Sunday, March 19, 2017

ဦးကိုနီ နှင့် မြန်မာစာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး) .


ပဉ္စမမြန်မာနိုင်ငံတော် (စာပေဟောပြောပွဲ၊ စင်ကာပူ ၂၀၁၅)
ဒိအကြောင်း ဗွီဒီယိုကို နားဆင်သူအမြောက်အများ။ ပြန်ရေးကြသူအမြောက်အများပါ။ ကျွန်တော်လည်း ကိုယ့်ရှုဒေါင့်အမြင်နဲ့ ရေးပါမယ်။
* ပထမမြန်မာနိုင်ငံတော်
ဘုရင်ခေတ်၊ သီပေါမင်းပါတော်မူခြင်းနဲ့အဆုံးသပ်ပါတယ်။
* ဒုတိယမြန်မာနိုင်ငံတော်
အင်္ဂလိပ်ကိုလိုနီခေတ်၊ ၁၉၄၈ ဗီုလ်ချုပ်အောင်ဆန်းတို့လွတ်လပ်ရေးနဲ့အဆုံးသပ်ပါတယ်။
* တတိယမြန်မာနိုင်ငံတော်
ဒီမိုကရေစီခေတ်ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံခေတ် ဖြစ်ပေပါတယ်။ 
 ခေါင်းဆောင်များမညီညွတ်မှုကို အခွင့်ကောင်းယူပြီး စစ်တပ်ခေါင်းဆောင်တစ်ဦးက အခွင့်ကောင်းယူ၊ အာဏာသိမ်းခြင်းနဲ့အဆုံးသတ်ခဲ့ပါတယ်။  ဒီအကြောင်းကိုပဲ ဦးကိုနီက အလေးပေးပြောဆိုမှာ ဖြစ်ပါတယ်။
* စတ္တုထမြန်မာနိုင်ငံတော်
စစ်အာဏာရှင်များ အုပ်ချုပ်တဲ့ခေတ်ဖြစ်ပါတယ်။ အားလုံးသိပြီးပါပြီ။ စစ်အာဏာရှင်ကြီးက စနစ်တကျအာဏာလွှဲပေးပြီး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီပါတီကို အာဏာလွှဲပေးသွားပါတယ်။
* ပဉ္စမ မြန်မာနိုင်ငံတော်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သမတဦးသိန်းစိန်အစိုးရ ၂၀၁၁ ကတည်းစတင်ခဲ့ပြီး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရ ခေတ်နောက်ပိုင်းကို ဦးကိုနီ မျော်လင့်စွာနဲ့ ဟောပြောသွားပါတယ်။
.
.
နိဒါန်း
မြန်မာ့ဒီမိုကရေစီဟာ ယခင်ကရှိပြီးသား၊ ၁၉၄၈ ခုနှစ်လွတ်လပ်ရေး ရစဉ်က အရှေ့တောင်အာရှမှာ အလွန်သာယာဝပြောခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါလဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး၊ ဥပဒေပညာရှင်တွေ၊ ခေါင်းဆောင်တွေနဲ့ ၁၉၄၇ခုနှစ်မှာ အခြေခံဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။ အုပ်ချုပ်စနစ်ကောင်းတော့ ၁၂နှစ်လုံးလုံး သာယာဝပြောခဲ့ပါတယ်။ ဒါပေမဲ့ တဖြေးဖြေး မြန်မာတွေရဲ့ ဒိမိုကရေစီစိတ်ဓါတ်များ  ကျဆင်းလာပြီး စစ်အာဏာရှင်တစ်ဦးက နိုင်ငံတော်အာဏာကို ဓါးပြတိုက်သလို ယူသွားခဲ့ပါတယ်။
.
အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒိပါတီ ပြုပြင်ပြောင်းလဲရေးဟာ အသစ်မဟုတ်ပါဘူး။ ကိုယ့်မှာရှိခဲ့တဲ့ ပစ္စည်းကို ဓါးပြတိုက်ယူသွားတဲ့ စစ်အာဏာရှင်များထံက ပြန်တောင်းနေခြင်းဖြစ်ပါတယ်။ ပစ္စည်းကလည်း မြင်နေပါပြီ။ (စကားချပ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြဌာန်းရေး ဖြစ်ပါတယ်)။
.
.
ပဉ္စမ မြန်မာနိုင်ငံတော်
လွှတ်လပ်ရေး ရပြီးခေတ် ပါလီမန်ဒီမိုကရေစီစနစ်မှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) က အဲဒီခေတ်ကာလမှာ အင်မတန်ကောင်းပါတယ်။ ဖက်ဒရယ်မူကို ဥိးတည်တဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာတွေ အရှေ့တောင်အာရှမှာ ထိတ်တန်းနိုင်ငံ၊ ငွေကြေးအချမ်းသာဆုံးနိုင်ငံ၊ ပညာရေးအကောင်းဆုံးနိုင်ငံ၊ လေဆိပ်၊ အိမ်ယာ၊ သင်္ဘော၊ ဘဏ်စနစ်၊ ရန်ကုန်မြို့တော် စတဲ့ စံပြနိုင်ငံကြီး ဖြစ်ခဲ့ပါတယ်။
.
(စကားချပ်။ စင်ကာပူဟောပြောပွဲ ၁နာရီ၁၅မိနစ်ကြာတဲ့ ဗွီဒီယိုကို ၂၀၁၇အထိ မြန်မာ၂သိန်း နားဆင်ခဲ့ပါပြီ။ ပုဂိုလ်စွဲဘေးချိတ်ထားပြီး အချိန်ပေးနားဆင်ကြည့်စေလိုပါတယ်။ နှိပ်ရန်လင့် .. https://www.youtube.com/watch?v=RTUrWLQJnvk )။
.
အဲဒီ မြန်မာ့ဒီမိုကရေစီ ထွန်းကားတဲ့ခေတ် (၁၉၄၈-၁၉၆၂) မှာ စင်ကာပူနိုင်ငံဆိုတာ မပေါ်သေးပါဘူး။ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ရှိနေချိန်ပါ။ ၁၉၆၀ ဖဆဖလ တည်မြဲ၊ သန့်ရှင်း ကွဲသွားတဲ့အချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာပြည်ကို လာလည်ရင်းနဲ့ မြန်မာလေယဉ်ကွင်းကြီးကို ကြည့်ပြီး၊ မြန်မာနိုင်ငံကိုမှီဖို့ နှစ်၂၀လောက် ကြိုးစားရမယ် ပြောသွားခဲ့ပါတယ်။ ကမ္ဘာ့ နိုင်ငံများကို ခေါင်းဆောင်မဲ့ ကုလသမဂ္ဂအကြီးအကဲအဖြစ် မြန်မာနိုင်ငံသား ဦးသန့် ကိုရွေးချယ်ခဲ့ပါတယ်။ ဦးသန့် တော်လို့ဆိုတာထက်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကောင်းလွန်းလွန်းလို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။
.
အခုဆိုရင် နိုင်ငံခြားက ပညာရှင်တွေဆို မြန်မာနိုင်ငံကို ပြီး ဒီမိုကရေစီအကြောင်း ပို့ချ၊ အကြံပေးကြပါတယ်။ နားထောင်ရတာ ကြာတော့ ကျွန်တော်တို့က ပြန်ပြောလာရတယ်။ ဒီမိုကရေးစီဆိုတာ ဘာလဲ လို့မသင်ကြားပါနဲ့၊ ဒီမိုကရေစီဆိုတာ ကျွန်တော်တို့ အရှေ့တောင်အာ ရှမှာ ပထမဆုံးကျင့်သုံး၊ ခံစားခဲ့ဖူးလို့ ကောင်းကောင်းသိပါတယ်။ ကျွန်တော်ကို့ကို သင်ကြားပေးရမှာက အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခ့ဥပဒေ၊ လုသွားခံရတဲ့ပစ္စည်းကို ဘယ်ပြန်ယူရမဲ့ နည်းလမ်း၊ ပဲ သင်ကြားပေးပါ၊ အကြံပေးပါ လို့ပြောရပါတယ်။
.
စစ်အာဏာရှင်တွေ ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခ့ဥပဒေ ဘယ်လမ်းကိုသွားနေသလဲ။ နိုင်ငံတော်အာဏာ ကို ဘယ်သူတွေလက်ထဲမှာ ရှိနေသလဲ။ ဥပဒေပြု၊ လွှတ်တော်၂၅% စစ်တပ်အမတ်များ။ အုပ်ချုပ်ရေး၊ ကာလုံအဖွဲ့၁၁ဦးမှာ စစ်တပ်၆ဦးပါခြင်း၊ ကာ/ချုပ်က ပြည်တဲရေး၊ နယ်စပ်၊ ကာကွယ်ရေး အရေးပါဆုံးအုပ်ချုပ်ရေးဝန်ကြိးများကိုခန့်ခြင်း၊ ကာ/ချုပ်ကို သမတခန့်ပိုင်ခွင့်မရှိခြင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ရဲဌာနကို ပြည်နယ်တိုင်းဒေသအစိုးရလက်အောက် မထားနိုင်သေးခြင်း ..စတဲ့အချက်များကို ပြောပါတယ်။ လက်ရှိ ပကတိအခြေအနေများကို အရင်ရှင်းပြပါတယ်။
.
.
ဒီမိုကရေစီ အစိုးရသစ်အတွက် စိမ်ခေါ်ချက်(၅)ခု
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ပြဌာန်းရပါမယ်။ လွှတ်တော်တွင်းမှာ လုပ်ဖို့ ၂၅% စစ်တပ်အမတ်တွေကို ပညာပေးခြင်း၊ လွှတ်တော်ပြင်ပမှာလဲ ဥပမာ ငြိမ်းချမ်းရေး NCA ဆွေးနွေးပွဲများ နဲ့ တပ်မတော်ကို ဆွဲဆောင်ခြင်းကလဲ ခက်ခဲတဲ့ စိမ်ခေါ်မှုပါ၊
.
၂။ နှစ်၅၀ ယိုယွင်းသွားတဲ့ စိတ်နေစိတ်ထားများကိုပြုပြင်ခြင်း၊ ခက်ခဲစွာလုပ်ဆောင်ရပါမယ်။ အမှားဆိုတာ ကြာလာတော့ အမှန်ဖြစ်လာတတ်ပါတယ်။ ဥပမာ လာပ်ပေးဖို့ မရှက်ခြင်း။ ဂုဏ်ယူခြင်း၊ ငွေတပ်မက်ခြင်း၊  ကြမ်းတမ်းသော 
အပြောဆို၊လုပ်ရပ် စရိုက်များ၊ အလွန်ခက်ခဲစွာ လုပ်ဆောင်ရပါမယ်။ ပညာပေးခြင်း၊ ဒဏ်ပေးခြင်း နည်းလမ်းတွေ ရှိပါတယ်။
.
၃။ ပညာရေးစနစ်၊ လူသားအရင်းအမြစ် ဖြစ်ပါတယ်။ ပညာရေးစနစ်ကောင်းမွန်ခြင်း၊ ပညာရေးဘတ်ဂျတ် ပံ့ပိုးပေးခြင်း၊ ဆရာများ၊ ကျောင်းများကို ပညာရေးမူဝါန၊ ပညာရေးစနစ်ပြောင်းလဲခြင်းလဲ ခက်ခဲတဲ့ စိမ်ခေါ်မှု ဖြစ်ပေမဲ့ စတင်နေပြီဖြစ်ပါတယ်။
.
၎။ စီးပွားရေး။  ဆင်းရဲချမ်းသာ ကွာခြားမှု ကျြီးမားခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးတဲ့ ခရိုနီစိးပွားရေး ကြောင့်၊ ဆင်းရဲသားများက ပိုပြီးမွဲတေလာပြီး၊ သူဌေးများက ပိုပြီးချမ်းသာလာတဲ့ ဥပဒေများစွာ ပြဌာန်းထားပါတယ်။ (စကားချပ်၊ အင်အယ်ဒီ စီးပွားရေးမူဝါဒ ၁၂ချက် ထုတ်ပြန်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ဆိုတာလဲ မဟာဗြူဟာနဲ့ ကဏ္ဍအသီးသီးမှာ အခြေခံကစပြီး လုပ်ရမှာဖြစ်လို့၊ ခက်ခဲတဲ့ စိမ်ခေါ်မှု ဖြစ်ပါတယ်။
.
၅။ တပ်မတော်နဲ့ဝန်ထမ်းအဖွဲ့အစည်းကို ပညာပေး၊ ဆွဲဆောင်ခြင်း
အလွန်အရေးကြီးတဲ့ စိမ်ခေါ်မှုဖြစ်ပါတယ်။ အမေရိကန်ခရီးစဉ်မှာ ပါမောက္ခတစ်ဦးက ထူးဆန်းတဲ့အကြံတစ်ခု ပေးပါတယ်။ သူကပြောတယ်၊ ခင်ဗျားတို့က ပြည်သူလူထုကို ပညာပေးဖို့ချည်း ပြောနေတယ်၊ လုပ်နေတယ်။ စစ်တပ်ကို Educate လုပ်ဖို့ပြောတော့၊ ဒါဟာ အလွန်ခက်ခဲဆုံး စိမ်ခေါ်မှုကြီး ဖြစ်ပါတယ်။
.
(စကားချပ်။  စစ်တပ်ကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပညာပေးခြင်း လုပ်နိုင်ပါတယ်။ ၂၅% လွှတ်တော်မှာ ထိုင်နေတဲ့ တပ်မတော်သားအမတ်များကို ထိခိုက်စေမဲ့ တိုက်ရိုက်ပြောဆိုခြင်းတွေကို သတိထားရှောင်ကြင်၊ နေပါတယ်။ 
ပင်လုံညီလာခံမှာ ဖက်ဒရယ်စနစ်၊ ပြည်နယ်များကို ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲခွင့်များ ပေးမယ်လို့အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားများ သဘောတူကြပါပြီ။ )။
.
ပြည်သူတွေဟာ တပ်မတော်သားတွေကို ချစ်မြတ်နိုးပါတယ်။ ရှေ့တန်းပြန်တပ်မတော်သားတွေကို တကယ်အနမ်းနဲ့ကြိုဆိုခဲ့ပါတယ်။ ဟိုတုန်းကအခြေအနေပါ။ (လက်ခုပ်သံများစွာ အားပေးကြပါတယ်)။ ဒါဟာ ကြီးကျယ်တဲ့ စိမ်ခေါ်မှုပါ။
.
.
နိဂုံးချုပ်
စာရေးဆရာ ဥိးဖေမြင့် (ယခု ပြန်ကြားရေးဝန်ကြိး) လဲ စင်ကာပူစာပေဟောပြောပွဲမှာ အတူပြောပါတယ်။ ဆရာဖေမြင့် ပြောစကားနဲ့ဆိုရင် သင်္ချာပုစ္ဆာ တွက်သလိုပါပဲ။ အပစ်ခတ်ရပ်စဲရေး + နိုင်ငံရေးတွေ့ဆုံပွဲ (Cease Fire + Dialogue) = Solution အဖြေထွက်လာဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတဲ့ ပေးထားချက်များကို အခြေပြုပြီး အဖြေထွက်လာအောင်လုပ်ရပါမယ်။ ပြည်သူတွေ လိုလားတာကို ပြက်သားစွာ ပြောရပါမယ်။ စိတ်ဓါတ်တွေ ကျနေလို့မဖြစ်ပါဘူး။ Isolate ကိုယ့်အုပ်စုနဲ့သီခြားနေလို့ မဖြစ်တော့ပါဘူး။  လူငယ်တွေရှိတယ်၊  အနာဂါတ်တွေ ရှိတယ်။ စွန်လွှတ်သင့်တဲ့ စိတ်နေစိတ်ထား၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခါင် ဆိုတာတွေ စွန့်လွှတ်တန် စွန့်လွှတ်ရမယ်။
.
နိုင်ငံသားတွေ အားလုံးက အချုပ်အချာအာဏာရဲ့ ပင်ရင်း ပိုင်ရှင်များဖြစ်ပါတယ်။ ပြည်သူကလဲ ပြောလာ၊ လုပ်လာမှ ပြည်သူလူထုလိုလားတဲ့ သာယာဝပြောသောမြန်မာပြည်ကြီး၊ ပဉ္စမမြန်မာနိုင်ငံတော် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ်။ (စင်ကာပူမှ လက်ခုပ်သံများစွာ)။
.
ကိုးကားခြင်း။  ဦးကိုနီ စင်ကာပူစာပေးဟောပြောပွဲ ၂၀၁၅
https://www.youtube.com/watch?v=RTUrWLQJnvk
.

ရာဇ၀တ်မှုများပြားလာခြင်းနဲ့ ဥိးကိုနီ ၅မိနစ်အင်တာဗျူး ...
အခုတလော သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတွေများလာတယ်။ မေတ္တာတရားလဲ နည်းပါးသွားပါတယ်။ အခုမှဖြစ်တာမဟုတ်ပါဘူး။ တအိအိနဲ့ တဖြေးဖြေး ဖြစ်လာရတာပါ။

မှားယွင်းတဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် လူတွေ အင်မတန်ဆင်းရဲမွဲတေသွားကြတယ်။ ဆင်းရဲတော့ ပညာမသင်နိုင်၊ ဆင်ခြင်တုံတရား အပိုင်းအားနည်းသွားတယ်။ ဆင်ခြင်တုံးအားနည်းတော့ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်မှု မရှိတော့ဘူး။ ဒီတော့ ဆင်းရဲမှုအောက်မှာ မွန်းကြပ်နေတော့ ထွက်ပေါက်ရှာချင်လာတယ်။

စိတ်ထွက်ပေါက်အနေနဲ့ မုဒိမ်းမှု၊ လူသတ်မှုတွေ ထင်ရာမြင်ရာလုပ်လာကြပါတယ်။

ပြောစရာတခုရှိပါတယ်။ ရဲတပ်ဖွဲ့ရှိတယ်။ လူတွေဆိုးလာရင် ရဲတွေ ထိန်းနိုင်ရမှာပေါ့ ..ဆိုပေမဲ့ တရားဥပဒေတွေကို လေးစားမှု၊ စိုးမိုးမှု မရှိတော့ဘူး။ လူတွေတင်မက အုပ်ချုပ်သူများကပါ လေးစား၊ လိုက်နာဖို့လိုပါတယ်။


မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀လောက် မကောင်းတဲ့စနစ်အောက်မှာ နေခဲ့ရတော့ ဒီလိုအဖြစ်ဆိုးတွေ အခုကြုံနေရတာပါ။


ပြစ်ဒဏ်တိုးမြှင့်ပေးလို့ ရာဇဝတ်မှုတွေ ပပျောက်နည်းပါးမသွားပါဘူး။ သီအိုရီလဲ မဟုတ်သလို လက်တွေ့မှာလဲ မဟုတ်ပါဘူး။ သေဒဏ်တွေပေးပေမဲ့ ပြစ်မှုတွေကျဆင်းတယ် ဆိုတာမရှိပါဘူ။ ပြစ်မှုကျူးလွန်သူတိုင်းကို သေချာပေါက် ပြစ်ဒဏ်ခံရရင်၊ ထောင်ကျမယ်ဆိုရင် လူတွေကြောက်ပါတယ်။ ထောင်ထဲမှာ တရက်တောင်မနေနိုင်ပါဘူး။

ထောင်စနစ်ကိုလည်း ပြုပြင်ဖို့ပါ။ သူများနိုင်ငံတွေမှာ ထောင်ကျပြီးလို့ ပြန်ထွက်လာရင် ပြစ်မှုပြန်ကျူးလွန်တာမျိုး တော်တော်အလှမ်းဝေးသွားပါတယ်။ မြန်မာနိုင်ငံ ထောင်စနစ်ကိုလည်း ပြုပြင်ရမှာပါ။
.
ဒါလောက်စိတ်ထားမြင့်မြတ်သူ ..မသမာသူတစုက လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ သူသေပေမဲ့ သူ့ရဲ့ ဝိညာဉ်၊ အခိုးအငွေ့တွေက မသေပါ။
.
.
.
ဦးကိုနီ .. (ကိုယ်ရေးအကျဉ်း)
 တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာ တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင်   မွေးဖွားခဲ့သည်။ ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ပညာ ဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ဥပဒေ အသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ် အတွင်း ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဥပဒေ ပညာဌာနတွင် နည်းပညာ ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိပြီးနောက် အဝေးသင် တက္ကသိုလ်တွင် နည်းပြ ဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီး ဦးကိုယု ထံတွင် အလုပ်သင် ရှေ့နေ၊ အမှုလိုက် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင် မှတ်ပုံတင်ပြီး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာ ယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈၀ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း(အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေလည်း ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၏ အင်ဒိုနီးရှား လေ့လာရေး ခရီးစဉ် လိုက်ပါပြီး   လေဆိပ် ပြန်လည် ရောက်ရှိလာစဉ်  သေနတ်နှင့် ပစ်ခတ် လုပ်ကြံခံရခြင်း ဖြစ်သည်။

Sources: : Mizzima




ဒေါ်အောင်ဆန်းစုကြည်

အင်အယ်ဒိ ရွေးကောက်ပွဲ အောင်နိုင်ပြိး၊ မန္တလေးမှာ အထက်မြန်မာပြည် အင်အယ်ဒီ ရွေးကောက်ခံ ကိုယ်စားလှယ်များကို မိန့်ခွန်းပြောပါတယ်။ သူမ အသက်အရွယ်အရ မြန်မာနိုင်ငံအတွက် အာခီတက် လိုမျိုး အခြေခံအဆောက်အဦတခု လုပ်ပေးသွားဖို့ပဲ တတ်နိုင်ပါတယ် ..ပြောပါတယ်။ လူတစ်စုကတော့ ပဉ္စမမြန်မာနိုင်ငံတော်မှာ ခံစား၊ စံစား ရမယ်ဖြစ်ပါတယ်။ သမတဦးသိန်းစိန် အစိုးရခေတ်မှာ အစိုးရနဲ့နီးစပ်သူများ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ်များ၊ ကုမဏီများ သယံဇာတ လာယူသွားတဲ့ ကျောက်စိမ်း၊ ရေအားလျှပ်စစ်၊ ကြေးနီ တို့နဲ့ ပြည်ပအလုပ်၊ လူပွဲစားများပဲ စံစား၊ ခံစားသွားပါပြီ။ အခုပြုပြင်ပြောင်းလဲတဲ့ ခေတ်သစ် (ပဉ္စမမြန်မာနိုင်ငံတော်) မှာ လူငယ်ပညာရှင်များ၊ စွန့်ဦးတီထွင်သူများ၊ ပိုမိုခံစား၊ စံစားခွင့် ရကြမှာ သေချာပါတယ်။ အခြေခံ ကျေးလက်တောင်သူ လူတန်းစားတွေကတော့ ချက်ခြင်း ၅နှစ်အတွင်း ခံစား၊ စံစားဖို့ အခွင့်အလမ်းနည်းပါတယ်။ စိတ်နေစိတ်ထားတွေ ပြင်ဖို့မလွယ်လို့ပါ။
. နိုင်ငံခြား ရင်းနှီးမှုနဲ့ပဲ နိုင်ငံတိုးတက်အောင် လုပ်ရမှာ သေချာပါတယ်။ ရေတိုနဲ့ရေရှည် ..လူတွေက ရေတိုပဲ စိတ်ဝင်စားကြတယ်။ ခဏလေးနဲ့ ၀ယ်ရောင်း၊ ပွဲစားအလုပ်၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ပဲ လူငယ်များက စိတ်ဝင်စားကြပါတယ်။ ဒါလဲ ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းကြောင်း စင်ကာပူမှာ မိန့်ခွန်းနဲ့ အမေးအဖြေတွေမှာ ပြောသွားပါတယ်။ . ဒေါ်ခင်ခင်ဝင်း ပြုစုတဲ့ လေဆန်လမ်းမှအိမ်အပြန် စာအုပ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်က " အ၀င်းရေ၊ တိုင်းပြည်ရဲ့ စီးပွားရေးနိုမ့်ကျနေတာကို ကျွန်မသာ ဦးဆောင်ခွင့်ရရင် လေးငါးနှစ် အတွင်း ပြန်ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အကျင့် စာရိတ္တတွေ ယိုယွင်းကုန်တာကိုတော့ ဒီ နှစ်ပိုင်းလောက် အချိန်အတွင်းမှာ လုပ်ပေးနိုင်ပါ့မလား ဆိုတာ စိတ်ပူမိတယ်" လို့ ရေးထားပါတယ်။ (စကားချပ်၊ သမတဦးသိန်းစိန် အစိုးရလည်း ရန်ကုန်မှာ လေဆိပ်၊ သင်္ဘောဆိပ်၊ တိုက်တာကြီးတွေ၊ ဘဏ်ကြီးတွေ၊ ရှော့ပင်စင်တာကြီးတွေ အထပ်မြင့်တွေ အမြောက်အများလုပ်ပြသွားပါပြီ။ လူတွေရဲ့ စာရိတ္တတွေကတော့ သိတဲ့အတိုင်း၊ ပိုပြိး ပျက်စိးသွားပါတယ်။ အဓိက သူဌေးကြီးများစွာ ပေါ်ပေါက်လာတော့ အားကျစိတ်နဲ့ ငွေကို တပ်မက်ခြင်းကြီးလွန်းလာလို့ပါ)။ . ပျက်အစဉ်၊ ပြင်ခဏ ဆိုသလို ၊ ကံကြမ္မာနဲ့ ကံဥာဏ်ဝီရိယ ဆိုတဲ့အတိုင်း၊ ပြည်သူလူထု တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ ခေါင်းဆောင်ခွင့်ရလာပါပြီ။ ၁နှစ်ကျော်လာချိန် တပ်မတော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို ပူးပေါင်းဆောင်ရွက်လာဖို့ စိမ်ခေါ်မှုကြီးတွေ အတွင်းကျကျ ပိုမို မြင်လာရပါတယ်။ . လူတော်တွေ ကဏ္ဍအသီးသီးမှာ အမြောက်အများ ရှိပါတယ်။ စာရိတ္တကောင်းပြီး၊ တော်တဲ့လူတွေ၊ အုပ်ချုပ်နိုင်စွမ်းရှိသူတွေ ရပ်ကျေး အုပ်ချုပ်ရေးမှုးကအစ ပညာပေးမှုနဲ့အညီ ပြောင်းလဲနိုင်ရပါမယ်။ မပြောင်းလဲသူများကို အစားထိုးရပါမယ်။ ဆိုးဝါးလွန်းသူများကို အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှု မသိမ်းဆည်းနိုင်ရင်တောင်မှ အလုပ်ကအနားပေးရပါမယ်။ . နောက်ဆုံး မေးခွန်းကတော့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မလုပ်ရင်၊ ဘယ်သူလုပ်နိုင်မလဲ မေးခွန်းပါပဲ။ . မ.ဘ.သ ဖျက်သိမ်းခြင်း၊ ကချင်၊ ရခိုင် အဖြစ်ပျက်များကို မကျေနပ်ခြင်း၊ ခရိုနီကြီးများကို ဆက်လက်လုပ်ပိုင်ခွင့်ပေးနေခြင်း၊ လာပ်ပေးလာပ်ယူမှုများ သိပ်မထူးခြားခြင်း၊ နောက်ဆုံး အစိုးရခေါင်းဆောင်များက စစ်အာဏာရှင်များလို အာဏာရှင်ဆန်လာခြင်း စတဲ့ မကျေနပ်သူများက ရေးသား၊ ဝေဖန်လာပါတယ်။ ၅နှစ် သက်တမ်းကို ပြီးအောင်ဆောင်ရွက်ခွင့်ပေးဖို့၊ နေမြဲပဲ နေလိုတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းတွေရဲ့ တပ်မတော်နဲ့အစိုးရ ပြသနာဖြစ်အောင် လုပ်နေတာကို မိမိပါမသွားဖို့၊ အပြုသဘော အကြံဥာဏ်များ ပေးခြင်း၊ အစိုးရခေါင်းဆောင်များ၊ တပ်မတော်အမတ်များကို အလွတ်သဘော များများ ပြောဆိုနိုင်၊ ပူးပေါင်းဆောင်ရွက်ကြမယ် လို့ မျှော်လင့်ပါတယ်။ . . ဇွန်လအစီအစဉ်မှာ ၈မိနစ်အသံဖိုင်မှာ 
* တရုပ်ပြည်မှာ ရဲချုပ်သားပါတဲ့ ကုမဏီ ခြစားပါမစ် ကိစ္စကြောင့် ဓါတုပစ္စည်းသိုလှောင်ရုံပေါက်ကွဲ လူ၂၀၀ သေဆုံးတဲ့အမှု နဲ့စတင်ပါမယ်။ 
* ဖွံဖြိုးဆဲနိုင်ငံ50က အရာရှိကြီးတွေက အကျင့်ပျက်မှုဟာ နံပါတ်၁ ဖြစ်တယ်ပြောပါတယ်။ 
* လွန်ခဲ့တဲ့၅နှစ်က Corruption Index အဂတိဘိတ်ဆုံးကနေ အဆင့်၁၃၁ ထိ အဆင့်၃၀လောက် တက်လာကြောင်း၊
* ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ခေါင်မိုးလုံအောင် သန့်ရှင်းတဲ့အစိုးရကို ဖွဲ့ပေးမဲ့ စကား၊ 
* လုပ်ကြံခံရတဲ့ ဦးကိုနီရဲ့ ၂၀၁၃ သမတဦးသိန်းစိန် အတည်ပြုတဲ့ အဂတိဥပဒေက အကောင်းဆုံး၊ တိုင်သူမရှိလဲ ၀န်ထမ်းတယောက် မတရားချမ်းသာနေရင် ကော်မရှင်က တရားစွဲနိုင်ကြောင်း၊ 
အခြေနေကတော့ ဆိုးနေဆဲဖြစ်ကြောင်း ပေါ့ဗျာ...။ 
http://www.rfa.org/.../myanmar-and-corruption...
.
ရဲတွေအကြောင်း အလွန်ဆိုးတဲ့ အဂတိတွေ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း နည်းလမ်း (စစ်တပ်ကထောက်ခံရင်) မကြာခင်ဖြစ်လာမှာပါ။ . ဇာနီကြီး ၁၉.ဇွန်.၂၀၁၇

ဒေါက်တာသိန်းလွင် (NNER) ● ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အပေါ် ဝေဖန်ချက်


ဒေါက်တာသိန်းလွင် (NNER) ● ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အပေါ် ဝေဖန်ချက်
(မိုးမခ) မတ် ၁၈၊ ၂၀၁၇
စာတမ်းရှင် – ဒေါက်တာသိန်းလွင် (NNER)
(ဤစာတမ်းကို ရေးသားသူ ဒေါက်တာသိန်းလွင် (NNER) သည် အင်္ဂလန်နိုင်ငံရှိ နယူးကာဆယ်တက္ကသိုလ်မှ ပညာရေးဆိုင်ရာမူဝါဒနှင့် သင်ရိုး ညွှန်းတမ်း ဖွံ့ဖြိုးရေးဘာသာရပ်များ ဖြင့် ပညာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိထားသူဖြစ်သည်။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို အားပေးသောဆရာအတတ်ပညာ သင်တန်း (Thinking Classroom Foundation) ကိုတည်ထောင်ခဲ့သူဖြစ် ပြီး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏အဖွဲ့ဝင်တဦးလည်းဖြစ်သည်။)
ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် “အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁” ကို မူကြမ်းရေးဆွဲစဉ်က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အား အသိပေး ဖိတ်ကြားခြင်းမရှိခဲ့ပါ။ NNER သည် အစိုးရမဟုတ်သော လူထုပညာရေး အဖွဲ့အစည်းများစွာနှင့် ပညာရှင်များပါဝင်သော ကွန်ရက်ဖြစ်ပါသည်။ NNER တွင်ပါဝင်သော အဖွဲ့ အစည်းများနှင့် အဖွဲ့ဝင်များသည် ပညာရေး မဟာဗျူဟာစီမံကိန်းအတွက် အကြံဉာဏ်များ ပေးခွင့်မရခဲ့ပါ။ Global Partnership for Education (GPE) ၏ အတိုင်ပင်ခံပုဂ္ဂိုလ် Mr. Mathias Rwehere ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ၂၀၁၇ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် NNER အဖွဲ့ဝင်များနှင့် တွေ့ဆုံမှသာ အထက်ပါ ပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို စတင်သိရှိရပါသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက GPE ထံမှ ပညာရေးထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း (၇၀) ကျော် လျှောက်ထားသဖြင့် GPE  အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရမဟုတ်သော လူထုအဖွဲ့  အစည်းများနှင့် တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာ စီမံကိန်းအကြောင်း လာရောက်မေးမြန်းစဉ် တွေ့ဆုံခြင်း ဖြစ်ပါသည်။

GPE ၏ လိုအပ်ချက်အရ ပညာရေးမဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ပညာရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (ESCC) ကို ဖွဲ့စည်းရာတွင် လူထုပညာရေးအဖွဲ့ အစည်းများမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ် (၂) ဦး ပါဝင်ရန်ကိုလည်း GPE က အဆိုပြုထား ပါသည်။ သို့ရာတွင် NNER သည် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် ESCC တွင် ပါဝင်ခွင့်မရှိဟု ပညာရေးဝန်ကြီးဌာနမှ ကန့်သတ်ထားကြောင်း သိရှိရပါသည်။
NNER အနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေးလမ်းကြောင်းမှနေ၍ ပညာရေးဝန်ကြီးဌာနအား ဝေဖန် အကြံပြုခွင့် မရရှိသဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအပေါ် ဝေဖန်သုံးသပ်ချက်ကို ရေးသား ဖော်ပြလိုက်ပါ သည်။


(၁) လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ မှေးမှိန်နေဆဲ

ပထမဦးစွာ ဝေဖန်ထောက်ပြလိုသည့်အချက်မှာ အစိုးရ၏ ပညာရေးလုပ်ငန်းများတွင် လူထုအဖွဲ့ အစည်းများ၏ ပါဝင်နိုင်မှု အခွင့်အလမ်း နည်းပါးနေခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ဦးဆောင်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ပညာရေး (SDG-4) နှင့် မြန်မာနိုင်ငံဌာနေ တိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးဆိုင်ရာကိစ္စများကို တိုင်ပင်ဆွေးနွေးရန်အတွက် NNER သည် ၂၀၁၆ အောက်တို ဘာလတွင် ပညာရေးဝန်ကြီးဌာနသို့ တွေ့ဆုံခွင့်တောင်းခဲ့ပါသည်။ ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။
ထို့ပြင် လူထုအဖွဲ့အစည်းများ၏ ပညာရေးပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုခြင်းမရှိပါ။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အနှစ်ချုပ် စာမျက်နှာ (၁၂) စာပိုဒ် (၄.၂) တွင် “အမျိုးသားပညာရေးဥပဒေ ပိုမိုခိုင်မာစေရန်အတွက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပါသည်” ဟု ဖော်ပြထားသည်။ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) ပေါ်ပေါက်လာခြင်းမှာ ၂၀၁၅ ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့သည့် အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးသပိတ်ကော်မတီနှင့် NNER တို့ ပါဝင်ခဲ့ သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ ရလဒ်များကို လွှတ်တော်သို့ တင်သွင်းခဲ့သဖြင့်၊ လွှတ်တော်မှ ပြင်ဆင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲပေါ်ပေါက်လာခြင်းမှာလည်း အမျိုးသားပညာရေးဥပဒေ (၂၀၁၄) ကို ပြင်ဆင်ရေးအတွက် သပိတ်မှောက်ကျောင်းသားများက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ ကြခြင်းကြောင့် ဖြစ်ပါသည်။ ဤအဖြစ်အပျက်များသည် မြန်မာနိုင်ငံပညာရေးသမိုင်းတွင် ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သမိုင်း အဖြစ် အပျက်များကို ထိမ်ချန်မထားသင့်ပါ။


(၂) လူမျိုးများဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပါဝင်ခြင်းမရှိ

ဒုတိယဝေဖန်လိုသည့်အချက်မှာ ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ စနစ်ကို ဦးတည်သည့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပါဝင်ခြင်းမရှိပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပကာ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုထူထောင်ရန် ပြင်ဆင်နေသည့်ကာလတွင်၊ ပညာရေးပြုပြင်ပြောင်းလဲမှုသည် တိုင်းရင်းသားလူမျိုး များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဦးတည်သင့်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များသည် သက်ဆိုင်ရာဒေသအသီးသီးတွင် စာသင်ကျောင်း များတည်ထောင်၍ ကလေးများ၏ ပညာရေးကို ဆောင်ရွက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာရှိပြီ ဖြစ်ပါသည်။ အခြေခံပညာပြီးဆုံး၍ နိုင်ငံခြားတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားသူများ၊ ရပ်ရွာ ဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများလည်း အများအပြား ရှိကြပါသည်။ အဆိုပါ တိုင်းရင်းသားဒေသ ပညာရေး ကို အသိအမှတ်ပြုရန် ပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ပါဝင်ခြင်းမရှိပါ။

မြန်မာနိုင်ငံအစိုးရသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ ကြေညာ စာတမ်း (UNDRIP) ကိုလည်းသဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ အဆိုပါ သဘော တူညီချက်အရလည်း ဌာနေတိုင်းရင်းသားများ ထူထောင်ထားသော ကျောင်းများ၊ ဒေသဆိုင်ရာ သင်ရိုး ညွှန်းတမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားများကို အသိအမှတ်ပြုရပါမည်။ အစိုးရ၏ အသိအမှတ်ပြုမှု မခံရသောကြောင့် ဌာနေတိုင်းရင်းသားကျောင်းများမှ ကျောင်းသားများ အစိုးရကျောင်းများကို ပြောင်းရွှေ့ ရန်နှင့် ပြည်တွင်းတက္ကသိုလ်များတက်ရောက်ရန် အခက်အခဲများ ရင်ဆိုင်ကြရပါသည်။

(၃) ဒေသအလိုက် ရေးဆွဲသော သင်ရိုးညွှန်းတမ်း (Local Curriculum) များကို ခွင့်ပြရန်လိုအပ်
ပညာရေးမဟာဗျူဟာစီမံကိန်းတွင် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှု များကို အလေးပေးရန်၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်နှင့် သင်ရိုး ညွှန်းတမ်းနှင့် ဖတ်စာအုပ်များကို အသုံးပြုတတ်ရန်အတွက် ဆရာဆရာမများကို သင်တန်းပေးရန်တို့ ပါရှိပါ သည်။ ဤဖော်ပြချက်သည် သင်ရိုးညွှန်းတမ်းကို ဗဟိုမှရေးဆွဲပြီး ဖတ်စာအုပ်များလည်း ဗဟိုမှပင်  ရေးဆွဲ မည်ဟု အဓိပ္ပာယ်ရပါသည်။ လက်တွေ့တွင်လည်း သူငယ်တန်းနှင့် ပထမတန်းဖတ်စာများကို အထက်ပါ အတိုင်း ရေးဆွဲထားပြီးဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ အသစ်ရေးဆွဲမည့် သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများ၏ ကျွမ်းကျင်မှုကိုပေးရန် ရည်ရွယ်သည်ဟုဆိုသော်လည်း၊ ဗဟိုမှ ရေးဆွဲသည့် သင်ရိုး ညွှန်းတမ်းသည် ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်းကို မြန်မာနိုင်ငံပညာရေးသမိုင်းက သက်သေပြပြီး ဖြစ်ပါသည်။

သင်ရိုးညွှန်းတမ်းကို ဗဟိုမှ ပြဋ္ဌာန်းပြီး ဗဟိုမှရေးသာ ဖတ်စာအုပ်တမျိုးတည်းကို မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အသုံးပြုစေခြင်းကြောင့်၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် တန်ဖိုးထားမှုများက လွှမ်းမိုးနေကြောင်း တွေ့ရှိထားပြီး ဖြစ်ပါသည်။ ဗဟိုမှ ရေးဆွဲသော သင်ရိုးကြောင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားကလေးငယ်များသည် ကျောင်းတွင် ပျော်ရွှင်မှုမရှိကြဘဲ၊ မူလတန်းပင် မပြီးမှီ ကျောင်းထွက်ကြပါသည်။

မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား ကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံတွင် ဒေသအလိုက် ရေးဆွဲသော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုသင့်ပါသည်။ ဒေသ တခုမှ တခုသို့ ပြောင်းရွှေ့ပညာသင်ယူရာတွင် အခက်အခဲ နည်းပါးစေရန်အတွက် ဒေသအားလုံး ပါဝင် ညှိနှိုင်းရေးဆွဲသော သင်ရိုးညွှန်းတမ်းကျောရိုး (Core Curriculum) လည်း ရှိသင့်ပါသည်။ အဆိုပါ သင်ရိုးညွှန်းတမ်း ကျောရိုးကို အခြေခံ၍ ဒေသအသီးသီးတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဒေသ ဆိုင်ရာ အသိဉာဏ်များ (Local Wisdom) ပါဝင်သော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုလျှင် ပြည်နယ် အသီးသီးမှ ကလေးများ၏ ပညာရေးတိုးတက်လာပါမည်။


(၄)    မိခင်ဘာသာစကားအခြေပြု ဘာသာစကား (၃) မျိုးစနစ်ကို အားပေးသင့်  

ပညာရေးမဟာဗျူဟာစီမံကိန်း၏ အခြေခံပညာကဏ္ဍတွင် “တိုင်းရင်းသားဘာသာစကားနှင့် ယဉ် ကျေးမှုကို သင်ယူခွင့်ြ့ပုပြီး တိုင်းရင်းသားဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြု ရန် ခွင့်ပြုထားပါသည်” ဟု ဖော်ပြထားပါသည်။ ဤဖော်ပြချက်ကြောင့် တိုင်းရင်းသားဘာသာစကားများ သင်ကြားခွင့်ရှိပြီဟု ပြောဆိုကြသော်လည်း၊ ပညာရေးဝန်ကြီးဌာန၏ လက်တွေ့ဆောင်ရွက်ချက်များမှာ အခက်အခဲများစွာ ရှိနေပါသည်။ ကျောင်းချိန်ပြင်ပတွင်သာ တိုင်းရင်းသားဘာသာစကားသင်ကြားခြင်း၊ မြန်မာဖတ်စာများကို တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုသင်ကြားခြင်း၊ သင်ကြားမည့်ဆရာမရှိခြင်း စ သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ကျောင်းချိန်ပြင်ပသင်တန်းသို့ ကျောင်းသားများ စိတ်ဝင် စားမှုနည်းပါးပါသည်။ တနေ့တာလုံး စာသင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မိသားစု၏ အလုပ်အကိုင် များကို ကူညိရန်ရှိခြင်း၊ ကျူရှင်တက်ရခြင်းတို့ကြောင့် ညနေသင်တန်းများကို စိတ်ဝင်စားမှုမရှိကြပါ။ သင် ကြားသည့် စာနှင့် အကြောင်းအရာများမှာလည်း မြန်မာဖတ်စာအုပ်ကို ဘာသာပြန်သင်ကြားရသဖြင့် တိုင်း ရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဒေသဆိုင်ရာတို့နှင့် အဆက်အစပ်မရှိခြင်းကြောင့်လည်း သင် ယူရန် အခက်အခဲရှိပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ဆရာခန့်ထားမှုမှာလည်း ဒေသခံများမှ ရွေးချယ်ခွင့် မရှိဘဲ ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ခန့်အပ်သဖြင့် ပြည်နယ်များသို့ လာရောက် တာဝန်ယူကြသော ဆရာဆရာမများသည် ဒေသခံဘာသာစကားနှင့် ယဉ်ကျေးမှုများကို နားလည် တတ်ကျွမ်းမှု မရှိကြပါ။

မြန်မာနိုင်ငံကဲ့သို့ ဘာသာစကားများစွာရှိသော နိုင်ငံများတွင် ကျင့်သုံးနေသည့် မိခင်ဘာသာ စကား အခြေပြုဘာသာစကားစုံ ပညာရေး (Mother Tongue Based Multilingual Education) စနစ်ကို အကောင် အထည်ဖော်ပြီး ဒေသခံများမှ ဆရာဆရာမခန့်အပ်မှုတွင် ပါဝင်ခွင့်ရှိလျှင် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ကလေးငယ်များ၏ ပညာရေးအခွင့်အလမ်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ဘာသာ စကား သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်သူများ၏ သုတေသနအရ မိခင်ဘာသာစကား အခြေပြု ဘာသာ စကားစုံ ပညာရေးစနစ်သည် ကလေးများကျောင်းတွင် ပျော်ရွှင်ခြင်း၊ သင်ကြားသင်ယူသော ဘာသာရပ် အသီးသီးကို နားလည်ခြင်း၊ မိမိဘာသာစကား၏ တည်ဆောက်ပုံကို နားလည်သဖြင့် ဒုတိယ၊ တတိယ ဘာသာစကားများ သင်ယူရန် လွယ်ကူခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။

“ဘာသာစကား ၁၃၅ မျိုးဘယ်လိုသင်မလဲ” ဟု စိုးရိမ်ကြသူများအတွက် နည်းလမ်းများရှိပါသည်။ ပြည်နယ်အသီးသီးရှိ ကျေးလက်နှင့် တောင်ပေါ်ဒေသများသည် ဘာသာစကားတူသူ လူမျိုးများသာ ကျေးရွာများတွင် စုပေါင်းနေထိုင်လေ့ရှိပါသည်။ ကလေးများတတ်ကျွမ်းသည့် ကျေးရွာသုံး ဘာသာစကား ကို မိခင်ဘာသာစကားအဖြစ် ရွေးချယ်၍ မိခင်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကား တို့ကို ကျောင်းသုံးဘာသာစကားများအဖြစ် သတ်မှတ်နိုင်ပါသည်။ မြို့ကြီးများတွင် နေထိုင်ကြသည့် တိုင်းရင်းသား  ကလေးငယ်များသည် များသောအားဖြင့် မြန်မာစကားတတ်ကျွမ်းပြီးဖြစ်၍၊ မြန်မာဘာသာ စကားကို မိခင်ဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါသည်။ ဥပမာ – အင်းစိန်မြို့ရှိ ရပ်ကွက်တခုတွင် ကရင် တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများ နေထိုင်ကြလျှင် အဆိုပါရပ်ကွက်ရှိ မူလတန်းကျောင်းတွင် မိခင်ဘာသာစကား (မြန်မာ)၊ ဒုတိယဘာသာစကား (ကရင်) နှင့် တတိယဘာသာစကား (အင်္ဂလိပ်) တို့ကို သင်ကြားသည့် ဘာသာစကား (၃) မျိုး စနစ်ကိုလည်း သုံးနိုင်ပါသည်။

စာသင်ကျောင်းတခုအတွက် မိခင်ဘာသာစကားကို ရွေးချယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာ ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ရပ်ရွာမှ ပညာရေးဆောင်ရွက်သူများ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်သည့် ကျောင်းအခြေပြုစီမံခန့်ခွဲခွင့်ရှိသင့်ပါသည်။ ဆရာဆရာမများခန့်အပ်ရာတွင်လည်း ဗဟိုမှ ခန့်အပ်သည့် စနစ်အစား သက်ဆိုင်ရာ ဆရာဆရာမနှင့် ဒေသခံများ၏ ရွေးချယ်ခွင့်လည်း ရှိသင့်ပါသည်။ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးသည် ကလေးများ၏ သင်ယူမှုကို အားပေးရာ ရောက်ပါသည်။ ပညာရေးတွင် ဒေသခံတို့၏ ပါဝင်ခွင့်ပိုမိုရရှိခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လေးစားတန်ဖိုးထားခြင်းသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟု ယုံကြည်ပါသည်။


(၅) အဆုံးသတ်စာမေးပွဲများ လွှမ်းမိုးနေဆဲ

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများ ကျင်းပခြင်းကဏ္ဍတွင် အကြောင်းအရာအချက်အလက်များကို အလွတ်ကျက်မှတ်ဖြေဆိုရသော စာမေးပွဲ စနစ်မှ ကျောင်းသားများ၏ ကျွမ်းကျင်မှုနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုင်းတာသော စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များသည် သင်ယူမှု၏ အဆုံးသတ်တွင် စစ်ဆေးသော စာမေးပွဲများကိုသာ ရည်ညွှန်းထားသည်ကို တွေ့ရသည်။ ပညာ ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတဦးက စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပတ်သက်၍ အခန်းဆုံးစစ်ဆေးခြင်း များနှင့် လပတ်စာမေးပွဲရမှတ်များကို ပေါင်းပြီး အမှတ် (၈၀) အထက်ရလျှင် (A)၊ အမှတ် (၆၀) နှင့် (၈၀) ကြားတွင်ရ လျှင် (B)၊ အမှတ် (၆၀) အောက်ရလျှင် (C) စသည်ဖြင့် သတ်မှတ်မည်ဖြစ်ကြောင်း မကြာသေး ခင်က ရှင်းလင်းပြောကြားခဲ့သည်။ ဤစစ်ဆေးနည်းနှင့် အမှတ်ပေးနည်းများသည် အဆုံးသတ်စစ်ဆေးခြင်း (Summative Assessment) အမျိုးအစားသာဖြစ်သည်။ အဆုံးသတ်စစ်ဆေးခြင်းသည် သင်ပြီးသမျှ ဘယ် လောက် ရသွားသည် (ဘယ်လောက်မှတ်မိသည်) ကိုသာ တိုင်းတာခြင်း (Assessment of Learning)  သာဖြစ်သည်။ ပြောင်းလဲကျင့်သုံးသင့်သည့် စစ်ဆေးနည်းအမျိုးအစားများမှာ သင်ယူမှုကို အားပေးရန် စစ်ဆေးခြင်း (Assessment for Learning) နှင့် စစ်ဆေးမှုနှင့် သင်ယူမှုထပ်တူဖြစ်ခြင်း (Assessment as Learning) တို့ဖြစ်သည်။

စစ်ဆေးနည်းစနစ်များကို ပြောင်းလဲနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ကြား/သင်ယူ နည်း စနစ်များကိုလည်း ပြောင်းရပါမည်။ သင်ရိုးညွှန်းတမ်းကို ယခုလက်ရှိ အချက်အလက်ပေးသော သင်ရိုးညွှန်း တမ်း အမျိုးအစား (Content Based) မှ ကျွမ်းကျင်မှုကို ပေးသော သင်ရိုးညွှန်းတမ်း (Competence Based) သို့ ပြောင်းရပါမည်။ သင်ကြား/သင်ယူနည်းစနစ်များကိုလည်း မှတ်စုပေး၊ အလွတ်ကျက်၊ အလွတ်ဖြေနည်းစနစ် အစား တင်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း (Active Learning and Critical Thinking) ရပ်ရွာအခြေပြု ကျောင်းပြင်ပတွင်သင်ယူခြင်း (Community Based Learning)၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ခြင်းဖြင့် သင်ယူခြင်း (Service Learning)၊ စူးစမ်းလေ့လာ သင်ယူ ခြင်း (Enquiry Based Learning)၊ စီမံချက်များရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် သင်ယူခြင်း (Project Based Learning) စသည်တို့ကို ပြောင်းလဲ ကျင့်သုံးမှသာ အဆိုပါ သင်ယူမှုများကို အထောက် အကူပြုသော စစ်ဆေးနည်းများကို အသုံးပြုနိုင်ပါမည်။

ထို့ပြင် တက္ကသိုလ်ဝင်ခွင့်ကိုလည်း ဆယ်တန်းအောင်မှတ်ဖြင့် ကန့်သတ်သည့်စနစ်ကို ပြင်သင့်ပါ သည်။ တက္ကသိုလ်အလိုက် ၀င်ခွင့်စနစ်ထားရှိပြီး၊ ကျောင်းသားများ ၀ါသနာပါရာဘာသာရပ်ကို ရွေးချယ် ခွင့်ရှိသင့်ပါ သည်။


(၆) ဆရာဆရာမများ၏ လွတ်လပ်ခွင့်ဆုံးရှုံးနေဆဲ
ပညာရေးမဟာဗျူဟာစီမံကိန်း၏ ဆရာဆရာမများကဏ္ဍတွင် ဆရာဆရာမများ ရာထူးတိုးမှုနှင့် ပတ်သက်၍ ယခင်က လုပ်သက်ပေါ်မူတည်၍ မူလတန်းပြမှ အလယ်တန်းပြ၊ အထက်တန်းပြ  အဆင့်ဆင့် ရာထူး တိုးမြှင့်သည့်စနစ်မှ စွမ်းဆောင်ရည်ပေါ်မူတည်၍ ရာထူးတိုးသည့်စနစ်သို့ ပြောင်းလဲမည် ဖြစ် ကြောင်း ဖော်ပြထားသည်။ ဤအချက်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးကလည်း စွမ်းဆောင်ရည် နည်း သည့် ဆရာ၊ဆရာမများကို ဝေးဝေးကိုပြောင်းရွှေ့မည်ဟု မကြာသေးခင်က မိန့်ခွန်းတခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ညံ့သည်ဆရာ၊ ဆရာမများကို ဝေးလံခေါင်းဖျားဒေသနှင့် ပြည်နယ်များသို့ စေလွှတ် မည်ဟု အဓိပ္ပာယ်ရ၍ အဆိုပါဒေသများသည် ဆရာညံ့များနှင့်သာ ထိုက်တန်သည်ဟု ဆိုလိုရာရောက် သဖြင့် ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ပညာရေးမဟာဗျူဟာစီမံကိန်းဖော်ပြချက်နှင့် ၀န်ကြီး၏သဘောထားတို့သည် ဆရာ ဆရာမများ နှင့် ပတ်သက်သမျှ ဗဟိုကသာ ဆုံးဖြတ်မည့်အချက်မှာ ထင်ရှားပေါ်လွင်လျက်ရှိသည်။ ဆရာ ဆရာမများ၏ လွတ်လပ်ခွင့်များ ဆုံးရှုံးလျက်ရှိသည်။ ဆရာ ဆရာမတဦးသည် မိမိအလုပ်လုပ်လိုသည့် ဒေသနှင့် ကျောင်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုရှိသင့်သည်။ သက်ဆိုင်ရာဒေသနှင့် ကျောင်းများမှလည်း မိမိတို့ ဒေသ/ကျောင်းတို့၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ဆရာ၊ဆရာမများကို ရွေးချယ်ခန့်ထားနိုင်ခွင့် ရှိသင့် သည်။ ဆရာ၊ဆရာမများ၏ အလုပ်အကိုင်နေရာရွေးချယ်မှုကို ဗဟိုချုပ်ကိုင်မှုမပြုသင့်ပါ။

ထို့ပြင် သင်ကြားလိုသည့်ပညာရေးအဆင့် (မူ/လယ်/ထက်) နှင့် ဘာသာရပ်နယ်ပယ်ကိုလည်း ဆရာအတတ်ပညာ ကောလိပ်တက်ရောက်စဉ်ကတည်းက မိမိနှစ်သက်ရာကို ရွေးချယ်စေသင့်သည်။ ပညာရေးအဆင့် အသီးသီးရှိ ဆရာ ဆရာမများကိုလည်း တန်းတူတန်ဖိုးထားသင့်သည်။


(၇) ကျောင်းသားသမဂ္ဂမျာ လွတ်လပ်စွာဖွဲ့စည်းခွင့်မရသေး

ပညာရေးဝန်ကြီးဌာန၏ ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရန် ကိစ္စ ပါဝင်ခြင်းမရှိပါ။ မဟာဗျူဟာစီမံကိန်း၏ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ပဋိဥာဉ် ရေးဆွဲရန် အတွက် လုပ်ငန်းစဉ်တခုအနေဖြင့်သာ ထည့်သွင်းထားသည်။ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) တို့တွင် ကျောင်းသားသမဂ္ဂများကို တက္ကသိုလ်ပဋိဥာဉ်နှင့်အညီ ဖွဲ့စည်းရန် ပါဝင်သည်။ သို့ရာတွင် တက္ကသိုလ်ပဋိဥာဉ်များ မရှိသေးပါ။ ၅-နှစ် စီမံကိန်းအတွင်း ရေးဆွဲရန်အတွက် လုပ်ငန်းစဉ်အဖြစ်သာ ဖော်ပြထားသည်။

ဤကဲ့သို့ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းရန်အတွက် တိကျသေချာသော ဥပဒေ ပြဋ္ဌာန်း ခြင်း မရှိသေးပဲ ရန်ကုန်တိုင်းအစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူကြီးတချို့က ကျောင်းသားသမဂ္ဂ အဆောက်အဦကို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦနေရာဟောင်းတွင် ဆောက်လုပ် ရန် ၂၀၁၇ ဖေဖော်ဝါရီလအတွင်းက ကြိုးပမ်းခဲ့ကြသည်။ ၁၉၆၂ တွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ ကျောင်းသားများစွာသေဆုံး ဒဏ်ရာရကြပြီး၊ အများအပြားဖမ်းဆီးခံခဲ့ကြရသည်။ စစ်အုပ်ချုပ်ရေးကာလ တလျှောက် ကျောင်းသားများက စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြကျောင်းသား များစွာ ဖမ်းဆီး၊ ထောင်ချ၊ ကျောင်းထုတ်ခံကြရသည်။
နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲ များတွင် ပါဝင်ခဲ့သည့် သမိုင်းတန်းဖိုးကြီးမားလှသည့် ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍကို မျက်ကွယ် ပြု၍မရပါ။ အာဏာရပါတီနှင့် အစိုးရတို့အနေဖြင့် တိုက်ပွဲဝင်ကျောင်းသားမျိုးဆက်များနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ၊ ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စကို အလျင်စလို မဆုံးဖြတ်သင့် ပါ။ ကျောင်းသားများ၏ အသက်များ၊ ဘ၀များ၊ ဆုံးရှုံးပျက်စီးခံခဲ့ကြရသည့် သမိုင်းအဖြစ်အပျက်များကို အလေးအနက်ပြု၍ ကျောင်းသားများအစဉ်တစိုက် တောင်းဆိုခဲ့ကြသည့် ကျောင်းသားသမဂ္ဂများ လွတ် လပ်စွာ ဖွဲ့စည်းခွင့်ကို ဦးစွာဆောင်ရွက်သင့်ပါသည်။


(၈) မသန်စွမ်းကလေးငယ်များ ပညာသင်ကြားခွင့်တန်းတူမရှိသေး

မသန်စွမ်းကလေးငယ်အားလုံး ပညာသင်ကြားခွင့် အခွင့်အလမ်း အညီအမျှရရှိရန်အတွက် မည် သည့် ကျောင်းတွင်မဆို တက်ရောက်သင်ယူခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါသည်။ အမျိုးသား ပညာရေးဥပဒေ တွင်လည်းကောင်း၊ ပြင်ဆင်သည့် ဥပဒေတွင်လည်းကောင်း၊ ပညာရေး မဟာဗျူဟာ စီမံကိန်းတွင်လည်းကောင်း၊ အထူးကျောင်းများကိုသာဦးစားပေးထားသည်ကို တွေ့ရသည်။ အထူးကျောင်း မရှိသောဒေသမှ မသန်စွမ်း ကလေးများအဖို့ ကျောင်းနေခွင့်ရရန် ခက်ခဲလျက်ရှိပါသည်။ မသန်စွမ်း ပညာရေးအဖွဲ့များ၏ လေ့လာတွေ့ရှိ ချက်အရ၊ ယမန်နှစ်ကျောင်းဖွင့်ရာသီတွင် မသန်စွမ်းကလေးများကို ကျောင်းများမှလက်ခံရန် ငြင်းပယ်သည့် အဖြစ်အပျက်များ များစွာရှိကြောင်းသိရှိရသည်။
ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ရှေ့ပြေးစမ်းသပ်သည့်ကျောင်းများ၌ မသန်စွမ်းကလေးများ သွားနိုင်ရန် လမ်းများ ထည့်သွင်းဆောက်လုပ်ရန်၊ ဆရာ ဆရာမများကို သင်တန်းပေးရန်၊ ဆရာအတတ် သင်ကောလိပ်များတွင် မသန်စွမ်းကလေးများနှင့်ပတ်သက်၍ ထည့်သွင်းသင်ကြားရန်တို့ကို လုပ်ငန်းစဉ် အနေဖြင့် ထည့်သွင်းထားသည်ကိုတွေ့ရပါသည်။ သို့ရာတွင် မသန်စွမ်းကလေးများ မည်သည့်ကျောင်းမဆို တက်ရောက်နိုင်သည့် မူဝါဒနှင့်ဥပဒေပြဋ္ဌာန်းခြင်းမရှိသေးပါ။ ဥပဒေပြဋ္ဌာန်းခြင်းမရှိသေးသဖြင့် မသန်စွမ်း ကလေးများကို ကျောင်းများက အလွယ်တကူငြင်းပယ်လေ့ရှိပါသည်။ ထို့ပြင် မသန်စွမ်းကလေးများ အတွက် လေ့ကျင့်ထား သည့် ဆရာမရှိသေးသဖြင့်လည်း၊ မသန်စွမ်းကလေးများကို ငြင်းပယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ မြို့နယ်အလိုက် ကျောင်းတကျောင်းလျှင် အနည်းဆုံး ဆရာ၊ဆရာမ တဦးစီကိုဖိတ်ခေါ်၍ သင်တန်းများပို့ချပြီး လာမည့်စာသင်နှစ်တွင် မသန်စွမ်းကလေးများ မည်သည့်ကျောင်းမဆို တက်ရောက် နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါတယ်။

(၉) ဗဟိုမှချမှတ်သည့် အရည်အသွေးသည် ဒေသဆိုင်ရာနှင့် ကိုက်ညီမှုမရှိနိုင်
‘ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်’ ကို မဟာဗျူဟာမြောက် တွန်းအားအဖြစ် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းထားပါသည်။ ပညာရေးအရည်အသွေးကို ဗဟိုမှ ချမှတ် တိုင်းတာခြင်းသည် ဒေသဆိုင်ရာ၊ လူမျိုးဆိုင်ရာနှင့်တဦးချင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိပါ။ မြန်မာနိုင်ငံ ပညာရေးတွင် လက်ရှိတိုင်းတာနေသောစနစ်မှာ အမှတ်များများ၊ ဂုဏ်ထူးများများ ပါ သော ကျောင်းသားအရည်အသွေးရှိသည်၊ အောင်ချက်ရာခိုင်နှုန်းများသောကျောင်း အရည်အသွေးရှိသည် ဟု ထင်မှတ်နေကြပါသည်။ အလွတ်ကျက်၊ အလွတ်ဖြေ၊ ခိုးချ၊ မသာမှုများစွာရှိသော စာမေးပွဲစနစ်ဖြင့် ကျောင်းသားများ၏ အရည်အသွေးကိုလည်းကောင်း၊ ဆရာ၊ဆရာမများ၏ အရည်အသွေးကိုလည်းကောင်း တိုင်းတာ၍မရနိုင်ပါ။

အရည်အသွေးဆိုင်ရာစံများကို တစုံတဦး (သို့မဟုတ်) တစုတဖွဲ့ကသတ်မှတ်လျှင် ထိုပုဂ္ဂိုလ် တို့၏ တန်ဖိုးထားမှုများကသာ လွှမ်းမိုးနေပြီး အခြားသူများ၏ တန်ဖိုးထားမှုများနှင့် ကိုက်ညီမှု မရှိနိုင်ပါ။ ထို့ကြောင့် အရည်အသွေးစံသတ်မှတ်ရာတွင် သက်ဆိုင်သူအားလုံး ပါဝင်ရန်လိုအပ်ပါသည်။ ကျောင်းသား များ၊ ဆရာများ၊ မိဘများ၊ ပညာရှင်များ၏ အရည်အသွေးဆိုင်ရာ အမြင်သဘောထားကို ရယူသင့်ပါသည်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်မှုနှင့် တန်ဖိုးထားမှု ကွဲပြားသူများ၏ အမြင်များလည်း ထည့်သွင်းပါဝင် သင့်ပါသည်။
ယေဘုယျအနေဖြင့် အရည်အသွေးကို ရှုထောင့်မျိုးစုံမှကြည့်မြင်သင့်ပါသည်။ ကလေး၏ဉာဏ်ရည် ဉာဏ်သွေးတခုတည်းအပေါ် တိုင်းတာခြင်းသည် မပြည့်စုံပါ။ ကလေး၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ အစရှိသည့် ဘက်စုံဖွံ့ဖြိုးမှုကိုလည်း တိုင်းတာသင့်ပါသည်။ ထို့ပြင် ပညာရေး၏မဏ္ဍိုင်လေးရပ် (Four Pillars of Education) ဖြစ်သော အသိဉာဏ်မြင့်မားရေး (Learning to Know) ၊ အသုံးချစွမ်းရည်ရရှိရေး (Learning to Do)၊ ကျောင်းသား၏ဘ၀ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရေး (Learning to Be) နှင့် ပညာ ရေးအားဖြင့် မတူကွဲပြားမှုရှိသူများ ငြိမ်းချမ်းစွာ အတူတကွနေထိုင်နိုင်ရေး (Learning to Live Together) တို့ကိုလည်း အခြေခံထားသင့်ပါတယ်။

ထို့ပြင် ပညာရည်စစ်ဆေးတိုင်းတာမှု (Quality Assurance) ကို လွတ်လပ်သောပညာရှင်များဖြင့် ဆောင် ရွက်သင့်ပါသည်။ ဟာကွက်မရှိအောင် စဉ်းစားထားသော အရည်အသွေးဆိုင်ရာစံများကို စုပေါင်း ချမှတ်၍ အဂတိကင်းရှင်းစွာ တိုင်းတာသင့်ပါသည်။ ပညာရေးအရည်အသွေးတိုင်းတာမှုကို ပညာရေး အဆင့်အသီးသီးနှင့် ဒေသအသီးသီး၊ ကျောင်းအသီးသီးတွင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါသည်။ ပညာရေးအရည်အသွေးတိုင်းတာမှုအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာ မှ ကျခံသင့်ပါသည်။


(၁၀) အကြံပြုချက်များ
မြန်မာနိုင်ငံပညာရေး အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အောက်ပါအချက်များကို အကြံပြု အပ်ပါသည်။

o   ပညာရေးမူဝါဒနှင့် ဥပဒေများရေးဆွဲရာတွင် ပညာရေးလုပ်ငန်းများဆောင်ရွက်နေသည့် လူထုအဖွဲ့ အစည်းများ ပါဝင်ခွင့်ရှိသင့်သည်။ အကောင်အထည်ဖော်သည့်ကဏ္ဍတွင်လည်း အစိုးရပညာရေးဌာန များနှင့် လူထုအဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်သင့်သည်။ အစိုးရတာဝန်မယူနိုင်သေးသည့်ကဏ္ဍ များတွင် လူထုအဖွဲ့အစည်းများမှ ပါဝင်ဆောင်ရွက်နိုင်ပြီး၊ လူထုလိုလားချက်များကိုလည်း အစိုးရသို့ တင်ပြနိုင်ပါသည်။

o   မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒသည် ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဦးတည်သည့် ပညာရေးလွတ်လပ်ခွင့် ရှိသင့်ပါသည်။ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျှောက် လူမျိုးအသီး သီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရှိသင့်သည်။ ထို့ပြင် ဌာနေတိုင်း ရင်းသားများနှင့် လူထုအဖွဲ့အစည်းများက တည်ထောင်ထားသော ကျောင်းများနှင့် အစိုးရပညာရေး ဋ္ဌာနတို့ တွေ့ဆုံညှိနှိုင်းပြီး၊ အဆိုပါ ကျောင်းများကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် စတင် ဆောင်ရွက်သင့်ပါသည်။

o   ဒေသအလိုက်ရေးဆွဲသော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုသင့်သည်။ သို့မှသာ ဒေသခံတို့၏ ယဉ်ကျေး မှု၊ ဓလေ့ထုံးစံ၊ တန်ဖိုးထားမှုများ၊ သမိုင်းအစဉ်အလာများနှင့် သက်ဆိုင်ရာလူမျိုးအသီးသီး၏ ပညာ ဉာဏ်များ (Local Wisdom) လေ့လာသင်ယူနိုင်ပါမည်။ သို့ရာတွင် ဒေသတခုနှင့်တခု ကလေးများ ကျောင်းပြောင်းရွှေ့ သင်ယူရာတွင် လွယ်ကူရန် ဘုံရည်မှန်းချက်များ ပါဝင်သော သင်ရိုးညွှန်းတမ်း (Core Curriculum) တခုလည်း ရှိသင့်ပါသည်။

o   မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျှောက် မိခင် ဘာသာစကား အခြေပြုဘာသာစကား (၃) မျိုးစနစ်ကျင့်သုံးသင့်ပါသည်။ ကလေးများ ကျောင်းနေ ပျော်ပြီး ပညာရပ်များသင်ယူနိုင်ပါမည်။ မိခင်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကား (၃) မျိုးစလုံး ကျွမ်းကျင်စွာ တတ်မြောက်နိုင်သည့်စနစ် ဖြစ်ပါသည်။

o   မြန်မာနိုင်ငံ ဒေသအသီးသီးတွင် လူတိုင်းအကျုံးဝင်၍ (inclusive) ရာသက်ပန်သင်ယူနိုင်မှု (lifelong learning) ကို အားပေးသည့် အရည်အသွေးပညာရေး (quality) ကို ကလေးတိုင်း အညီအမျှ (equity) ရရှိစေရန် ဆောင်ရွက်သင့်သည်။ သင်ကြားနည်းစနစ်များ နှင့် စစ်ဆေးသည့် နည်းစနစ် များကိုလည်း ပြုပြင်သင့်သည်။ ကျောင်းသားများကိုယ်တိုင် အားထုတ်သင်ယူ၍ စဉ်းစားဆင်ခြင်မှုကို မြှင့်တင်သည့် သင်ကြားသင်ယူမှုများကို အားပေးသင့်သည်။ အလွတ်ကျက်မှတ်ဖြေဆိုရသည့် စာမေး ပွဲများအစား ကျောင်းသားများ၏သင်ယူမှုကို အားပေးမြှင့်တင်သည့် စစ်ဆေးနည်းများကို အသုံးပြုသင့် သည်။ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း ပြုပြင်သင့်သည်။

o ဆရာဆရာမများ၏ အရည်အသွေးမြင့်မားရေးကိုလည်း ဦးစားပေးဆောင်ရွက်သင့်သည့် အခြား အသက်မွေးဝမ်းကျောင်းများ၏ လစာထက် မနိမ့်သော လုံလောက်သည့်လစာ ချီးမြှင့်သင့်သည်။ ဆရာ ဆရာမများ စိတ်ဝင်စားသည့် ပညာရေးကဏ္ဍနှင့် ဘာသာရပ်များ ရွေးချယ်ခွင့်နှင့် အလုပ်အကိုင်နေရာ ရွေးချယ်ခွင့်များ ရှိသင့်သည်။

o   မြန်မာနိုင်ငံသမိုင်းတွင် အစဉ်အလာကြီးမားသော ကျောင်းသားများ၏ အခန်းကဏ္ဍကို အလေးအနက် ထားသင့်သည်။ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရှိသင့်သည်။

o   မသန်စွမ်းကလေးငယ်များ၏ ပညာရေးကိုလည်း ကျန်းမာရေးရှုထောင့်တမျိုးတည်းမှ ရှုမြင်ခြင်းထက် လူမှုရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့် အစရှိသည့် ရှုထောင့်အသီးသီးမှ ရှုမြင်၍ ကလေးအားလုံးနှင့် တန်းတူ မည်သည့်ကျောင်း၊ မည်သည့်ဘာသာရပ်၊ မည်သည့်ဒေသမဆို ပညာသင်ယူနိုင်မည့် အခွင့် အလမ်းများ ဖန်တည်းပေးသင့်သည်။ မသန်စွမ်းကလေးများသည် ကလေးအားလုံးနှင့်တန်းတူ အရည် အသွေးရှိသော ပညာရရှိရေး အတွက် လိုအပ်သောထောက်ပံ့ကူညီမှုများ ပေးသင့်သည်။

o   ပညာရေးအရည်အသွေး (Quality Assurance) တိုင်းတာရာတွင် အရည်အသွေးဆိုင်ရာစံများကို ဗဟို မှ ချမှတ်ခြင်းထက် ပညာရေးနှင့်သက်ဆိုင်သူအားလုံး ဒေသအားလုံး ပါဝင်ချမှတ်သည့် အရည်အသွေး စံ များဖြစ်သင့်သည်။ အရည်အသွေးကိုရှုမြင်ရာတွင် စီးပွားရေးတိုးတက်မှုအပြင် တခုသာမဖြစ်စေဘဲ၊ လူသား ဖွံ့ဖြိုးရေးဆိုင်ရာ အရည်အသွေးများ ပါဝင်သင့်သည်။


နိဂုံး။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံသားအားလုံး၏ ဘုံရည်မှန်းချက် (Common Goal) ကို ဦးတည်သင့်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအသီးသီး၏ ရည် မှန်းချက်များထည့်သွင်း ပါဝင်သင့်သည်။
နိုင်ငံခေါင်းဆောင်တဦး (သို့မဟုတ်) အစိုးရတရပ်သည် မိမိ၏ပညာရေးရည်မှန်းချက်နောက်သို့ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားလူမျိုးများအားလုံးကို လိုက်စေခြင်းသည်၊ လူမျိုးများ၏ လိုအပ်ချက်၊ နိုင်ငံ သားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိနိုင်ပါ။ နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အစိုးရ၏ ဆောင်ရွက် ချက်များသည် (နိုင်ငံသားများကိုချစ်၍ ဆောင်ရွက်သည်ဖြစ်စေ) အများ၏ ဆန္ဒနှင့် ထပ်တူမကျနိုင်ပါ။ မိသားစုတခုအတွင်း၌ပင် မိဘက သားသမီး၏ ဆန္ဒမပါဘဲ ဆူပူကြိမ်းမောင်းရိုက်နှက်၍ ကျောင်းသွားခိုင်း ခြင်းသည် သားသမီးကိုချစ်၍ ဆောင်ရွက်သည်ဆိုစေကာမူ၊ မိဘက သူ၏ဆန္ဒကိုသာ  ဦးစားပေးလုပ် ဆောင်ခြင်းဖြစ်သည်။ သားသမီး ကျောင်းမသွားလိုသည့် အခြေအနေအကြောင်းခြင်းရာကို လေ့လာစူးစမ်း မေးမြန်းသင့်သည်။ ကျောင်းတွင် မတရားအနိုင်ကျင့်ခံနေရသလား၊ ခွဲခြားဆက်ဆံခြင်းခံရသလား၊ ဘာသာ စကားအခက်အခဲရှိလား စသည်ဖြင့် သိအောင်လုပ်ပြီးမှသာ မိမိသားသမီးပျော်ပျော်ရွှင်ရွှင် ကျောင်းသွားနိုင် အောင် ဆောင်ရွက်ပေးသင့်သည်။

ပညာရေးတွင်လည်း နိုင်ငံသားများ၊ တိုင်းရင်းသားလူမျိုးများ၏ အတွေ့အကြုံခံစားချက်နှင့် ဆန္ဒ များကို သိရှိအောင်လုပ်ပြီးမှသာ မူဝါဒများ၊ ဥပဒေများ၊ အကောင်အထည်ဖော်မှုများ ဆောင်ရွက်သင့်သည်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုလည်း နိုင်ငံသားများ၊ တိုင်းရင်းသားများနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှသာ ရေးဆွဲသင့်သည်။ အစိုးရနှင့်တကွ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံသားများ၏ ပညာရေး ဘုံရည်မှန်းချက်ကို ဦးတည်သော ပညာရေးမူဝါဒများချမှတ်ရန် အကြံပြုအပ်ပါသည်။

လေးစားစွာဖြင့်
ဒေါက်တာသိန်းလွင် (NNER)
၂၀၁၇ မတ်လ (၁၀) ရက်။

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (NESP) စာအုပ်များကို မြန်မာနိုင်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန Website အင်တာနက် စာမျက်နှာတွင် ရယူ ဖတ်ရှုနိုင်ပါသည်။

Tuesday, March 14, 2017

မျှော်လင့်နေသော ပညာရေးနဲ့ ဝေဖန်သံတွေကြားက ပေါ်ထွက်လာသော မဟာဗျူဟာစီမံကိန်း || ခင်စန္ဒာမြင့် ||


မျှော်လင့်နေသော ပညာရေးနဲ့ ဝေဖန်သံတွေကြားက ပေါ်ထွက်လာသော မဟာဗျူဟာစီမံကိန်း
|| ခင်စန္ဒာမြင့် ||
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စတင်အကောင်အထည် ဖော်ပြီဆိုတဲ့ အကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားကတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရားဝင် ကြေညာခဲ့ပါတယ်။
ဒီစီမံကိန်းဟာ ဘက်စုံလွှမ်းခြုံနိုင်တဲ့ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (CESR) ရဲ့ အဆင့် ၁ နဲ့ ၂ အစီရင်ခံစာများ၊ ပညာရေး လုပ်ငန်းအဖွဲ့ရဲ့ အစီရင်ခံစာများ၊ အမျိုးသား ပညာရေးဥပဒေ (၂၀၁၄) နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေ (၂၀၁၅)၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများနဲ့ အစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများစတဲ့ သတင်းအချက်အလက် အရင်းအမြစ် ၅ ခုကို အခြေခံ၍ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့လည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံဟာ Global Partnership For Education (GPE) အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီး၊ GPE ကလည်း မြန်မာနိုင်ငံကို ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇၃.၇ သန်း ထောက်ပံ့မှု ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ ကူညီပေးမှုတွေ ရနိုင်ဖို့အတွက် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကတော့ လူ့အခွင့်အရေး စံနှုန်းတွေပါဝင်တဲ့ အမျိုးသား ပညာရေးဥပဒေ ရေးဆွဲရေး၊ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်များပါဝင်တဲ့ နိုင်ငံတော်အဆင့် ကော်မတီများ ဖွဲ့စည်းရေး စတာတို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုစံသတ်မှတ်မှုတွေက တဆင့် ရေးဆွဲထားတဲ့ NESP စီမံကိန်းကို စတင်အကောင်အထည် ဖော်ပြီလို့ ကြေညာပြီးတဲ့ နောက်မှာတော့ ပညာရပ်ဝန်း အသိုင်းအ၀ိုင်းတွေကြားမှာ ကျယ်လောင်တဲ့ ဝေဖန်သံတွေ ပေါ်ထွက်လာပါတယ်။
NESP စီမံကိန်းအတွက် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်နိုင်မှု ဒီဝေဖန်သံတွေထဲက တခုကတော့ NESP စီမံကိန်းကို ရေးဆွဲတဲ့အခါမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ နောက်ဆုံးမှ သိခွင့်ရခဲ့ကြတယ် ဆိုတာပါပဲ။
တကယ်တော့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(မူကြမ်း)ဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ကတည်းက ထွက်လာခဲ့တာပါ။ ဒါပေမဲ့ ပညာရေးဆက်စပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လက်ထဲကိုတော့ ရောက်ရှိဖို့ နှောင့်နှေးနေခဲ့တဲ့အတွက် အခုလိုဝေဖန်သံတွေ ပေါ်ထွက် လာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ NESP စီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးမူ ကဏ္ဍမှာကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၅ ခုနှစ်အတွင်း CESR အဖွဲ့ဝင်တွေဟာ ပညာရေးမှာ ပူးပေါင်းဆောင်ရွက်သူ ၃,၁၉၉ ဦးနဲ့ ညှိနှိုင်းဆွေးနွေးပွဲ ၁၀၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာလည်း CESR အဖွဲ့ဝင်တွေဟာ တနိုင်ငံလုံးရှိ ခရိုင်ပေါင်း ၄၃ ခုမှာ ပညာရေး ပူးပေါင်း ဆောင်ရွက်သူ ၁၃,၀၀၀ ဦးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သပြေပညာရေး ဖောင်ဒေးရှင်းက အမှုဆောင် ဒါရိုက်တာ ဆရာစောမျိုးမင်းသူ ကတော့ NESP စီမံကိန်း ပေါ်ပေါက်လာဖို့ အတွက် အခြေခံဖြစ်တဲ့ CESR ရဲ့ လုပ်ငန်းဆောင်ရွက်မှု အပိုင်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ အတိုင်းအတာတခုအထိ ပါဝင်ခွင့်ရခဲ့ကြပေမယ့်၊ တကယ်တမ်း NESP စီမံကိန်းရေးဆွဲမှု အပိုင်းမှာတော့ နိုင်ငံခြားက ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တဲ့အတွက် ဒီစီမံကိန်းဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အတွက်တော့ ရင်းနှီးကျွမ်းဝင်မှု မရှိသလို ဖြစ်နေတယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ကို နေပြည်တော်မှာ တရားဝင် ထုတ်တော့မယ် ဆိုတော့မှ၊ တပတ်ကျော် နှစ်ပတ်လောက် အလိုကျမှ ပညာရေးဝန်ကြီးဌာနက UNICEF ကနေတဆင့် ခေါ်တွေ့တယ်ဆိုတော့ ဒီမဟာဗျူဟာ စီမံကိန်းရဲ့ ဖြစ်စဉ် တလျှောက်မှာ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှုရှိခဲ့တယ်လို့ မယူဆမိဘူး” လို့ သပြေပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူက ပြောပါတယ်။
ဒါပေမဲ့ ပညာရေး သုတေသနဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောရာမှာတော့ ဒီအမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းဟာ ပြည်တွင်း၊ ပြည်ပ အကြံပေးပညာရှင်တွေက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အကောင်အထည် ပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် NESP ရဲ့ အခြေခံမူတွေထဲက လက်လှမ်းမီရေးမူမှာတော့ ‘ပညာရေး ၀န်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းကို ပြည်သူလူထုတရပ်လုံးက လက်လှမ်းမီနိုင်ရန် အထူးအလေးပေး ဆောင်ရွက်ခဲ့ ပါသည်’ လို့လည်း ဖော်ပြထားပါတယ်။
မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့်ရှိရေး လှုပ်ရှားမှုကော်မတီက တွဲဖက်အတွင်းရေးမှူး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) အဖွဲ့ဝင် ကိုရဲဝင်းကတော့ “ပြည်သူတွေကို ချပြဖို့မပြောနဲ့ ပညာရေးကို ထဲထဲဝင်ဝင် လုပ်နေပါတယ်ဆိုတဲ့ ပညာရေး အဖွဲ့တွေကိုတောင် ဒီစီမံကိန်းကိုချပြဖို့ နှောင့်နှေးကြန့်ကြာ နေတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။
ဒါ့အပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောာင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးမှာလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိနေတဲ့အပြင်၊ ကိုယ်စားလှယ် ရွေးချယ်မှုအတွက် တွေ့ဆုံဆွေးနွေးပွဲ တွေကိုလည်း ရက်ရွှေ့ဆိုင်းတာမျိုးတွေ ရှိနေခဲ့ပါတယ်။
ထိုသို့ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ “မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းလား၊ ပညာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့သူ တကယ်ဟုတ်ရဲ့လား၊ တကယ်ကော အကျိုးပြုရဲ့လား ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်စားလှယ် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်တွေကို ရေးဆွဲရမယ်။ ဒီစံတွေနဲ့ညီမှသာ ကိုယ်စားလှယ်ဖြစ်လာမယ်” လို့ ပြောပါတယ်။
ဒီပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဟာ အစိုးရဘက်က ၃ နေရာ၊ ဖွံ့ဖြိုးရေး မိတ်ဖက်တွေက ၂ နေရာ၊ INGO တွေဘက်က ၂ နေရာနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က ၂ နေရာဆိုပြီး ၉ ဦး ကော်မတီ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေက ပညာရေးအတွက် အကောင်အထည် ဖော်ရမယ့် အချက်တွေ အပါအ၀င်၊ GPE က မြန်မာ့ပညာရေးအတွက် ထည့်ဝင်ငွေတွေနဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်မှုတွေကို ပြုလုပ်မှာ ဖြစ်သလို၊ စီမံကိန်းရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သုံးသပ်မယ့် အဖွဲ့လည်း ဖြစ်ပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့များသာ ဖြစ်ရမယ်ဆိုပြီး အစိုးရဘက်က ကန့်သတ်ထားသော်လည်း မြန်မာ့ပညာရေး ကဏ္ဍအတွက် ဒေါ်လာ ၇၃.၇ သန်း ထည့်ဝင်ပေးမယ့် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်မှာတော့ ပညာရေးအတွက် အမှန်တကယ် ပြုလုပ်နေသော အဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးရမယ် လို့သာ ပါရှိပါတယ်။
ဒီလိုအရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပါဝင်ခွင့်ရမှုအပေါ် သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး သပြေပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူက ပြောရာမှာတော့ “အရင်အစိုးရ လက်ထက်ကထက် အခုအစိုးရသစ် လက်ထက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုဟာ ပိုပြီးလျော့နည်းလာတယ်” လို့ ဆိုပါတယ်။
*** စီမံကိန်းပါ ကဏ္ဍများနှင့် အကောင်အထည်ဖော်မှု
ဒီ NESP စီမံကိန်းနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေထဲက နောက်တချက်ကတော့ စီမံကိန်းပါ ကဏ္ဍတွေနဲ့ အကောင်အထည် ဖော်နိုင်မှုတို့ပဲ ဖြစ်ပါတယ်။
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပညာရေးကဏ္ဍမှာ မဟာဗျူဟာမြောက် အပြောင်းအလဲ ၉ ခုဖြစ်တဲ့ မူကြိုနှင့် သူငယ်တန်း ပညာရေး၊ ၂၁ ရာစု အခြေခံပညာ ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံပညာရေး- အခွင့်အလမ်း၊ အရည်အသွေးနဲ့ လူတိုင်းအကျုံးဝင်မှု၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ ပညာရည် စစ်ဆေး အကဲဖြတ်ခြင်းနဲ့ စာမေးပွဲများ ကျင်းပခြင်း၊ ဆရာအတတ် ပညာရေးနဲ့ စီမံခန့်ခွဲမှု၊ ကျောင်းပြင်ပနဲ့ တသက်တာ ပညာရေး၊ နည်းပညာနဲ့ သက်မွေး ပညာရေးနဲ့ လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာရေး စတဲ့ အပြောင်းအလဲ ကဏ္ဍတွေနဲ့ အဆင့်ဆင့် ပြုလုပ်သွားမယ်လို့ NESP စီမံကိန်းမှာ ဖော်ပြထားပါတယ်။
ဒီကဏ္ဍကြီး ၉ ခုမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ကဏ္ဍ ၇ ခုမှာသာ ပါဝင် ဆွေးနွေးခွင့်ပေးပြီး၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့ မူကြိုနှင့် သူငယ်တန်း ပညာရေးဆိုတဲ့ ကဏ္ဍနှစ်ခုကိုတော့ အစိုးရက တိုက်ရိုက်ကိုင်တွယ် စီမံမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားသော ‘အခြေခံပညာ သင်ရိုး ညွှန်းတမ်းကို ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့်သာ ပြုပြင်ပြောင်း လဲနိုင်သည်’ ဆိုသော အချက်ဖြင့် NESP ၏ သင်ရိုးညွှန်းတမ်း ကဏ္ဍကို အစိုးရက တိုက်ရိုက်ထိန်းချုပ်မှုဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အခြေခံ အုတ်မြစ်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုနှင့်၊ ဖက်ဒရယ်ပညာရေး အတွက် မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။
“အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းဟာ ကျွန်တော်တို့ ထူထောင်ချင်တဲ့ ဖက်ဒရယ်ပညာရေးနဲ့ တက်တက်စင်အောင် လွဲနေပါတယ်” လို့ သပြေ ပညာရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာစောမျိုးမင်းသူက ပြောပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ သင်ရိုးညွှန်းတမ်းကို နေပြည်တော်မှာရှိတဲ့ လူတစုနဲ့ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဟာ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ သဘောရယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်ဆိုတဲ့ သဘောတွေရယ်နဲ့ တက်တက်စင်အောင် လွဲနေပါတယ်လို့ ဆရာ ဦးစောမျိုးမြင့်သူက ဆက်လက် ထောက်ပြခဲ့ပါတယ်။
သို့သော် NESP တွင် ဖော်ပြထားသော အခြေခံသင်ရိုးညွှန်းတမ်း ကဏ္ဍ အတွက် ပြုလုပ်မယ့် မဟာဗျူဟာ ၃ ရပ်အနက် မဟာဗျူဟာ ၁ နဲ့ ၂ တို့ရဲ့ လုပ်ငန်းစဉ် - ၃ မှာတော့ နိုင်ငံသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်တတ်ရန် တိုင်းရင်းသား ဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဆိုတဲ့ ကဏ္ဍတွေကို ထည့်သွင်းဖော်ပြ ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မူကြိုနဲ့ သူငယ်တန်း ပညာရေးကဏ္ဍကို အကောင် အထည်ဖော်မယ့် ကဏ္ဍ ၄ ရပ်ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ ‘မူကြိုဝန်ဆောင်မှု ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိအားကောင်းအောင် ဆောင်ရွက်ခြင်း’ ဆိုတဲ့ ကဏ္ဍရဲ့ လုပ်ငန်းအစီအစဉ်-၁ မှာတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကဏ္ဍတို့က ပညာရေးတွင် ပူးပေါင်း ဆောင်ရွက်သူများနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ တကယ် လက်တွေ့ အကောင်အထည်ဖော်မှုမှာတော့ အဆိုပါ မူကြိုနှင့် သူငယ်တန်း ပညာရေးကဏ္ဍ အတွက် အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ခွင့်မရှိဘူးလို့ ကိုရဲဝင်းကပြောပါတယ်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) ဟာ (၂၀၁၆-၂၀၂၁) ငါးနှစ်တာ ကာလစီမံကိန်းဆိုပြီး ဖော်ပြ ထားသော်လည်း စီမံကိန်းကို စတင်အကောင်အထည် ဖော်ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာလိုက် သည့် ကာလကပင် မူလစီမံကိန်းတွင် လျာထားထားသည့် ကာလထက် ၁ နှစ်နီးပါး နောက်ကျနေခြင်းကလည်း ဒီစီမံကိန်းအပေါ် ထောက်ပြဝေဖန်စရာ ဖြစ်နေပြန်ပါတယ်။
“ဒီစီမံကိန်းဟာ အကောင်အထည် ဖော်မှုအပိုင်းမှာ အားနည်းတယ်ဆိုတာကို တွေ့ရတယ်။ အခုကတည်းက အချိန်အရ အားနည်းနေတာကို တွေ့နေရ တယ်။ ဒီစီမံကိန်းပါ အကြောင်းအရာတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ် ဆိုရင်တောင် ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု ဆရာဦးမျိုးမင်းသူက ပြောပါတယ်။
*** စီမံကိန်းနှင့် ဘဏ္ဍာငွေ
NESP စီမံကိန်းကို အကောင်အထည်ဖော်မှု အပိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပညာရေးအသုံးစရိတ် ဘဏ္ဍာငွေ အပိုင်းကိုလည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဦးစားပေး အစီအစဉ်များအရ ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးဝန်ကြီးဌာနဟာ စတုတ္ထနေရာမှာ ရှိနေပြီး၊ ငွေကျပ် ၁,၇၆၄ ဘီလီယံဖြစ်ကာ စုစုပေါင်း အသုံးစရိတ်များ၏ ၈.၄၄ ရာခိုင်နှုန်းသာ ရရှိနေပါတယ်။
မဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတာကတော့ NESP စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်းစဉ်များနဲ့ မျှော်မှန်းရလဒ်များ၏ ၈၀ရာခိုင်နှုန်းကို အကောင်အထည် ဖော်မည်ဆိုပါက ၂၀၁၆-၂၀၂၁ ငါးနှစ်တာ ကာလအတွင်း ပညာရေးအတွက် နှစ်စဉ် အသုံးစရိတ်သည် ၂ ဆထက်မက မြင့်တက်လာမှာဖြစ်ပြီး ကျပ်သန်းပေါင်း ၁၄,၄၇၄,၆၆၃ သန်း ကုန်ကျမယ်လို့ ဖော်ပြထားတဲ့အတွက်၊ တနှစ်ချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျပ်သန်းပေါင်း ၂,၈၉၄,၉၃၂ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရဟာ ဒီစီမံကိန်းအတွက် နိုင်ငံတော်က ထည့်ဝင်မှုရှိသော်လည်း နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှု တွေပေါ် မူတည်ပြီး ရေးဆွဲထားသလို ဖြစ်နေပါတယ်။ နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှုဟာ နှစ်ကာလ အပိုင်းအခြားနဲ့ ရှိတဲ့အတွက် စီမံကိန်းတခုလုံး စဉ်ဆက်မပြတ် တိုးတက် အကောင်အထည် ဖော်နိုင်ရေး အတွက် ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က ဝေဖန်အကြံပြု ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
“မြန်မာနိုင်ငံရဲ့ ပညာရေးက ဘတ်ဂျက်တွေ အများကြီးသုံးပြီး ပြောင်းလဲမှ အဆင်ပြေမှာ။ နိုင်ငံခြားက အလှူရှင်တွေဆီက ပိုက်ဆံရမှာကိုလည်း ၀မ်းသာပါတယ်။ ဒါပေမဲ့ အစိုးရက အခွန်တွေပေါ် မူတည်ပြီး စီမံကိန်းကို ရေးဆွဲရင်တော့ ပိုကောင်းတာပေါ့” ဟု ကိုရဲဝင်းက ဆိုပါတယ်။
NESP စီမံကိန်းကြီးဟာ မသန်စွမ်း ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍအချို့၊ အဆင့်မြင့်ပညာ၊ အသက်မွေး ၀မ်းကျောင်းပညာနဲ့ ဆရာခန့်ထားမှု စတဲ့အပိုင်းတွေမှာလည်း အားနည်းချက်အချို့ ရှိနေပါတယ်လို့ အရပ်ဘက် အဖွဲ့အစည်း အများစုက ထောက်ပြဝေဖန် နေကြပေမယ့်လည်း သူတို့အားလုံးဆီက တူညီတဲ့ အသံကတော့ … …
“ဒီစီမံကိန်းက ပညာရေးပြောင်းလဲမှု ကဏ္ဍအတွက် အထောက်အကူ ပြုမယ် လို့ မျှော်လင့်ပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။
(မတ် ၁၀၊ ၂၀၁၇)
ခင်စန္ဒာမြင့်
The Ladies News


comment...
အမ်အီးစီအဖွဲ့က NESP ကိုမြန်မာပြည်က CSO အဖွဲ့တင်ပြချက်များအရ ဖိုင်နယ်မူကြမ်းကို ၂၀၁၅ ဒီဇင်ဘာမှာ ပြီးစီးတယ်လို့ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရပေမဲ့ ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်ကတော့ အစိုးရဟောင်းများရဲ့ လက်ထဲမှာပဲ ရှိပုံရပါတယ်။ ဝက်ဆိုဒ်မှာဝင်ကြည့်တော့ ...မြန်မာ့ပညာရေးမြှင့်တင်မှုလက်တွဲဆောင်ရွက်ရေးအဖွဲ့ MEC Team ရဲ့ အဖွဲ့ဝင်ဓါတ်ပုံများ၊ Donors အလှုရှင်များ၊ Partners ပါတနာများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါတယ်။ အဖွဲ့ရဲ့ ထိပ်ဆုံး ၃ဦးကတော့ နိုင်ငံခြားသားများဖြစ်နေပြီး CSO ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဘယ်မှာရှာကြည့်ရမလဲ မသိပါ။ MEC publication website မှာလဲ NESP final draft ကိုဒေါင်းလုပ်ဖို့ မတွေ့ပါ။ ဧရာမအဖွဲ့အစည်းကြီးဖြစ်တဲ့အတွက် မြန်မာပညာရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ပညာရေးဝန်ထမ်းများအားလုံး မင်ဘာဝင်ပြီး ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ၂၂၆ ဦးဝိစာရလမ်း ရန်ကုန်၊ 01375739 ext 516, 01375479 ext 516 01375791 ext 516, email info@myanmareducationconsortium.org

Monday, March 6, 2017

ရေနံချောင်းဆရာမတဦးနဲ့တဒင်္ဂတွေ့ဆုံခြင်း (ပညာရေး ၂၀၁၇)


ရေနံချောင်းဆရာမတဦးနဲ့တဒင်္ဂတွေ့ဆုံခြင်း
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်အထက်တန်းကျောင်း တက်ခဲ့တဲ့ ရေနံချောင်းမြို့ဟာ မြန်မာ့သမိုင်းမှာ နာမည်ကြီးပါတယ်။ သခင်ဘိုးလှကြီး ရေနံမြေသပိတ်ပြီးတော့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့အစ်ကို ဦးဘဝင်းတို့ နိုင်ငံရေးဇာတိမြို့ဖြစ်ပါတယ်။
.
သူကတော့ ပညာရေးမှာ အကျမရှိ ၁၀တန်းအထိ ပညာရေးကို မနှစ်သက်ပါဘူး။ ကျောင်းသားများက စာမကြည့်လဲ အောင်မှာသိနေတဲ့အတွက် ပိုပြီး ညံ့လာနိုင်ကြောင်း၊ ၁၀တန်းအဆင့်ဆိုပေမဲ့ ၆တန်းအဆင့်ပဲရှိတယ်ဆိုတာ လက်ခံကြောင်း၊ ကျောင်းမှာ အချိန်ကုန်အောင် စာချပေး လိုက်ရေးစေခြင်းများက အခုလက်ရှိ မြန်မာနိုင်ငံကျောင်းတွေမှာ အကောင်းဆုံးဖြစ်နေကြောင်း၊ ဒါမှ ကလေးတွေ ကျောင်းမှာ အချိန်ကုန်သွားစေမဲ့အကြောင်း၊ တတ်အောင်သင်ပေးမဲ့ ဆရာထက် ..ကလေးတွေကို စာရိတ္တမြင့်မားစေရေး၊ စာမေးပွဲအောင်ရေးတွေကို မိဘတွေက ဦးစားပေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။
.
ရိုက်ပြီး စာသင်ခြင်းကိုလဲ .. မရိုက်ရင် မလေးစားကြောင်း၊ မိမိအတန်းမှာ ကျောင်းသာ ၆၅ယောက် ရှိတော့ အားလုံးကို ဂရုမစိုက်နိုင်ကြောင်း၊ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းတခုမှာ ၈တန်းကျောင်းသား ၁၅ဦးပဲ ရှိတယ်ဆိုတော့ ဒီလိုကျောင်းလေးတွေမှာ ဂရုပိုစိုက်နိုင်မှာဖြစ်ကြောင်း။ မိမိအတန်းကို ကျောင်းအပ်ချင်တဲ့ မိဘတွေ များစွာရှိကြောင်း၊ မိမိက ကျောင်းသားများကို မေတ္တာနဲ့ ဆူပူပြောဆိုတတ်ပေမဲ့ မေတ္တာနဲ့စာသင်ပေးကြောင်း၊ အတန်းထဲမှာ စာတော်တဲ့ကျောင်းသားကိုပဲ ဆရာမ များက နှစ်သက်ပေမဲ့ ပိုက်ဆံချမ်းသာတဲ့ ကျောင်းသားများစွာလည်း ကျမအတန်းကို ဝင်ခွင့်ရဖို့ နည်းမျိုးစုံနဲ့ ရောက်လာလို့ ကျောင်းသားများနေခြင်း ဖြစ်ကြောင်း။ ကျောင်းအုပ်ဆရာကြီးကလည်း မလွန်ဆန်နိုင်တဲ့အကြောင်းများကြောင့်ျမအခန်းမှာ ကျောင်းသားထည့်ပေးရင်.. မိဘတွေကို .. ကျမ ရိုက်တဲ့အကြောင်း၊ ရိုက်နှက်စာသင်တတ်ကြောင်းကို ပြောပြီးမှာ လက်ခံကြောင်း ပြောပါတယ်။
အရင်လို အမှတ်ပေးစနစ်မဟုတ်တော့ပဲ Grade A, B, C, D ပြောင်းလိုက်ခြင်းက ကျောင်းသားတွေ စာသိပ်မကြိုးစားတော့ဘူး ဖြစ်လာကြောင်း။
အချိန်ပိုသင်လို့ ကျောင်းဆရာမတွေ စိတ်ပျက်တာလည်း သဘာဝကျကြောင်း၊ ကျမက သင်နိုင်တယ်၊ သင်ချင်တယ် ဆိုပေမဲ့ ကျန်တဲ့ ဆရာမတွေက .."ရှင်ကတော့ စားဝတ်နေရေး မကြောင့်မကျ နေနိုင်တယ်။ မိသားစုမရှိ တကိုယ်တည်းသမား ဆိုတော့ ..သင်နိုင်မျာပေါ့ " ..လို့ ပြောကြပါတယ်။ ဒါလည်း တဖက်ကကြည့်ရင် ဟုတ်ပါတယ်။ ကျောင်းဆရာမတွေလဲ မိမိတိုက ပိုက်ဆံရမဲ့ အပြင်ဝိုင်း စာသင်ရရင်တော့ သင်ချင်ကြမှာဖြစ်ပေမဲ့ ..လခထက်ပိုမရတဲ့ အချိန်ပိုသင်ခြင်းကို မနှစ်သက်တာ သဘာဝကျကြောင်း ပြောပါတယ်။ (ဆရာမအတွက် အချိန်ပိုကြေး အနည်းငယ် ကျောင်းသားများ ပေးကြပါသည်။ တလ ၅သောင်းလောက်ရလဲ မဆိုးလှပါ)။
.
စာညံ့တာထက် ဆရာမတွေကို ကလန်ကဆန်၊ အတန်းထဲမှာ ငါခုံးမလို ပုပ်စေမဲ့ ကျောင်းသားကိုတော့ ထုတ်ပယ်ပစ်လိုက်ချင်ပါတယ်။ ဒါပေမဲ့ အခု မြန်မာပညာရေးစနစ်က ကျောင်းသား ကျောင်းမလာတော့ပဲ ကျောင်းထွက်မယ်ဆိုရင် ဆရာတွေ Report လုပ်ရတော့ ကျောင်းမထွက်သွားအောင် လုပ်ရပြန်ပါတယ်။ စာသင်အရွယ်မှာ ကျောင်းမှာပဲ နေစေတဲ့ ခေတ်သစ်ပညာရေးစနစ်သစ်ဖြစ်ပေမဲ့ ကျင့်သုံးဖို့ ခက်ခဲနေဆဲပါ။
.
ကျောင်းသားကို ဒေါသမထိန်းနိုင်ပဲ ရိုက်နှက်လို့ ဖေ့ဘုတ်မှာ တင်ခံလိုက်ရမှာ ဆရာမတွေ အကြောက်ဆုံးဖြစ်နေပါတယ်။ ပိုက်ဆံရှိမိဘများ၊ မီဒိယာသမားမီဘများက လုပ်တတ်ပါတယ်။ တချို့ဆို ရိုက်နှက်ပြီးချိန်မှ ဖေ့ဘုတ်ပေါ် မိဘများက တင်လိုက်ချိန်မျာတော့.. ကန့်တော့ပွဲနဲ့ သွားတောင်းပန်ဖို့ အသင့်ပြင်ထားတဲ့ ဆရာမတွေ ရှိပါတယ်။ မြန်မာတွေက တောင်းပန်လိုက်ရင် ကြေအေးလေ့ ရှိတဲ့ သဘာဝရှိပါတယ်။ ကျမတော့ ရိုက်ပေမဲ့ တိုင်ခံရတာ၊ ဖေ့ဘုတ်တင်ခံရတာ မရှိပါဘူး။ မြန်မာနိုင်ငံကတော့ ရိုက်နှက် သင်စနစ် လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောပြသွားပါတယ်။
.
.
မိမိအတွက် သင်ခန်းစာများ
.
မရိုက်မနှက်ပဲ သင်ကြားခြင်းက ကမ္ဘာထိတ်တန်း အမေရိကန်နိုင်ငံမှာ ကျင့်သုံးနိုင်ပေမဲ့ စင်ကာပူကျောင်းများကတော့ ရိုက်နှက်သင်နေဆဲ ဖြစ်ပါတယ်။ ဒေါသမပါတဲ့ အပြစ်ပေးခြင်းနဲ့ ကျောင်းသားရဲ့ စာရိတ္တပညာရေး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကတော့ စာရိတ္တကို ဦးစားပေးပြီး တတ်မြောက်ရေးကိုလည်း အရေးထားပါတယ်။ စင်ကာပူမှာ အအောင်မနေရ ၁၀တန်းအထိ ကျင့်သုံးခြင်းက သူတို့ကျောင်းဆရာမတွေ လစာကောင်းပါတယ်။ စားဝတ်နေရေး ဖူလှုံပါတယ်။ Grade A, B, C, D သင်ကြားခြင်းကလည်း အဆင့်၁၊ ၂၊ ၃ ထိပ်တန်းရဖို့ မတရားပြိုင်ဆိုင်မှုကို နည်းပါးစေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာလဲ ကလေး ကျူရှင်ပြခြင်းက အလွန်ကောင်းတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်နေဆဲပါပဲ။ ကျူရှင် ကတော့ အမေရိကန် အထက်တန်းကျောင်းတွေမှာ နည်းပါးပေမဲ့ အာရှတိုက် စင်ကာပူပညာရေးမှာတော့ ကလေး အမှတ်ကောင်းအောင် ကျူရှင်စနစ် အားကောင်းနေပါတယ်။ မိဘတိုင်းက မိမိကလေးကို Grade A ရစေချင်တာ သဘာဝပါ။ ပြိးတော့ ၈တန်း၊ ၁၀တန်း Grade ကောင်းမှ လိုင်းကောင်း ဆရာဝန်၊ အင်ဂျင်နီယာ တက္ကသိုလ်ကောင်းကောင်း တက်ရမယ်ဆိုတော့ ကျူရှင်အားကိုး ကြိုးစား နေရတာပါပဲ။
.
စင်ကာပူပညာရေးရဲ့ အဓိကအချက်က စာရိတ္တပညာဖြစ်လို့ အချိန်ပိုစာသင်ခြင်းလို အဓိပ္ပါယ်မရှိတဲ့ ဆရာများ အချိန်ဖြုန်းခြင်း မရှိပါဘူး။ ကျောင်းစာသင်ချိန်အတွင်းမှာ Effective Teaching ထိရောက်စွာ သင်ကြားကြပါတယ်။ ကျောင်းသားများကလည်း မြန်မာပြည်က ကျောင်းသားများလို (ခပ်ရှင်းရှင်းပြောရရင်) မပျင်းယိကြပါဘူး။ မနာခံခြင်းကတော့ ကလေးသဘာဝ ရှိပေမဲ့ .. သူတို့စိတ်ဝင်စားစေတဲ့ CCA ဆိုတဲ့ ဘာသာရပ်တခုနဲ့ ထိန်းထားပါတယ်။ ကျောင်းသားတိုင်း CCA ကျောင်းပြင်ပ တဘာသာကို မယူမနေရ ယူရပါတယ်။ စာကြည့်တိုက်၊ ကြက်ခြေနီ၊ ကင်းထောက်၊ ဘရောင်နင်၊ အားကစား (ဘောလုံး၊ ဘောလီဘော၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ပြေခုန်ပစ်) စတဲ့ ဘာသာရပ်တွေနဲ့ တရုန်းရုန်း စာသင်ချိန်အတွင်း နဲ့ စာသင်ချိန်ပြင်ပတွေမှာ အချိန်တွေ ဖြုန်းခိုင်းနေခြင်းက တိုးတက်တဲ့ နိုင်ငံများရဲ့ အားသာချက်ဖြစ်ပါတယ်။
.
.
မိမိ တူတော်မောင် (မိဘမဲ့ကလေး)
.
လက်ရှိ မိမိအိမ်က တူတော်မောင်ကတော့ ၈တန်းစာမေးပွဲ ပြီးသွားပါပီ။ ဒီသူငယ်ကို သင်ကြားပေးခြင်းအားဖြင့် အလွန်ညံ့ဖျင်းရခြင်း အကြောင်းရင်းကို လေ့လာဆန်းစစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘများ စာသင်ပေးရာမှာ ဆရာကိုရိုသေလေးစားတဲ့ ကျောင်းသားအားလုံး စာတော်တဲ့အဆင့်မှာ ရှိပါတယ်။ အလွန်ညံ့တဲ့ ကျောင်းသားများ မိမိရဲ့ တူဖြစ်သူအပါဝင် အဓိကအချက် ၂ချက်ရှိပါတယ်။ ၁။ ဥာဏ်ရည်နှိမ့်ခြင်း၊ ၂။ စိတ်မပါခြင်း တို့ဖြစ်ပါတယ်။ ဥာဏ်ရည်နှိမ့်သူကိုလည်း ငယ်စဉ်ကတည်းက စာရိတ္တပညာ (ဘာသာတရားရဲ့ဆုံးမမှု) ရှိနေရင် ဒီကလေးအဖို့ ၁၀တန်းအောင်၊ ဘွဲ့ရ ဖြစ်သွားမှာပါပဲ။ ဒါပေမဲ့ ..ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားဘဝကိုပဲ ရောက်သွားကြတာ များပါတယ်။ အထူးသဖြင့် ကျေးလက်တောများက မိဘများက ကလေးအကြီး ၁၀နှစ်မပြည့်ခင်တောင် မြို့ပေါ်က စားသောက်ဆိုင်များမှာ တလ၃သောင်းနဲ့ အလုပ်ခိုင်းစားနေတာ ဝမ်းနည်းစရာဖြစ်ပါတယ်။ စိတ်မပါခြင်းကတော့ ဘယ်ကလေးမှာ စာသင်ရမှာ စိတ်ပါတာမရှိပါဘူး။ အလေ့အကျင့်လုပ်ပေးခြင်းနဲ့ စိတ်မပါပဲ တက်ရမှာပါပဲ။ မိမိ တူတော်မောင်ကို ကားဝပ်လျှော့၊ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်တပ် စာသင်ကျောင်းတွေကို ပို့ဖို့၊ မြို့ပေါ်က မိဘမဲ့ကျောင်းကို ပို့ဖို့ စဉ်းစားတိုင်း .. ဒီ အရွယ်က ဆေးလိပ်၊ အရက် စမ်းနေတယ်။ ရီးစားထားချင်တယ်၊ ပျက်စီးဖို့အလွယ်လေးပါပဲ။ စာသင်မဲ့အရွယ်ပဲ၊ ကျောင်းပဲ ထားရမယ်။ ကျောင်းထားရင်း ဘာသာရေးအဆုံးအမနဲ့ ဘုရားတရားပညာသင်ပေးရမယ် လို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ၁၀တန်းအထိ အကျရှုံးမရှိ ပညာရေးကို ထောက်ခံပါတယ်။ ၁၀တန်းမှာ ၂၀% ပဲအောင်ကြတယ်။ ၈၀%ကတော့ ကျရှုံးတယ်။ စင်ကာပူမှာတော့ ၁၀တန်းလဲ မအောင်မရှိပါဘူး။ အောင်တယ်။ ဒီဂရီ ဘွဲ့ရအောင် တက္ကသိုလ်ကောလိပ် ဆက်မတက်နိုင်ပဲ သက်မွေးပညာကို ITE, Poly သွားရတယ်။ အားလုံး အောင်တဲ့ စင်ကာပူပညာရေးပါ။ မြန်မာပြည်နဲ့ ကိုက်အောင် မြန်မာစရိုက်နဲ့ သင်ကြားရမှာပါပဲ။
.
ရန်ကုန်မြို့ အစိုးရကျောင်းကြီးများ၊ ပုဂ္ဂလိကကျောင်းများ စင်ကာပူနဲ့နိုင်ငံခြားကျောင်းများမှာ ပညာသင်ခွင့်ရတဲ့ ကျောင်းသားများကတော့ ကုသိုလ်ကောင်းပါတယ်။ ကလေး တဝက်ကျော်က အခြေခံပညာကို ၈တန်းတောင် မသင်ကြားရတဲ့ ပညာရေးစနစ်ကို ပြောင်းလဲဖို့ကတော့ ဆရာများအတွက် စားဝတ်နေရေးကို အစိုးရက ဘယ်လိုဖြေရှင်းမလဲ .. အခြေခံဆရာ၎သိန်းကျော်ကို ..ဘယ်လိုပံ့ပိုးမလဲ.. ဆိုတဲ့ ပညာရေးပေါ်လစီပဲဖြစ်ပါတယ်။
.
.
အမ်အီးစီအဖွဲ့က NESP (ပေါ်လစီပံ့ပိုးရေးအဖွဲ့)
မြန်မာပြည်က CSO အဖွဲ့တင်ပြချက်များအရ ဖိုင်နယ်မူကြမ်းကို ၂၀၁၅ ဒီဇင်ဘာမှာ ပြီးစီးတယ်လို့ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရပေမဲ့ ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်ကတော့ အစိုးရဟောင်းများရဲ့ လက်ထဲမှာပဲ ရှိပုံရပါတယ်။ ဝက်ဆိုဒ်မှာဝင်ကြည့်တော့ ...မြန်မာ့ပညာရေးမြှင့်တင်မှုလက်တွဲဆောင်ရွက်ရေးအဖွဲ့ MEC Team ရဲ့ အဖွဲ့ဝင်ဓါတ်ပုံများ၊ Donors အလှုရှင်များ၊ Partners ပါတနာများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါတယ်။ အဖွဲ့ရဲ့ ထိပ်ဆုံး ၃ဦးကတော့ နိုင်ငံခြားသားများဖြစ်နေပြီး CSO ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဘယ်မှာရှာကြည့်ရမလဲ မသိပါ။ MEC publication website မှာလဲ NESP final draft ကိုဒေါင်းလုပ်ဖို့ မတွေ့ပါ။ ဧရာမအဖွဲ့အစည်းကြီးဖြစ်တဲ့အတွက် မြန်မာပညာရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ပညာရေးဝန်ထမ်းများအားလုံး မင်ဘာဝင်ပြီး ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ၂၂၆ ဦးဝိစာရလမ်း ရန်ကုန်၊ 01375739 ext 516, 01375479 ext 516 01375791 ext 516, email info@myanmareducationconsortium.org
.
.
နိဂုံး ...
ဒါကြောင့် စာရိတ္တပညာသာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယန်ဘုရားကျောင်းများ၊ ကို အများကြီး ကျေးဇူးတင်ပြီး အစိုးရအပြင်၊ ပုဂ္ဂလိက တဦးချင်းကပါ ပံ့ပိုးရမှာ ဖြစ်ကြောင်း သင်ခန်းစာတခု ရပါတယ်။
.
ရန်ကုန်ဆေးရုံကြီးမှာ ဆရာမကြီးရဲ့ မိခင်ကြီးအသက်၈၅နှစ်အရွယ်မှာ အရေးပေါ်ဆေးရုံတင်ချိန် ကြည့်ရှုပြုစုတုန်း မေးမြန်းခြင်းဖြစ်ပါတယ်။
.
ဇော်အောင်
၆-မတ်-၂၀၁၇