Tuesday, October 17, 2017

လက်သီးပုန်းသခင်ဗတင်၊ သမီး(ဒေါ်)စမ်းစမ်းတင် နဲ့ သားဦးမျိုးသန့်

လက်သီးပုန်းသခင်ဗတင်
၁၆.အောက်တိုဘာ.၂၀၁၆ စံတောချိန်သတင်းစားမှာ စာအုပ်အမည်နဲ့မျိုးချစ်စိတ်လျှို့ဆော်ပေးတဲ့ လက်သီးပုန်းသခင်ဗတင် အကြောင်းဖတ်ရပြီး၊ သမီးဖြစ်သူ SanSan Cynthia Tin's Facebook နဲ့အတူ ရန်ကုန်သမိုင်းသုတေသနဦးစီးဌာန၊ က ထုတ်ဝေတဲ့ ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ၊ ရန်ကုန်၂၀၀၁၊ စာ ၃၁၃ စာအုပ် ကို ညွှန်းထားတာ ဖတ်ရပါတယ်။ ကောင်းတဲ့ဖခင်အဗမွကို ဆက်ခံတဲ့ သမီးအတွက် ဂုဏ်ယူပါတယ်။
.
သခင်ဗတင် ဘာသာပြန်တဲ့၊ အိုင်ယာလန်သူပုန်များအကြောင်း ရေးထားတဲ့ လက်သီးပုန်း ဆိုတဲ့ စာအုပ်နဲ့ မြန်မာများကို မျိုးချစ်စိတ်ထက်သန်လာစေခဲ့ပါသည်။ အဲဒီ အချိန်ကာလက အင်္ဂလိပ်အင်ပါယာကြီးက ကမ္ဘာ တစ်ဝက်လောက် ကြီးစိုးထားတဲ့အချိန်မှာ မြန်မာနိုင်ငံလဲ အင်္ဂလိပ်လက်အောက် ရှိနေစဉ်ပါ။ လက်သီးပုန်း စာအုပ် ထွက်လာတော့ အင်္ဂလိပ်အစိုးရကို ကသိကအောက် ဖြစ်စေခဲ့ပါတယ်။ 
.
ငယ်စဉ်က သံတွဲမြို့ အေဘီအမ်ကျောင်း အစိုးရအထက်တန်းကျောင်း တို့မှာ ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး တို့ဗမာအစည်းအရုံး ၀င်ရောက်ခဲ့ပါတယ်။ သခင်ဗတင် အမည်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး စတင်ပေါ်ပေါက်လာချိန်မှာယ အထွေထွေအတွင်းရေးမှုး ဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲများနဲ့ ၁၃၀၀ပြည့် အရေးတော်ပုံ၊ ရေနံမြေသပိတ်မှာ ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗိုလ်အဆင့်ဖြင့် ၀င်ရောက်ခဲ့ပါတယ်။ 
.
ဗမာ့မျိုးချစ်တပ်မတော် အမှတ်(၄) တိုင်း ဒုတိယတိုင်းမှုး အဖြစ် တာဝန်ထမ်းဆောင်ပြီး ဗီုလ်ဗတင် အဖြစ် ထင်ရှားခဲ့ပါတယ်။ နှစ်အတန်ကြာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီး တပ်မတော်မှနှုတ်ထွက်စာတင်ချိန် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခွင့်ပြုခဲ့ပါတယ်။ 
.
ဂျပန်ခေတ် ကင်ပေတိုင်အကျဉ်းစခန်း ကိုယ်တွေ့အတွေ့အကြုံများကို ရှုမ၀ မဂ္ဂဇင်းမှာ ဆောင်းပါးများရေးသားခဲ့ပြီး "ဘ၀အသက်တာ" စာအုပ်ထုတ်ဝေခဲ့ပါတယ်။ 
.
ထို့နောက် ကုန်သည်ဘ၀ဖြင့် ဘ၀ကျင်လည်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက သခင်ဗတင်ကို လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်) ဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။ 
.
စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးထိမ်းသိမ်းခံရပြီး ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။ ၁၉၆၅ခုနှစ် အောက်တိုဘာ ၁၆ရက်နေ့ အသက်၅၀ အရွယ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ 
.
.
၂၀၁၆ ဖေဖော်ဝါရီလ ၁၄ရက်မှာ သခင်ဗတင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် သား၊ သမီး၊ မြေးဖြစ်တို့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ သမီးဖြစ်သူ စင်သီယာတင် (စာရေးဆရာမ စမ်းစမ်းတင်) ရဲ့ ဖေ့ဘုတ် Sansan Cynthia Tin ဖြစ်ပါတယ်။ 
.
စမ်းစမ်းတင် ရဲ့ ၁၉၉၀ ပြည့်နှစ် ထုတ်ဝေခဲ့တဲ့ "ဆရာဝန်မရှိသောနေရာ" စာအုပ်ဟာ Where There is No Doctor စာအုပ်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ ဆရာဝန်အသုံးအနှုန်းများကို ဆရာဝန်စာရေးဆရာမ ခင်ပန်းနှင်း (ဒေါက်တာခင်မြင့်ဦး ၁၉၄၉-၂၀၁၇) က ကူညီတည်းဖြတ်ပေးခဲ့ပါတယ်။ ကလောင်နာမည် ဖော်ပြခွင့်မရပေမဲ့ အကြိမ်များစွာ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါတယ်။ စမ်းစမ်းတင် ဟာ ယူနီဆက် UNICEF နဲ့ အခြား NGO အဖွဲ့များအတွက် ဘာသာပြန်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိပါတယ်။ 
.
စိုပြေသာယာမြေကမ္ဘာ၊ သစ္စာထား နဲ့ အခြားဝတ္ထုတိုများ၊ လူမိုက်တွေရဲ့ကမ္ဘာ (ကဗျာပေါင်းချုပ်) No Time For Dreams စတဲ့ စာအုပ်များ ရေးသားခဲ့ပြီး ယခု၊ အမေရိကန် ၀ါရှင်တန်မြို့မှာ နေထိုင်ပြီး မိုးမခ မီဒီယာမှာ ဆောင်ပါးများ ရေးသားလျှက်ရှိပါတယ်။ 
မိုးမခ ဆောင်းပါးအချို့ (လင့်ခ်)
http://moemaka.com/?s=%E1%80%85%E1%80%99%E1%80%B9%E1%80%B8%E1%80%85%E1%80%99%E1%80%B9%E1%80%B8%E1%80%90%E1%80%84%E1%80%B9
.
.
သခင်ဗတင် ရဲ့ သားဖြစ်သူ ဦးမျိုးသန့် ကလည်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဘက်ပါမောက္ခအဖြစ် ၂၀၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဆရာဦးမျိုးသန့် ရဲ့ ကလောင်အမည်က မောင်ဖုန်းပြည့်(တက္ကသိုလ်) ဖြစ်ပြီး၊ စာပေများစွာ ရေးသားနေသူဖြစ်ပါတယ်။ အင်းဝအဆောင်မှုး၊ တက္ကသိုလ်များခြေလျှင်နှင်တောင်တက်အဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းစာပေဦးစီးဌာနမှကျွမ်းကျင်သူ၊ စာတတ်မြောက်ရေးနဲ့ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ စတဲ့ လုပ်ငန်းတာဝန်များစွာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ 
.
မိမိ ဖခင်၊ မိခင်၊ အဖိုး၊အဖွား တို့ရဲ့ ကောင်းတဲ့အမွေအနှစ်များကို ဆက်လက်ထိမ်းသိမ်းခြင်းဟာ ကောင်းမြတ်တဲ့ စိတ်ထားဖြစ်ပါတယ်။ 
.
ကိုးကား ၊ စံတော်ချိန်သတင်းစာ၊ ကျော်ခိုင်ခန့်၏ဆောင်းပါး။ 
TSP (Myanmar Good Attitude)


1 comment:

  1. ဦးမျိုးသန့်နဲ့ အထက်အောက် အစ်မနှင့်မောင်ဖြစ်ပါသည်။

    ReplyDelete