းနှင်နိုင်တဲ့သူ ဖြစ်ဖို့ လိုတယ်။ သေချာကိုင်တွယ်နိုင်ပြီး လိမ္မာပါးနပ်တဲ့လူမျိုး ဖြစ်ဖို့လည်း လိုအပ်သလို ဒီလူတွေ ပြောင်းရင်းနဲ့ပဲ နှစ်ပေါင်းများစွာ အသားကျနေတဲ့ မလုပ်မရှုပ် မပြုတ်တွေကိုပါ လုပ်ရဲကိုင်ရဲတဲ့ အစိုးရ ယန္တရား ဖြစ်လာ အောင် ပြုပြင်ပြောင်းလဲမယ့် ဗျူဟာတရပ်ပါ လိုတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဦးသီဟသွေးက ဆက်လက်၍ “အဓိက စီးပွားရေး ဦးဆောင်သူတွေကို ပြောင်းသင့်နေပြီ။ စီးပွားရေး ကောင်းနေရင် ကျန် တာ တွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်။ စီးပွားရေးကောင်းလာရင် နိုင်ငံရေးလည်း ကောင်းလာတယ်။ စီးပွားရေး မကောင်းရင် စီးပွားရေးက နိုင်ငံရေးလောကမှာ ဥပမာပေးစရာ ဖြစ်ပြီးတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ခေါင်းထောင်လာ တယ်”ဟု ပြောဆိုသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀၊ ၃၁ ရက် နေ့က NLD ပါတီ ဗဟို ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အာဏာရယူခဲ့သည့် ၂ နှစ်တာ ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည် စတင်တော့မည့် လွှတ်တော် အစည်းအဝေးများသို့ အပြောင်း အလဲ များနှင့် ပတ်သက်ပြီး တင်ပြဖွယ် ရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
Did you find apk for android? You can find new Free Android Games and apps.

No comments:

Post a Comment