မျှော်လင့်နေသော ပညာရေးနဲ့ ဝေဖန်သံတွေကြားက ပေါ်ထွက်လာသော မဟာဗျူဟာစီမံကိန်း
|| ခင်စန္ဒာမြင့် ||
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စတင်အကောင်အထည် ဖော်ပြီဆိုတဲ့ အကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားကတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရားဝင် ကြေညာခဲ့ပါတယ်။
ဒီစီမံကိန်းဟာ ဘက်စုံလွှမ်းခြုံနိုင်တဲ့ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (CESR) ရဲ့ အဆင့် ၁ နဲ့ ၂ အစီရင်ခံစာများ၊ ပညာရေး လုပ်ငန်းအဖွဲ့ရဲ့ အစီရင်ခံစာများ၊ အမျိုးသား ပညာရေးဥပဒေ (၂၀၁၄) နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေ (၂၀၁၅)၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများနဲ့ အစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများစတဲ့ သတင်းအချက်အလက် အရင်းအမြစ် ၅ ခုကို အခြေခံ၍ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့လည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံဟာ Global Partnership For Education (GPE) အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီး၊ GPE ကလည်း မြန်မာနိုင်ငံကို ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇၃.၇ သန်း ထောက်ပံ့မှု ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ ကူညီပေးမှုတွေ ရနိုင်ဖို့အတွက် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကတော့ လူ့အခွင့်အရေး စံနှုန်းတွေပါဝင်တဲ့ အမျိုးသား ပညာရေးဥပဒေ ရေးဆွဲရေး၊ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်များပါဝင်တဲ့ နိုင်ငံတော်အဆင့် ကော်မတီများ ဖွဲ့စည်းရေး စတာတို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုစံသတ်မှတ်မှုတွေက တဆင့် ရေးဆွဲထားတဲ့ NESP စီမံကိန်းကို စတင်အကောင်အထည် ဖော်ပြီလို့ ကြေညာပြီးတဲ့ နောက်မှာတော့ ပညာရပ်ဝန်း အသိုင်းအ၀ိုင်းတွေကြားမှာ ကျယ်လောင်တဲ့ ဝေဖန်သံတွေ ပေါ်ထွက်လာပါတယ်။
NESP စီမံကိန်းအတွက် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်နိုင်မှု ဒီဝေဖန်သံတွေထဲက တခုကတော့ NESP စီမံကိန်းကို ရေးဆွဲတဲ့အခါမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ နောက်ဆုံးမှ သိခွင့်ရခဲ့ကြတယ် ဆိုတာပါပဲ။
တကယ်တော့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(မူကြမ်း)ဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ကတည်းက ထွက်လာခဲ့တာပါ။ ဒါပေမဲ့ ပညာရေးဆက်စပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လက်ထဲကိုတော့ ရောက်ရှိဖို့ နှောင့်နှေးနေခဲ့တဲ့အတွက် အခုလိုဝေဖန်သံတွေ ပေါ်ထွက် လာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ NESP စီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးမူ ကဏ္ဍမှာကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၅ ခုနှစ်အတွင်း CESR အဖွဲ့ဝင်တွေဟာ ပညာရေးမှာ ပူးပေါင်းဆောင်ရွက်သူ ၃,၁၉၉ ဦးနဲ့ ညှိနှိုင်းဆွေးနွေးပွဲ ၁၀၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာလည်း CESR အဖွဲ့ဝင်တွေဟာ တနိုင်ငံလုံးရှိ ခရိုင်ပေါင်း ၄၃ ခုမှာ ပညာရေး ပူးပေါင်း ဆောင်ရွက်သူ ၁၃,၀၀၀ ဦးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သပြေပညာရေး ဖောင်ဒေးရှင်းက အမှုဆောင် ဒါရိုက်တာ ဆရာစောမျိုးမင်းသူ ကတော့ NESP စီမံကိန်း ပေါ်ပေါက်လာဖို့ အတွက် အခြေခံဖြစ်တဲ့ CESR ရဲ့ လုပ်ငန်းဆောင်ရွက်မှု အပိုင်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ အတိုင်းအတာတခုအထိ ပါဝင်ခွင့်ရခဲ့ကြပေမယ့်၊ တကယ်တမ်း NESP စီမံကိန်းရေးဆွဲမှု အပိုင်းမှာတော့ နိုင်ငံခြားက ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တဲ့အတွက် ဒီစီမံကိန်းဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အတွက်တော့ ရင်းနှီးကျွမ်းဝင်မှု မရှိသလို ဖြစ်နေတယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ကို နေပြည်တော်မှာ တရားဝင် ထုတ်တော့မယ် ဆိုတော့မှ၊ တပတ်ကျော် နှစ်ပတ်လောက် အလိုကျမှ ပညာရေးဝန်ကြီးဌာနက UNICEF ကနေတဆင့် ခေါ်တွေ့တယ်ဆိုတော့ ဒီမဟာဗျူဟာ စီမံကိန်းရဲ့ ဖြစ်စဉ် တလျှောက်မှာ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှုရှိခဲ့တယ်လို့ မယူဆမိဘူး” လို့ သပြေပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူက ပြောပါတယ်။
ဒါပေမဲ့ ပညာရေး သုတေသနဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောရာမှာတော့ ဒီအမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းဟာ ပြည်တွင်း၊ ပြည်ပ အကြံပေးပညာရှင်တွေက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အကောင်အထည် ပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် NESP ရဲ့ အခြေခံမူတွေထဲက လက်လှမ်းမီရေးမူမှာတော့ ‘ပညာရေး ၀န်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းကို ပြည်သူလူထုတရပ်လုံးက လက်လှမ်းမီနိုင်ရန် အထူးအလေးပေး ဆောင်ရွက်ခဲ့ ပါသည်’ လို့လည်း ဖော်ပြထားပါတယ်။
မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့်ရှိရေး လှုပ်ရှားမှုကော်မတီက တွဲဖက်အတွင်းရေးမှူး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) အဖွဲ့ဝင် ကိုရဲဝင်းကတော့ “ပြည်သူတွေကို ချပြဖို့မပြောနဲ့ ပညာရေးကို ထဲထဲဝင်ဝင် လုပ်နေပါတယ်ဆိုတဲ့ ပညာရေး အဖွဲ့တွေကိုတောင် ဒီစီမံကိန်းကိုချပြဖို့ နှောင့်နှေးကြန့်ကြာ နေတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။
ဒါ့အပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောာင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးမှာလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိနေတဲ့အပြင်၊ ကိုယ်စားလှယ် ရွေးချယ်မှုအတွက် တွေ့ဆုံဆွေးနွေးပွဲ တွေကိုလည်း ရက်ရွှေ့ဆိုင်းတာမျိုးတွေ ရှိနေခဲ့ပါတယ်။
ထိုသို့ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ “မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းလား၊ ပညာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့သူ တကယ်ဟုတ်ရဲ့လား၊ တကယ်ကော အကျိုးပြုရဲ့လား ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်စားလှယ် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်တွေကို ရေးဆွဲရမယ်။ ဒီစံတွေနဲ့ညီမှသာ ကိုယ်စားလှယ်ဖြစ်လာမယ်” လို့ ပြောပါတယ်။
ဒီပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဟာ အစိုးရဘက်က ၃ နေရာ၊ ဖွံ့ဖြိုးရေး မိတ်ဖက်တွေက ၂ နေရာ၊ INGO တွေဘက်က ၂ နေရာနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က ၂ နေရာဆိုပြီး ၉ ဦး ကော်မတီ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေက ပညာရေးအတွက် အကောင်အထည် ဖော်ရမယ့် အချက်တွေ အပါအ၀င်၊ GPE က မြန်မာ့ပညာရေးအတွက် ထည့်ဝင်ငွေတွေနဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်မှုတွေကို ပြုလုပ်မှာ ဖြစ်သလို၊ စီမံကိန်းရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သုံးသပ်မယ့် အဖွဲ့လည်း ဖြစ်ပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့များသာ ဖြစ်ရမယ်ဆိုပြီး အစိုးရဘက်က ကန့်သတ်ထားသော်လည်း မြန်မာ့ပညာရေး ကဏ္ဍအတွက် ဒေါ်လာ ၇၃.၇ သန်း ထည့်ဝင်ပေးမယ့် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်မှာတော့ ပညာရေးအတွက် အမှန်တကယ် ပြုလုပ်နေသော အဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးရမယ် လို့သာ ပါရှိပါတယ်။
ဒီလိုအရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပါဝင်ခွင့်ရမှုအပေါ် သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး သပြေပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူက ပြောရာမှာတော့ “အရင်အစိုးရ လက်ထက်ကထက် အခုအစိုးရသစ် လက်ထက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုဟာ ပိုပြီးလျော့နည်းလာတယ်” လို့ ဆိုပါတယ်။
*** စီမံကိန်းပါ ကဏ္ဍများနှင့် အကောင်အထည်ဖော်မှု
ဒီ NESP စီမံကိန်းနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေထဲက နောက်တချက်ကတော့ စီမံကိန်းပါ ကဏ္ဍတွေနဲ့ အကောင်အထည် ဖော်နိုင်မှုတို့ပဲ ဖြစ်ပါတယ်။
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပညာရေးကဏ္ဍမှာ မဟာဗျူဟာမြောက် အပြောင်းအလဲ ၉ ခုဖြစ်တဲ့ မူကြိုနှင့် သူငယ်တန်း ပညာရေး၊ ၂၁ ရာစု အခြေခံပညာ ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံပညာရေး- အခွင့်အလမ်း၊ အရည်အသွေးနဲ့ လူတိုင်းအကျုံးဝင်မှု၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ ပညာရည် စစ်ဆေး အကဲဖြတ်ခြင်းနဲ့ စာမေးပွဲများ ကျင်းပခြင်း၊ ဆရာအတတ် ပညာရေးနဲ့ စီမံခန့်ခွဲမှု၊ ကျောင်းပြင်ပနဲ့ တသက်တာ ပညာရေး၊ နည်းပညာနဲ့ သက်မွေး ပညာရေးနဲ့ လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာရေး စတဲ့ အပြောင်းအလဲ ကဏ္ဍတွေနဲ့ အဆင့်ဆင့် ပြုလုပ်သွားမယ်လို့ NESP စီမံကိန်းမှာ ဖော်ပြထားပါတယ်။
ဒီကဏ္ဍကြီး ၉ ခုမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ကဏ္ဍ ၇ ခုမှာသာ ပါဝင် ဆွေးနွေးခွင့်ပေးပြီး၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့ မူကြိုနှင့် သူငယ်တန်း ပညာရေးဆိုတဲ့ ကဏ္ဍနှစ်ခုကိုတော့ အစိုးရက တိုက်ရိုက်ကိုင်တွယ် စီမံမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားသော ‘အခြေခံပညာ သင်ရိုး ညွှန်းတမ်းကို ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့်သာ ပြုပြင်ပြောင်း လဲနိုင်သည်’ ဆိုသော အချက်ဖြင့် NESP ၏ သင်ရိုးညွှန်းတမ်း ကဏ္ဍကို အစိုးရက တိုက်ရိုက်ထိန်းချုပ်မှုဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အခြေခံ အုတ်မြစ်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုနှင့်၊ ဖက်ဒရယ်ပညာရေး အတွက် မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။
“အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းဟာ ကျွန်တော်တို့ ထူထောင်ချင်တဲ့ ဖက်ဒရယ်ပညာရေးနဲ့ တက်တက်စင်အောင် လွဲနေပါတယ်” လို့ သပြေ ပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာစောမျိုးမင်းသူက ပြောပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ သင်ရိုးညွှန်းတမ်းကို နေပြည်တော်မှာရှိတဲ့ လူတစုနဲ့ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဟာ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ သဘောရယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်ဆိုတဲ့ သဘောတွေရယ်နဲ့ တက်တက်စင်အောင် လွဲနေပါတယ်လို့ ဆရာ ဦးစောမျိုးမြင့်သူက ဆက်လက် ထောက်ပြခဲ့ပါတယ်။
သို့သော် NESP တွင် ဖော်ပြထားသော အခြေခံသင်ရိုးညွှန်းတမ်း ကဏ္ဍ အတွက် ပြုလုပ်မယ့် မဟာဗျူဟာ ၃ ရပ်အနက် မဟာဗျူဟာ ၁ နဲ့ ၂ တို့ရဲ့ လုပ်ငန်းစဉ် - ၃ မှာတော့ နိုင်ငံသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်တတ်ရန် တိုင်းရင်းသား ဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဆိုတဲ့ ကဏ္ဍတွေကို ထည့်သွင်းဖော်ပြ ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မူကြိုနဲ့ သူငယ်တန်း ပညာရေးကဏ္ဍကို အကောင် အထည်ဖော်မယ့် ကဏ္ဍ ၄ ရပ်ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ ‘မူကြိုဝန်ဆောင်မှု ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိအားကောင်းအောင် ဆောင်ရွက်ခြင်း’ ဆိုတဲ့ ကဏ္ဍရဲ့ လုပ်ငန်းအစီအစဉ်-၁ မှာတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကဏ္ဍတို့က ပညာရေးတွင် ပူးပေါင်း ဆောင်ရွက်သူများနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ တကယ် လက်တွေ့ အကောင်အထည်ဖော်မှုမှာတော့ အဆိုပါ မူကြိုနှင့် သူငယ်တန်း ပညာရေးကဏ္ဍ အတွက် အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ခွင့်မရှိဘူးလို့ ကိုရဲဝင်းကပြောပါတယ်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) ဟာ (၂၀၁၆-၂၀၂၁) ငါးနှစ်တာ ကာလစီမံကိန်းဆိုပြီး ဖော်ပြ ထားသော်လည်း စီမံကိန်းကို စတင်အကောင်အထည် ဖော်ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာလိုက် သည့် ကာလကပင် မူလစီမံကိန်းတွင် လျာထားထားသည့် ကာလထက် ၁ နှစ်နီးပါး နောက်ကျနေခြင်းကလည်း ဒီစီမံကိန်းအပေါ် ထောက်ပြဝေဖန်စရာ ဖြစ်နေပြန်ပါတယ်။
“ဒီစီမံကိန်းဟာ အကောင်အထည် ဖော်မှုအပိုင်းမှာ အားနည်းတယ်ဆိုတာကို တွေ့ရတယ်။ အခုကတည်းက အချိန်အရ အားနည်းနေတာကို တွေ့နေရ တယ်။ ဒီစီမံကိန်းပါ အကြောင်းအရာတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ် ဆိုရင်တောင် ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု ဆရာဦးမျိုးမင်းသူက ပြောပါတယ်။
*** စီမံကိန်းနှင့် ဘဏ္ဍာငွေ
NESP စီမံကိန်းကို အကောင်အထည်ဖော်မှု အပိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပညာရေးအသုံးစရိတ် ဘဏ္ဍာငွေ အပိုင်းကိုလည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဦးစားပေး အစီအစဉ်များအရ ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးဝန်ကြီးဌာနဟာ စတုတ္ထနေရာမှာ ရှိနေပြီး၊ ငွေကျပ် ၁,၇၆၄ ဘီလီယံဖြစ်ကာ စုစုပေါင်း အသုံးစရိတ်များ၏ ၈.၄၄ ရာခိုင်နှုန်းသာ ရရှိနေပါတယ်။
မဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတာကတော့ NESP စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်းစဉ်များနဲ့ မျှော်မှန်းရလဒ်များ၏ ၈၀ရာခိုင်နှုန်းကို အကောင်အထည် ဖော်မည်ဆိုပါက ၂၀၁၆-၂၀၂၁ ငါးနှစ်တာ ကာလအတွင်း ပညာရေးအတွက် နှစ်စဉ် အသုံးစရိတ်သည် ၂ ဆထက်မက မြင့်တက်လာမှာဖြစ်ပြီး ကျပ်သန်းပေါင်း ၁၄,၄၇၄,၆၆၃ သန်း ကုန်ကျမယ်လို့ ဖော်ပြထားတဲ့အတွက်၊ တနှစ်ချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျပ်သန်းပေါင်း ၂,၈၉၄,၉၃၂ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရဟာ ဒီစီမံကိန်းအတွက် နိုင်ငံတော်က ထည့်ဝင်မှုရှိသော်လည်း နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှု တွေပေါ် မူတည်ပြီး ရေးဆွဲထားသလို ဖြစ်နေပါတယ်။ နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှုဟာ နှစ်ကာလ အပိုင်းအခြားနဲ့ ရှိတဲ့အတွက် စီမံကိန်းတခုလုံး စဉ်ဆက်မပြတ် တိုးတက် အကောင်အထည် ဖော်နိုင်ရေး အတွက် ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က ဝေဖန်အကြံပြု ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
“မြန်မာနိုင်ငံရဲ့ ပညာရေးက ဘတ်ဂျက်တွေ အများကြီးသုံးပြီး ပြောင်းလဲမှ အဆင်ပြေမှာ။ နိုင်ငံခြားက အလှူရှင်တွေဆီက ပိုက်ဆံရမှာကိုလည်း ၀မ်းသာပါတယ်။ ဒါပေမဲ့ အစိုးရက အခွန်တွေပေါ် မူတည်ပြီး စီမံကိန်းကို ရေးဆွဲရင်တော့ ပိုကောင်းတာပေါ့” ဟု ကိုရဲဝင်းက ဆိုပါတယ်။
NESP စီမံကိန်းကြီးဟာ မသန်စွမ်း ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍအချို့၊ အဆင့်မြင့်ပညာ၊ အသက်မွေး ၀မ်းကျောင်းပညာနဲ့ ဆရာခန့်ထားမှု စတဲ့အပိုင်းတွေမှာလည်း အားနည်းချက်အချို့ ရှိနေပါတယ်လို့ အရပ်ဘက် အဖွဲ့အစည်း အများစုက ထောက်ပြဝေဖန် နေကြပေမယ့်လည်း သူတို့အားလုံးဆီက တူညီတဲ့ အသံကတော့ … …
“ဒီစီမံကိန်းက ပညာရေးပြောင်းလဲမှု ကဏ္ဍအတွက် အထောက်အကူ ပြုမယ် လို့ မျှော်လင့်ပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။
(မတ် ၁၀၊ ၂၀၁၇)
ခင်စန္ဒာမြင့်
The Ladies News
ခင်စန္ဒာမြင့်
The Ladies News
comment...
အမ်အီးစီအဖွဲ့က NESP ကိုမြန်မာပြည်က CSO အဖွဲ့တင်ပြချက်များအရ ဖိုင်နယ်မူကြမ်းကို ၂၀၁၅ ဒီဇင်ဘာမှာ ပြီးစီးတယ်လို့ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရပေမဲ့ ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်ကတော့ အစိုးရဟောင်းများရဲ့ လက်ထဲမှာပဲ ရှိပုံရပါတယ်။ ဝက်ဆိုဒ်မှာဝင်ကြည့်တော့ ...မြန်မာ့ပညာရေးမြှင့်တင်မှုလက်တွဲဆောင်ရွက်ရေးအဖွဲ့ MEC Team ရဲ့ အဖွဲ့ဝင်ဓါတ်ပုံများ၊ Donors အလှုရှင်များ၊ Partners ပါတနာများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါတယ်။ အဖွဲ့ရဲ့ ထိပ်ဆုံး ၃ဦးကတော့ နိုင်ငံခြားသားများဖြစ်နေပြီး CSO ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဘယ်မှာရှာကြည့်ရမလဲ မသိပါ။ MEC publication website မှာလဲ NESP final draft ကိုဒေါင်းလုပ်ဖို့ မတွေ့ပါ။ ဧရာမအဖွဲ့အစည်းကြီးဖြစ်တဲ့အတွက် မြန်မာပညာရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ပညာရေးဝန်ထမ်းများအားလုံး မင်ဘာဝင်ပြီး ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ၂၂၆ ဦးဝိစာရလမ်း ရန်ကုန်၊ 01375739 ext 516, 01375479 ext 516 01375791 ext 516, email info@myanmareducationconsortium.org
No comments:
Post a Comment